ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
(ဒဂုန်တာယာ)
၁၉၄၇. သြဂုတ်လ
လွှတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ
ပိတ်ထားသည်ကို တွေ့ရသည်။
သက္ကလပ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နုရုံးခန်းကို ကျော်၍
ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး
အစိမ်း
ပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေနှစ်ယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလို
စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေကြသည်ဟု အောက်မေ့
လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား"ဦးသိန်းဟန် ရှိသလား"ဟု မေးသည်။
'ရှိပါတယ်ခင်ဗျ 'ဟု ခပ်တိုးတိုး သာသာအေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေ
ကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ
တံခါးဝတွင်ရပ်ကာ
ရုံးစေဘက်သို့ တဖန်လှည့်၍ "အထဲမှာ အစည်းအဝေး လုပ်နေသလား"ဟု မေး
ရသည်။ ရုံးစေသည် ဘာမှမပြောပဲ အသာအယာစေ့ထားသော
တံခါးကို ဖွင့်ပေး
သည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကို
ထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။
စေ့ထားသော
ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း
ပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေး
အရာရှိ ဝတ်လုံဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။ ဇော်ဂျီသည် ကျွန်
တော်ဝင်လာသည်ကို မြင်သောအခါ
ဆိတ်ဆိတ်ပင် စကားမဟပဲ ထိုင်ရန် ကုလားထိုင်ကို
သာ လက်ဖြင့်ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှား ဆူညံ၍နေတတ်သော
အတွင်းဝန်များရုံးသည် ဘာကြောင့်
ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို
အံ့သြလျက်ရှိသည်။
အတန်ကြာ ဆိတ်ငြိမ်နေရာမှ"အားလုံးတော့ ဒုက္ခ
ဖြစ်ကုန်ပြီ"ဟု ဇော်ဂျီက တိုးတိုးညည်း
လေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ
သူက အကဲခတ်မိ၍
နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲဖြစ်သွားသည်။
"လက်ဖက်ရည်ဆိုင် သွားရအောင်"
မိုးဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျွန်တော်က မနေနိုင်၍
"ဘာဖြစ်လို့လဲ ဆရာ" ဟု မေးမိသည်။
"မင်း မကြားသေးဘူးလား" ဟု ဇော်ဂျီက အံ့သြနေသည်။
"ဟင့်အင်း …ကျွန်တော်အခုပဲ ဘတ်စကားပေါ်က ဆင်းပြီး
ရုံးကို တန်းလာတာ"
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖေါင်းကို ဝတ်ဆင်ထား
သော လက်နက်ကိုင် လူ ၄ ယောက်သည် အလယ်ဆင်ဝင်အောက်မှ
တက်လာကာ
ဦးအောင်ဆန်း ရုံးခန်းတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော
အမှု
ဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရပဲ ဂျစ်ကား
ဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော် မရောက်မီ ၁.နာရီ ကျော်ကျော်ခန့်က
ဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။
အသားများ တဆတ်ဆတ် တုန်လာသည်။ အတွင်းဝန်ရုံး လဘက်ရည်ဆိုင်ထဲတွင်ကား
စာရေးစာချီစသော
ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စား
သောက်နေကြသည်။ တခြားစားပွဲရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့်ကလေးကို လှမ်း၍ နှုတ်ဆက်လိုက်သည်။
သူသည် ခပ်အေးအေး ခပ်တွေတွေပင်
လဘက်ရည်ကို သောက်နေသည်။
"အင်မတန် နှမြောဘို့ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့
နိုင်ငံရေး
လုပ်ကြံမှုပဲ" စသည်ဖြင့် လူတချို့သည် ညည်းတွားလက်ရှိကြသည်။
ဇော်ဂျီက " အမျိုးသား ပျက်စီးခြင်း တရပ်ပဲ" ဟု တသသ
ပြောသည်။
"ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမဲ့
ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက်မှာတောင် အသိစာရေး
တယောက်နဲ့
တွေ့သားပဲ။ သူကလဲ ဘာမှမပြောဘူး"
"လူတွေဟာ မပြောရက်ကြဘူး" ဟု ဇော်ဂျီက
ဆိုလေသည်။
လဘက်ရည်သောက်နေစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍
"ဘယ့်နဲ့လဲ" ဟု
ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းကြသည်။
သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု
ပြောသည်။ သူ၏အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
" ဗိုလ်ချုပ်ကော" ဟု တယောက်က တိုးတိုးမေးသည်။
" မျက်နှာကို အဝတ်ဖြူနဲ့ ဖုံးထားတယ်"
ကျွန်တော်လည်း ကြာကြာမနေနိုင်ပဲ ဂျူဒါအီစကယ်လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်
လမ်းသို့
ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။
လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊
အချို့ ထီးမပါဘဲ၊ အချို့ ပလက်ဖေါင်းပေါ်တွင်
ရပ်ကာ အတွန်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့်တရုတ်လည်းပါသည်။
လူတယောက်က ကျွန်တော်၏ လက်မောင်းကို ဆွဲကိုင်၍ " ဒီမယ် ခုနက ဝန်ကြီးတွေ
သေနတ်ပစ်ခံရတယ်
ကြားတယ်။ ဟုတ်သလား ခင်ဗျာ"ဟုမေးသည်။
သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
"ဟုတ်ကဲ့" ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော
ဒေါင်းတံဆိပ်ကားကို
တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့
ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက" ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှဖြစ်ရလေ" ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား
"ဗိုလ်ချုပ် အသက်ရှင်ပါစေတော်"ဟု ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို "မပြောကြနဲ့၊ မပြောကြနဲ့"ဟု အသာလက်ကုတ်၍
တီးတိုးတားမြစ်ကြသည်။
သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက " အားကီး ရက်စက်တာပဲ"ဟု ကျွန်တော့်
ဘက်သို့ လှည့်၍
ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စကားဒရိုင်ဘာ
သည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထား
လေပြီ။ သတင်းသည် တမဟုတ်ချင်း ပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား
ခပ်မြန်မြန်
သွားလာနေကြသည်။
ကားပေါ်မှဆင်း၍ လမ်းထဲသို့ ဝင်သောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ
ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။
မိုးသည် မစဲပဲ ရွာလျက်ပင်။
.
လူတို့သည် " ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ" ဟု တတွတ်တွတ် မြည်တမ်းရင်းပင်
ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ
ကြားရလေပြီ။ မည်သူ့မျက်နှာကြည့်ကြည့်
မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။
လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ "ကျုပ်တို့တော့
ထမင်းလဲ မချက်တော့
ဘူး။ စားချင်စိတ်လဲ မရှိတော့ပါဘူးရှင်"ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
.
နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။
အိမ်သားများ ဆုံတိုင်း
နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊
ညီးညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မဲနေသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။
နေ့ခင်းကဟာ
အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍ နေသည်။
ရှဲကနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။
တရေးနိုး ဆုံလျှင် "ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်"ဟု အိပ်ချင်သံနှင့် ဆိုကြသည်။
တရေးနိုးတိုင်း
သတိရလျက်ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။
သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်
ထိုညကို လွန်မြောက်ရသည်။