Tuesday, July 1, 2014

ဒုက္ခသည်စခန်း ပိတ်သိမ်းတော့မည်ဖြစ်၍ မူလနေရာ ပြန်သွားရန် အခက်အခဲရှိနေဟုဆို 

 

မိတ္ထီလာမြို့ မင်္ဂလာဇေရုံရပ်ကွက် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူများထားရှိသော ယင်းတော်စခန်းမှာ ပိတ်သိမ်းတော့မည်ဖြစ်သော်လည်း မီးဘေးသင့်ခံရသော မွတ်စလင်ဒုက္ခသည်များမှာ မူလနေရာများကို ပြန်သွားရန် အခက်အခဲရှိကြောင်း အဆိုပါစခန်း နေထိုင်သူများက ပြောသည်။
“မောင်းထုတ်တယ်၊ ရပ်ကွက်လူကြီး ကိုယ်တိုင်က မောင်းထုတ်တာ။ ကျွန်မတို့က ပစ္စည်းကျန်တာလေးတွေ သွားသယ်တယ်။ ဒါကို လုံးဝမလာရဘူးဆိုပြီး ပြောလွှတ်တာမျိုးတွေ ခံရတယ်။ ခုစခန်းက ပိတ်တော့မယ်ဆိုတော့ ကျွန်မတို့နေရာလည်း ပြန်မရသေးဘူးဆိုရင် အများကြီးအခက်အခဲဖြစ်လာမှာ၊ ကြုံသလို ကြည့်လုပ်ရမှာပါပဲ”ဟု ၎င်းက ပြောကြားသည်။
အဆိုပါစခန်းအတွင်း နေထိုင်နေသူအမျိုးသမီးတစ်ဦးကတော့ သူမတို့အနေဖြင့် မူလရပ်ကွက်အတွင်းသို့ ပြန်လည်သွားရောက်ရန်မှာ မဖြစ်နိုင်တော့ကြောင်း၊ ယနေ့အချိန်ထိ ခွဲခြားဆက်ဆံခံရတုန်းဖြစ်ကြောင်း၊ မြေယာများကို ချထားပေးရန် မြေစာရင်းဌာနရှိ စာရင်းများရယူကာ တင်ပြထားရှိသော်လည်း ချထားပေးမှု မရှိသေးကြောင်း ဆက်လက်ပြောသည်။
အဆိုပါ ဖြစ်စဉ်များဖြစ်ပေါ်နေခြင်းအတွက် သက်ဆိုင်ရာနယ်မြေ အထွေထွေအုပ်ချုပ်မှုဦးစီးဌာနသို့ မြေယာစာရင်းများကို ပြသ၍ မြေယာပြန်လည်ရယူကာ ကန့်ကွက်နေမှုများရှိလျှင် ဖြေရှင်းပေးနိုင်ရန် တင်ပြသွားရန်ရှိသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ထို့ကိစ္စအပြင် ဒုက္ခသည်များအား လက်ခံထားရှိသည့် ယင်းတော်စခန်းမှာ ပိတ်သိမ်းတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့၍ ယင်းတော်စခန်းတာဝန်ရှိသူအား မေးမြန်းကြည့်ရာတွင်လည်း စခန်းပိတ်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်းကိုလည်း ယင်းစခန်းတာဝန်ခံက ပြောကြားသည်။
“စခန်းထဲက လူတွေကို အပြင်ထွက် အလုပ်လုပ်ကြဖို့လည်း ပြောထားပါတယ်။ တချို့ထွက်လုပ်နေကြပါပြီ။ နေရာတွေလည်း ပြန်ရတဲ့သူတွေလည်း ရှိနေပြီ။ နောက်ပြီး ခုလို စခန်းပိတ်တာကလည်း ကျွန်တော်တို့လည်း ပင်ပန်းလာပြီဖြစ်သလို အလှူရှင်တွေဘက်ကလည်း လှူနိုင်တဲ့ အားကုန်နေပြီဖြစ်လို့ပါ”ဟု ၎င်းက ပြောကြားသည်။
ယင်းအပြင် မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် မီးလောင်မှုကြောင့် နေရာဆုံးရှုံးခဲ့သူများမှာ မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရှိနေပြီဖြစ်သော်လည်း အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း မိတ္ထီလာမြို့မှ ဦးဆန်းဝင်းရှိန်က ပြောသည်။
“အခုသီရိမင်္ဂလာရပ်ကွက်ကိုတော့ ပြန်နေထိုင်ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့ ဘာပြဿနာဖြစ်နေလဲဆိုတော့ အိမ်ပြန်ဆောက်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်။ မီးလောင်တဲ့အချိန်က လူတွေအကုန်လုံးဟာ အသက်လုပြီး ထွက်ပြေးနေရလို့ ဘာမှ မပါသွားကြဘူး”ဟု ၎င်းက ပြောသည်။
သီရိမင်္ဂလာရပ်ကွက်တွင် တည်ဆောက် ခွင့်ပြုလိုက်သည့်အတွက် ယခုအခါ အလှူရှင်ပေါ်ပေါက်လာသဖြင့် မိသားစုလေးဆယ်အတွက် ၁၅ ပေပတ်လည်၊ အခန်း ၄၀ ကို ဇွန် ၃၀ရက်တွင် ပန္နက်တင်၍ စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာလူမျိုးများအတွက် မြတ်နိုးပီတိအဖွဲ့မှ တည်ဆောက်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်းကို မိတ္ထီလာမြို့ရှိ တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းက ပြောသည်။

 Written by  မျိုးသန့်

ဘင်္ဂါလီအရေး ကိုင်တွယ်ရန် ပြည်နယ်အစိုးရတွင် အဖြေမရှိ 

 


 

 

 

 

ရခိုင်ပြည်နယ်တွင် ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်မည်ဖြစ်သော်လည်း စစ်ဆေးမှု ပြီးစီးပါက ရခိုင်ပြည်နယ်တွင် နေထိုင်သော တရားမ၀င်ဘင်္ဂါလီများကို မည်သို့ဆောင်ရွက်မည်ကို ညှိနှိုင်းဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက မဇ်္ဈိမကို ပြောသည်။
ရခိုင်အင်အားစုများက ၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေကို အကောင်အထည်ဖော်ပြီးနောက် ဒေသတွင်းရှိ ဘင်္ဂါလီလူမျိုးစုများ အနက်မှာ နိုင်ငံသားဖြစ်ခွင့် မရှိသူများကို မည်သို့မည်ပုံထားရှိမည်ကို မေးမြန်းရာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“စိစစ်ခြင်း ကိစ္စတွေ၊ ဘင်္ဂါလီဒုက္ခသည် စခန်းတွေမှာ ပြန်လည်နေရာချထားရေးတွေ ကိစ္စတွေကို ညှိနှိုင်းဆဲ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်မောင်မောင်အုန်းက ဖြေကြား ခဲ့သည်။
၁၉၈၂ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ စိစစ်ခြင်းကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိပြီး မြေပုံမြို့နယ် ဒုက္ခသည်စခန်းမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေစိစစ်ခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက “စစ်တာတော့ဟုတ်တယ်၊ စစ်ဆေးပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါပေမဲ့ ဥပဒေနဲ့မညီညွတ်သူတွေကို ဥပဒေအတိုင်းပဲ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု မဇ်္ဈိမကို ပြောသည်။
မြေပုံမြို့ ဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်မှုအရ လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် ဖြစ်ခွင့်မရှိသူ အရေအတွက်တို့ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ စိစစ်မှုအတွက် လက်ခံသည့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၇၀၀ ခန့် ရောက်ရှိပြီဟုသာ မြေပုံမြို့ နိုင်ငံသားစိစစ်ရေး ကော်မတီဝင် ဦးမောင်ရေချမ်းက မဇ္ဈိမကို ပြောသည်။
ရခိုင်အင်အားစုများကမူ နိုင်ငံသား ဖြစ်ခွင့်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို လွတ်လပ်စွာ သွားလာခွင့်ပေးသင့်သည်ဟု ဆိုသည်။ စစ်တွေ၊ ကျောက်ဖြူ ဘင်္ဂါလီဒုက္ခသည်စခန်းရှိ ဘင်္ဂါလီလူမျိုးစုများကမူ ထိုသို့ ကြန့်ကြာခြင်းကြောင့် နိုင်ငံသားဖြစ်နိုင်ခြေ အခွင့်အရေးရှိသူများ အခွင့်အရေးဆုံးရှုံးနိုင်သည်ဟု ဆိုသည်။
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေသဖြင့် နှစ်ဖက်အဖွဲ့အစည်းက ကျေနပ်အားရခြင်း မရှိဟု ဆိုသည်။ နိုင်ငံသား စိစစ်ခြင်းကို မြေပုံမြို့ လူဦးရေ ၃,၀၁၀ ဦးရှိ တောင်ပေါ် ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဇွန်လ ၁၅ ရက်က စတင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀ သိန်းကျော်ရှိသည်။ ယခုဆောင်ရွက်နေသည့် စိစစ်မှုတွင် ရိုဟင်ဂျာဟု ခံယူသူများ အကျုံးမ၀င်ပေ။

 Written by  ကေဇူး-Mizzima news


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့နယ်သုံးခုတိုးပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးလုပ်သင့်ဟု တပ်မတော်သားအမတ် ဆွေးနွေး 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် မိုင် ၈၀ ရှည်လျားသည့်အတွက် မြို့နယ် သုံးခုအဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်လျှင် အုပ်ချုပ်ရေးမှာ ယခုထက် ပိုမိုကောင်းမွန်လာပြီး လုံခြုံရေးကို အနီးကပ် အမြန်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇ၀နက မဇ္ဈိမကို ပြောသည်။
မိုင် ၈၀ ရှည်လျားသည့် နယ်စပ်ဒေသကို မောင်တောမြို့နယ် တစ်ခုတည်းကပဲ အုပ်ချုပ်သည့်အတွက် တောင်မြောက်အလွန် ရှည်လျားသောကြောင့် ဆက်သွယ်ရေး ကြန့်ကြာပြီး အုပ်ချုပ်ရေးမှာလည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ရသည်ဟု ၎င်းက အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်တွင် ဆွေးနွေးသည်။
“တစ်ခုတည်းကနေသွားတော့ ချက်ချင်းမရောက်နိုင်ဘူး။ နောက်ဒေသလုံခြုံမှုလည်း မရှိဘူး။ မြို့နယ်တွေ တိုးချဲ့လိုက်ရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ရုံးဆိုက်လာမယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ဆက်သွယ်ရမြန်သလို ချက်ချင်းသွားပြီး ဆောင်ရွက်နိုင်တယ်”ဟု ဗိုလ်မှူးဇ၀နက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများ နေပျော်လာအောင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အခြေအနေအရပ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုဆွေးနွေးရာတွင် မောင်တောမြို့နယ်၊ တောင်ပြိုမြို့နယ်၊ အင်းဒင်မြို့နယ်အဖြစ် သုံးခုသာ တိုးချဲ့နိုင်မည်ဆိုလျှင် မြို့နယ် အဆင့်ရုံးများ ဆိုက်ရောက်လာမည်ဟု ဆွေးနွေးသည်။
“ဘယ်လောက်ပင် ကောင်းအောင် ပြုပြင်ပေးနေပေးနေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းနေကောင်းနေ အဓိကတော့ ဒေသတည်ငြိမ်ရေးပဲ ဖြစ်တယ်ဆိုတာ အားလုံးလက်ခံရမှာဖြစ်တယ်”ဟု ဗိုလ်မှူးဇ၀နက ဆွေးနွေးသည်။
လက်ရှိအချိန်တွင် မောင်တောနယ်စပ် ၌ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများကို အပြီးဆောင်ရွက်နိုင်ရန် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ အဆိုပါ ခြံစည်းရိုး တည်ဆောက်နေချိန်တွင် စစ်မြေပြင် တပ်ရင်းမှ တပ်ဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။
တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံတွင် ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် ဆွေးနွေးခဲ့ကြသည်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ကောင်းပါတယ်။ ဒီကိစ္စက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်”ဟု မှတ်ချက်ပြုပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနရှိ အဆင်မြင့် အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများသည် ပထမဆုံးအကြိမ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကို ယခုထက်ပိုမိုဆောင်ရွက်ပြီး တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းကာ သဘောတူညီချက်များလည်း ထုတ်ပြန်နိုင်ခဲ့သည်။

 Written by  မောင်သင်တုန်း


ရခိုင်သွေး စီးဝင်နေသည်ဆိုသည့် ၀န်ကြီးချုပ်နှင့် မေးမြန်းခြင်း

 

ဗိုလ်ချုပ်မောင်မောင်အုန်းကို လွှတ်တော်က အတည်မပြုမီ ရခိုင်တိုင်းရင်းသား အမတ်များက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား ဖြစ်ရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဇွန် ၃၀ က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်မှုမရှိဘဲ ၀န်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းအား မဇ္ဈိမ၏ မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး သမ္မတရဲ့ သီးသန့် လမ်းညွှန်ချက်တွေရှိလား။
သမ္မတကြီးကတော့ ကျန်တဲ့ တစ်နှစ်ခွဲမှာ ရခိုင်ပြည်နယ်ကြီးကို တည်ငြိမ်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေလည်း လျော့ပါးပြီးတော့မှ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အသေးစိတ်မှာပါတယ်။ အဓိက အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ် ဆောင်ရွက်ဖို့မှာပါတယ်။
ဝန်ကြီးချုပ်အဖြစ် မကြည့်ဘဲ အပြင်က ကြည့်ရင် ရခိုင်ပြဿနာကို ဘယ်လိုမြင်လဲ။
ရခိုင်ပြည်နယ်ဟာ ပဋိပက္ခတွေဖြစ်ပြီးတော့ တိုးတက်မှုတွေ နှောင့်နှေးခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်အထိ ရောက်ခဲ့ရတယ်ပေါ့နော်။ ဒီတော့ အဓိကဖြစ်တဲ့ ပြဿနာက ဒီအမွေဆိုးကြီးပေါ့၊ ဖြစ်ပေါ်နေတဲ့ဟာတွေကတော့ အရင်အစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့တာပဲ။ ဒီအစိုးရလက်ထက်မှာဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရဆိုတာ တာဝန်ရှိတယ်။ တာဝန်ရှိတော့ လုပ်ရမယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရလည်း ဒီကိစ္စကြီးကို ဖြေရှင်းရမယ်၊ လျော့ပါးအောင်လုပ်ရမယ်။ နောင်တက်လာမယ့် အစိုးရတွေလည်း ရှိတာပေါ့နော်။ ၂၀၁၅ ဆိုလည်း ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ဦးဆောင်တဲ့ ၀န်ကြီးချုပ်တွေ၊ အစိုးရတွေ ဖြစ်ပြီးတော့မှ အစိုးရတက်လာရင်လည်း ဒီပြဿနာကြီးကို ဒီအတိုင်း ထိုးမပေးချင်ဘူး။ ရခိုင်တိုင်းရင်းသားတွေရဲ့ အဓိက လိုလားချက်ကလည်း မျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို လိုလားတာပဲ။ ဆိုတော့ ဒီနေ့ကိုယ်တို့ ပြည်နယ်အစိုးရက ထဲထဲဝင်ဝင်နဲ့ ဘာပဲလုပ်လုပ်၊ ဘာပဲကိုင်ကိုင် ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကို အလေးထားပြီးတော့မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ရခိုင်ဒေသက တည်ငြိမ်တိုးတက်လာမယ်လို့ မြင်ပါတယ်။
သမ္မတက ဟယ်ရီကော်ပတာတစ်စင်းကိုလည်း ပေးအပ်ထားတယ်ဆို။
(ရယ်လျက်) ကျွန်တော့်ကို ဘယ်သူမှလည်း ရဟတ်ယာဉ် မပေးပါဘူး။ အဲဒီလောက်ထိလည်း ရခိုင်ဒေသမှာ အရေးတကြီးကိစ္စတွေ လတ်တလော မရှိပါဘူး။ သို့သော်လည်း လုံခြုံရေးကိစ္စလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေ ရှိတာပေါ့နော်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ရောက်ရောက်ချင်းမှာ ရခိုင်ပြည်နယ်မှာလည်း သွားရေးလာရေးတွေ ခက်ခဲတဲ့အခါကျတော့ နေရာအားလုံးကို တိုတိုနဲ့ အချိန်တိုအတွင်းမှာ ရောက်နိုင်အောင်ဆိုပြီး လိုအပ်လို့ရှိရင် တိုင်းမှူးနဲ့ ပူးတွဲပြီးတော့မှ ရာသီဥတုအပေါ်မူတည်ပြီး လိုအပ်ရင် သုံးဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ ပေးလည်း ပေးမထားပါဘူး။
ဝန်ကြီးချုပ်အနေနဲ့ တပ်မတော်က နုတ်ထွက်ခဲ့ပြီးပြီလား။ ဒါမှမဟုတ် တပ်မတော်သား တစ်ဦးအနေနဲ့ပဲ ရခိုင်ပြည်နယ်ကို ဆက်လက်အုပ်ချုပ်သွားမလား။
အဲဒါကတော့ ပွင့်ပွင့်လင်းလင်းနဲ့ လိုရင်းပြောရရင်တော့ ကရင်ပြည်နယ် ဦးဇော်မင်းပုံစံအတိုင်း လက်ရှိ ကျွန်တော် ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်က ယနေ့တပ်မတော်သားအဖြစ်နဲ့ပဲ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ပြီးတော့ နိုင်ငံတော်က လိုအပ်လာတဲ့အချိန် ကျရင် လိုအပ်သလို ညွှန်ကြားတဲ့အတိုင်း ကျွန်တော် ဆောင်ရွက်သွားရမှာပါ။
ဘယ်ပြဿနာကို အရင်ဆုံးဖြေရှင်းဖို့ရှိလဲ။
ကျွန်တော် တစ်ချက် ပြောချင်တာက ကျွန်တော် ၀န်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်တဲ့အနေနဲ့ စီမံထားတာတစ်ခု ရှိတယ်။ အဲဒါက ရခိုင်မှာ ၁၀ ယူနစ် အခြေခံပဲ မီးရတာ အခု ယူနစ် ၂၀ ထိပေါ့နော်။ နိုင်ငံတော်ကတော့ ယူနစ် ၂၀ ကို ပေးပြီးသား။ သို့သော်လည်း ယနေ့ ရခိုင်ပြည်နယ်မှာက မီးလင်းရေးအဖွဲ့နဲ့ ၀န်ကြီးဌာန ညှိနှိုင်းတဲ့အခါကျတော့ ၁၀ ယူနစ်ကနေ နောက် ၁၀ ယူနစ်တိုးတဲ့အခါမှာ မတိုးဘဲနဲ့ လျှော့ချခဲ့တယ်။ အရင်တုန်းက မီတာခတွေက ၄၆၀ ချပစ်လိုက်တယ်။ နောက်ဝန်ဆောင်ခ ၁,၅၀၀ မကောက်တော့ဘူး။ အဲဒီမှာ လိုက်တဲ့အခါကျတော့ ယူနစ် ၂၀ ပေးပေမယ့် ၁၀ ယူနစ်ပဲရသလို သွားဖြစ်နေတာပေါ့နော်။ ဆိုတော့ ယနေ့ ကျွန်တော် ၀န်ကြီးချုပ်စတင်ဖြစ်တဲ့ ဒီချိန်မှာပဲ ပြည်နယ်အစိုးရနဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီးတော့မှ ယူနစ် ၂၀ လုံးလုံး တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ ပေးမယ်ဆိုရင် တစ်လကို ယူနစ် ၂၀ သုံးမယ်ဆိုရင် ငွေ ၇၀၀ ပဲကုန်မှာပေါ့။ ဒါဖြစ်အောင်လို့ ကျွန်တော် လျှပ်စစ်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။
ဝန်ကြီးချုပ် စတင်ဖြစ်တဲ့နေ့မှာ ရခိုင်ပြည်သူလူထုကို ပြောချင်တဲ့စကားများ ရှိလား။
ရခိုင်မိဘပြည်သူများကို ကျွန်တော် သတင်းစကားပါးချင်တာက ကျွန်တော်သည် ရခိုင်တိုင်းရင်းသား တစ်ယောက်တော့ မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်တော် ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ နေလာတာဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသား တစ်ယောက်လိုပဲ အားလုံးကို သိပါတယ်။ ရခိုင်တိုင်းရင်းသားများ ခံစားနေရတဲ့ခံစားမှုအတိုင်း ကျွန်တော် ခံစားရပါတယ်။
ပြောရရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာလည်း ရခိုင်သွေးတွေ စီးဆင်းနေတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒီတော့ ကျွန်တော် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ကာလမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အဓိကထားပြီးတော့မှ ရခိုင်တိုင်းရင်းသားများရဲ့အမျိုးသား အကျိုးစီးပွားကို အတတ်နိုင်ဆုံး နိုင်ငံတော်အဆင့် ထဲထဲဝင်ဝင် ဆောင်ရွက်သွားပါမယ်။

သရေခေတ္တရာရှေးဟောင်းဇုန်တွင် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ပါက ဥပဒေအရ အရေးယူမည်

 

သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က သတ်မှတ်ခဲ့ပြီးနောက် စီးပွားရေးသမားများက စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တိုးချဲ့ရန် စီစဉ်နေခြင်းကြောင့် ထိုကဲ့သို့ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သရေခေတ္တရာ ရှေးဟောင်းလုပ်ငန်းအဖွဲ့ ဒု-ညွှန်ကြားရေး မှူး ဦးအောင်အောင်ကျော်က မဇ္ဈိမကို ဇွန်လ ၃၀ ရက်တွင် ပြောသည်။
“ရှေးဟောင်း ယဉ်ကျေးမှုဇုန်ထဲမှာ တစ်ခုခုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ ယဉ်ကျေးမှုဇုန် တာဝန်ရှိ သူတွေ ဆီကခွင့်ပြု ချက် တောင်းရမယ်။ ခွင့်ပြုချက်ရတယ်ဆို ရင်တောင် လုပ်ချင်တိုင်း လုပ်လို့မရဘူး။အဆောက် အအုံတိုးချဲ့တာ၊ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်တာနဲ့ မူရင်းအဆောက်အအုံကို ဖျက်ပြီး အ သစ်ဆောက်တာတွေကို ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၈ နဲ့ ၁၉ အရ အရေးယူသွားမယ်”ဟု ၎င်းကပြောသည်။ ထိုသို့ အရေးယူမည့် အကြောင်းကိုလည်း မီဒီယာ များတွင် ထုတ် ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
သရေခေတ္တရာဇုန်အတွင်း ကျေးရွာပေါင်း ၁၇ ရွာရှိပြီး ယူနက်စကိုက ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးလုပ်ရန် မြေကွက်လိုက်လံဝယ်ယူ မှုများရှိ နေကြောင်း သိရသည်။
“ယဉ်ကျေးမှုဇုန်ထဲမှာ စီးပွားရေးလုပ်ဖို့ လိုက်ဝယ်နေသူတွေရှိတယ်။ မြေဈေးတွေ တက်တာကလည်း ကြမ်းတယ်။ အရင်က ၂၅ သိန်းတန်တဲ့ မြေကွက်ဆို သိန်း ၁၀၀ လောက်ခေါ်ကြတယ်။ တချို့ဆိုရင် သိန်း ကို သောင်းနဲ့ချီပြီး ခေါ်နေကြတယ်။ မြေ ဈေးတွေတော့ တော်တော်တက်သွားတယ်” ဟု ဒေသခံ ဦးခင်မောင်ဝင်းက ဆိုသည်။
သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း ဥပဒေနှင့်မကိုက်ညီ သောလုပ်ရပ်များ လုပ်ဆောင်ခြင်း တွေ့ရှိ ရပါက ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေအရ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပုဒ်မခွဲ(က)နှင့် (ခ)အရ စွဲဆိုမည် ဖြစ်ရာ ငွေဒဏ် ငါးသောင်းကျပ်ဖြစ်စေ၊ ထောင်ဒဏ် ငါးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံရမည်ဖြစ်သည်။
ယူနက်စကိုက မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့ သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို “ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်နေရာများ”အဖြစ် ဇွန်လ ၂၂ ရက်က အသိအမှတ်ပြုခဲ့သည်။ပျူမြို့များမှာ ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ အကြား နှစ်ပေါင်း ၁,၀၀၀ ကျော် တည်ရှိခဲ့ သော မြို့များဖြစ်သည်။

 Written by  ဖိုးစိုးသူ

လူရွှင်တော်အသင်းပိုင် သပြေခြံတွင် မိဘဆပ်စေတီ တည်မည့် ဒိန်းဒေါင်

Written by  မြင့်မြင့်စိုး 

မြောက်ဒဂုံ ၄၈ ရပ်ကွက်ရှိ လူရွှင်တော်အသင်းသို့ ဒိန်းဒေါင် လှူဒါန်းထားသော သပြေခြံတွင် မိဘဆပ် စေတီဟု အမည်ပေးထားသော စေတီတစ်ဆူ တည်ထား ကိုးကွယ်နိုင်ရန် စီစဉ်နေသည်ဟု ဒိန်းဒေါင်က မဇ္ဈိမသို့ ပြောသည်။
ယင်းစေတီကို ဒိန်းဒေါင် ကိုးကွယ်သော ဘုန်းကြီး တစ်ပါးမှ ကျပ်သိန်း ၅ဝ ၊ ဒိန်းဒေါင်မှ ကျပ်သိန်း ၅ဝ၊ လူရွှင်တော် ခင်လှိုင်မှ ကျပ်သိန်း ၅ဝ စီ စတင် မတည်ကာ တည်ထား ကိုးကွယ် သွားမည်ဖြစ်သည်။
"ကျွန်တော် သိမ်လည်း လှူ ဖူးတယ်။ ဘုရားတည်တာရယ်၊ သိမ်လှူ တာရယ် မိဘမဲ့ကလေးတွေ ရှင်ပြုပေးတာရယ် ဝါသနာပါတယ်။ သိမ်လည်းလှူ ဖူးသွားပြီ။ ဘုရားကတော့ ကျွန်တော်မတည်ရသေးဘူး။ အဲဒီတော့ လူရွှင်တော်တွေ အသက်ကြီးရင်နေဖို့ ကျွန်တော်လှူ ထားတဲ့ မြောက်ဒဂုံက သပြေခြံထဲမှာ ဘုရားတည် ဖို့ရှိတယ်။ စေတီနာမည်က မိဘဆပ်စေတီ အခုတည်နေပြီ။" ဟု ဒိန်းဒေါင်ကပြောသည်။
မိဘဆပ် စေတီတော်မှာ ဥာဏ်တော် အမြင့် ၂၇ ပေရှိပြီး လှိုဏ်ဂူပုံစံမျိုး တည်ထား ကိုးကွယ်မှာဖြစ်သည်။ မိဘဆပ် စေတီတော် တည်ထား ကိုးကွယ်နိုင်ရန် အတွက် တည်ထား ကိုးကွယ်မည့် မြေနေရာ သန့်စင်ခြင်းလုပ်ငန်း ကို ဝါဆိုလပြည့်နေ့တွင် လုပ်ဆောင် သွားမည်ဖြစ်သည်။

ရန်ကင်းခေါင်းဖြတ်လူသတ်မှု အပြီးသတ် လျှောက်လဲချက်ကြားနာပြီး အမိန့်ချမည်

Written by  ကျော်စိုးမိုး 

ရန်ကင်းခေါင်းဖြတ် လူသတ်မှု နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ကို လာမည့် ဇူလိုင်လ ၁၀ ရက်တွင် ကြားနာပြီးပါက အမိန့်ချမှတ်နိုင်မည်ဟု အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၄) ဦးငြိမ်းမြင့်က ဇွန်လ ၃၀ ရက် ရုံး ချိန်းတွင် ပြောသည်။
“လာမယ့်ရုံးချိန်းကျရင် တရားလိုတရားခံ နှစ်ဖက်ရဲ့ အပြီးသတ်လျှောက်လဲချက်တွေကို ကြားနာမယ်ပြီး နောက်တစ်ခေါက် ရုံးချိန်းကျရင်အမိန့်ချမှတ်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ဇွန်လ ၃၀ ရက် ရုံးချိန်းတွင် လူသတ်မှုကျူးလွန်သူ ချစ်ပို(ခ)ဝေယံဖြိုးနှင့် ပြန်ခေါ်သက်သေတစ်ဦးဖြစ်သည့် မူတူး(ခ)မောင်မောင်သိန်းတို့ကို စစ်ဆေးခဲ့ပြီး ချစ်ပိုက မိမိသည် လူသတ်မိခဲ့သော်လည်း သေစေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့်ကျူးလွန်ခဲ့ခြင်းမဟုတ်ဘဲ လက်လွန်သွားခြင်းကြောင့်ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
“ကျွန်တော်သတ်တာမှန်ပေမယ့် သူ့သေကိုသေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပါဘူး။ အဲ့ဒီအ ချိန်က ဘာကိုမှမမြင်ဘဲဒေါသအလျောက်လုပ်လိုက်မိတာပါ”ဟု ချစ်ပိုက တရားရုံးတွင်တွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့သောရုံးချိန်းတွင်မူ တရားသူကြီးဦးငြိမ်းမြင့်က ချစ်ပိုကို ပြစ်မှုပုဒ်မ ၃၀၂(၁)(ခ)တရားစွဲဆိုပြီး အဆိုပါပုဒ်မသည် သေစေလိုသည့် ရည်ရွယ်ချက်ဖြင့်ကျူးလွန်သည့်အတွက် စွဲ ချက်ဖြစ်ကာ ပြစ်ဒဏ်အဖြစ်သေဒဏ်မှလွဲ၍ မည်သည့်ပြစ်ဒဏ်မှချမှတ်၍မရ၊ ငြင်းလိုက ငြင်းနိုင်သည်ဟု ချစ်ပိုကို သုံးကြိမ်တိုင်တိုင် မေးမြန်းခဲ့သော်လည်း ၎င်းက ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့သည်။
သေဆုံသူ ကိုမင်းမင်းဦး၏ မိသားစုဝင်တစ်ဦးက “လူတစ်ယောက်ရဲ့ခေါင်းကို ပြတ်လုနီးနီးထိ ခုတ်သတ် တာကိုကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်ရှိမရှိဆိုတာသိသာပါတယ်။ အမှုကို အမျှတဆုံးစီရင်ချက်ချ ပေးပါ လို့ပဲ ပြောချင်ပါတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့်မတ်လ ၁၅ ရက်က ရန်ကင်းမြို့နယ်၊ မေတ္တာရိပ်သာလမ်းပေါ်တွင် ချစ်ပို(ခ)ဝေယံဖြိုးက ကိုမင်းမင်းဦး၏ လည်ပင်းကိုဓားဖြင့်ခုတ်ကာ သတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အမှုမှန်အမြန်ဆုံးပေါ် ပေါက်စေရေးအတွက် ရန်ကင်းမြို့နယ်နေ ပြည်သူများက မတ်လ ၂၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဘုန်းတော်ကြီးသင် ကျောင်းများအတွက် ထောက်ပံ့ကြေးနှင့် လစာ အစိုးရပေးမည်

Written by  ဇာနည်အောင် 

 

ပညာရေးသင်ကြားရန်ခက်ခဲသည့် တိုင်းရင်းသားဒေသ၊ ဝေးလံခေါင်သီဒေသများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သည့် ကလေးများကို ပညာသင်ကြားပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ထိုက်သင့်သော ကျောင်းထောက်ပံ့ကြေးနှင့် ထိုကျောင်းများမှ ဆရာ၊ဆရာမများအတွက် လစာထောက်ပံ့ကြေးများကို၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် စတင်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။
လက်ရှိဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)များကို ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ပညာသင်နှစ်တစ်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်အချို့နှင့်ကျပ်၁,၀၀၀သာ ထောက် ပံ့ပေးထားပြီး ကျောင်းထောက်ပံ့စရိတ်များ လုံးဝပေးအပ်ခြင်းမရှိသည့် အတွက်ထောက်ပံ့ကြေးများ ပေး အပ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် သာသနာရေး ဦးစီးဌာနတို့ ညှိနှိုင်းသွားမည်ဆိုသည်။
“လာမယ့်ပညာသင်နှစ်မှာ ပေးနိုင်အောင် သာသနာရေးဦးစီးဌာနနဲ့ ညှိနှိုင်းသွားပါမယ်”ဟု ပြောသည်။ထောက်ပံ့ကြေးပေးရာတွင် ဘုန်းတော်ကြီးသင်ပညာရေးအဖွဲ့ထံ တရားဝင်အခြေခံပညာကျောင်းဖွင့် လျှောက်ထားခွင့်ပြုထားသည့် ဘက ကျောင်းများကိုသာ ကျောင်းထောက်ပံ့ကြေးများ ပေးအပ်မည့်အပြင် ဆရာ၊ ဆရာမ များကိုလည်း အစိုးရပညာရေး ၀န်ထမ်းများ၏ လစာနှုန်းထားအတိုင်း ပေးသွားမည်ဟု ၎င်း ကဆိုသည်။
ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တစ်နိုင်ငံလုံးတွင်လိုင်စင်ရ ဘကကျောင်းများ အပါအ၀င် လိုင်စင်မရှိသည့် ဘကကျောင်းများ၏ စာရင်းအတိအကျ သိရှိနိုင်ရန် စာရင်းကောက်ယူပြုစု သွားမည်ဖြစ် သည်။၊
အမှတ်(၃)အခြေခံပညာ ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က “ဘုန်းတော်ကြီး ကျောင်းတွေကတော့ အလှူရှင်တွေနဲ့ လည်ပတ်နေကြရတယ်။ အဲဒီမှာသင်ပြပေးနေတဲ့ ဆရာ၊ ဆရာမ တွေကို ဆရာဖြစ်သင်တန်းတွေ ပေးသွားမယ်”ဟု ဘကကျောင်းများ ထောက်ပံ့ ကြေးပေးအပ်မည့်အစီ အစဉ်ကို အတည်ပြု ပြောကြားသည်။၊
မြန်မာ့ပညာရေး လက်ရှိအခြေအနေသည် ဆရာနှင့် ကျောင်းသားအချိုးမှာ ၁ အချိုး ၃၀ (၁း ၃၀)ဖြစ် နေ သဖြင့် ဘက ကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုးကွာဟမှု ပိုမိုမြင့်မားလျက်ရှိရာ အချိုး နှုန်း တူညီ စေရန် ဆရာ၊ ဆရာမများ ပိုမို ခန့်အပ်မည်ဟုလည်း ၎င်းကဆိုသည်။အစိုးရက မူလတန်းမှ အလယ်တန်း ထိအခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသော်လည်း၊ဘကကျောင်းများအတွက် အခမဲ့ပ ညာ ရေးစနစ်မှာ အလှမ်းဝေးကွာနေ ဆဲဖြစ်ပြီး ဘုန်းတော်ကြီးသင်ကျောင်းများ အတွက်ထောက်ပံ့ခြင်းမရှိဟု ဘက ကျောင်းဆရာတော်များက မိန့်သည်။၊
အစိုးရက ကျောင်းများကိုကျောင်းသုံး ဗလာစာအုပ်များ အခမဲ့ပေးအပ်မည်ဟုဆိုသော်လည်း ကျောင်းစဖွင့် သည်မှာ တစ်လရှိပြီဖြစ်သော်လည်း ကျောင်းများသို့ ပေးအပ်ရမည့် သင်ရိုးညွှန်းတမ်းများကိုပင် ပြည့်စုံစွာ ပေးအပ်နိုင်ခြင်းမရှိသေးပေ။

စက်မှုဝန်ကြီးဌာနက ခုချိန်ထိလည်း နံပတ်(၁)နေရာမှာပဲ။ 

 Moe Zay Nyein
အစိုးရခေတ်အဆက်ဆက် မြန်မာပြည်ရဲ့ ထူးခြားချက်က ၀န်ကြီးဌာနတွေက အမြဲလိုလို ပိုးစိုးပက်စက်အရှုံးပေါ်တယ်။ ဒါပေသိ အဲဒီဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ ထိပ်တန်းအရာရှိကြီးတွေကတော့ ဘယ်ကဘယ်လို အမြတ်တွေရမှန်းမသိ ရနေပြီး ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။

နည်းပညာ တက္ကသိုလ် ကျောင်းသား တစ်ဦးနှင့် ကျောင်းသူ တစ်ဦး ရေနစ်သေဆုံး


ရမည်းသင်း၊ ဇူလိုင်-၁
 ရမည်းသင်းမြို့ အနောက်ဘက်(၁၅) မိုင်ခန့်ရှိ သစ်ဆုံဆည်တွင် ရမည်းသင်း နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ် သေဆုံးကြောင်း သတင်းရရှိသည်။

အဆိုပါ ရေနစ်သေဆုံးသော သတင်းအရ ရမည်းသင်းမြို့ ရွာတန်းရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့သည် အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်စစ်ဆေးရာ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ မောင်တင်ထူးအောင်(BEEC-43)၊ (၁၉)နှစ်၊ (ဘ) ဦးအောင်မြင့်၊ ၉/ပဘန(နိုင်)၂၅၈၁၂၀၊ အောင်ချမ်းသာကျေးရွာ၊ ဇဗ္ဘူသီရိမြှိုနယ်နေသူနှင့် မယွေးယွေးနိုင် (BEEC-48)၊ (၁၉)နှစ်၊ (ဘ)ဦးအောင်မြင့်၊ ၉/ပဘန (နိုင်) ၁၇၄၃၉၁ မြို့မရပ်၊ ပျော်ဘွယ်မြို့နေသူတို့နှစ်ဦးဖြစ်ပြီး ၄င်းတို့ကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ရွာတန်းရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

 

တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး နှုတ်ဆိတ်

Written by  မင်းမင်း 

  သာသနာရေးဝန်ကြီး ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာဝတီတိုင်း နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီးး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက တစ်စုံတစ်ရာသော သဘောထားမှတ်ချက် ပေးခဲ့ခြင်း မရှိခဲ့ပေ။

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂ဝ၁၃ နှစ်ဆန်းပိုင်းအထိ တာဝန်ယူခဲ့သူ ဦးဆန်းဆင့် ဖမ်းဆီးအရေးယူခံရမှုအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မဇ္ဈိမ၏ မေးမြန်းမှုကို ၎င်းက ခေါင်းခါယမ်းသည့် အမူအရာဖြင့်သာ တုံ့ပြန်ခဲ့သည်။
ဇူလိုင် ၁ရက် နေ့လည်ပိုင်းက ပုသိမ်မြို့ စက်မှုဇုန်တွင် ဧရာဝတီတိုင်း အစိုးရဦးစီးကာ တရုတ်ကုမ္ပဏီဖြစ်သည့် Dong Long ကုမ္ပဏီ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအပြီးတွင် ဗိုလ်မှူးကြီးမောင်မောင်ဝင်းအား မဇ္ဈိမက မေးမြန်းခဲ့ခြင်းဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ  ၁ နာရီခန့်က အမှုဖွင့်ထားပြီး လက်ရှိတွင် ရမည်းသင်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည်။
ဦးဆန်းဆင့်အား အမှုဖွင့်ထားသည့် ပုဒ်မ ၄ဝ၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိရပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၁ဝနှစ်မှ တစ်သက် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ဦးဆန်းဆင့် ဖမ်းဆီးခံရမှုအပေါ် ဧရာတီတိုင်းအတွင်းရှိ ငပုတော၊ သာပေါင်း၊ ကျုံပျော်နှင့် ငွေဆောင်ရှိ ဒေသခံ ၈ဝက  ဇူလိုင် ၁ ရက် နံနက်တွင်ပင် ပုသိမ်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ပွဲကို လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်က ဦးဆောင်ကာ နံနက် ၁ဝနာရီတွင် ပုသိမ်မြို့ ကံသာယာဘောလုံးကွင်း အတွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ကြပြီး နံနက် မြို့တွင်းရှိ ကမ်းနားလမ်းထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်သူများက "ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး" "ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး" "အမှန်တကယ် လာဘ်ပေး လာဘ်ယူမှု ကျူးလွန်သူများအား အရေးယူခွင့် ရရှိရေး" "အမှန်တကယ် ကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ပေးရေး" စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဦးဆန်းဆင့်အား အရေးယူခဲ့မှုအပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။
“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ်မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။

မကွေး ၄၃၆ ဟောပြောပွဲ စီစဉ်သူများ ထပ်မံအမှုဖွင့်ခံရ 

 

မကွေးမြို့၊ ကန်သာရပ်၊ အေးစေတီဘုရားကွင်းတွင် ဇွန် ၉ ရက်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ စီစဉ်သူများကို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက်ဖွင့်မှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် အမှု ရင်ဆိုင်ရန် မြို့မရဲစခန်းနှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ဆင့်ခေါ်ထားသည်ဟု ကာယကံရှင်တို့က မဇ္ဈိမကို ပြောသည်။
ယင်းသည်ဟောပြောပွဲအပြီး တစ်ပတ်ခန့်အကြာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အတွင်း ရေးမှူး ဦးနေမျိုးကျော်ကို မြို့မရဲစခန်းက အမှုဖွင့်တရားစွဲဆိုပြီးနောက် အခြားသောစီစဉ်သူ အဖွဲ့ဝင်များပါ အမှုရင်ဆိုင်ရမည့် အခြေအနေ ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။
မကွေးမြို့မရဲစခန်းက ဇွန်လ ၃၀ ရက်စွဲဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့များဖြစ်သည့်(NLD) နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ရှိသူ စုစုပေါင်း ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၇၇ ဖြင့် အမှုရင်ဆိုင်ရန် အကြောင်းကြားခဲ့သည်။ ယင်းသည် အေးစေတီဘုရား ကွင်းအတွင်း ခွင့်မပြုဘဲ ဟောပြောပွဲပြုလုပ်ခြင်းကြောင့်ဟု ကာယကံရှင်တို့က ယူဆကြသည်။
အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ဟောပြောပွဲကျင်းပရန် စင်မြင့်အပါအ၀င် စီစဉ်မှု အားလုံးပြီးချိန်အရောက် ရက်ပိုင်းအလိုတွင်မှ မြသလွန်ဘုရားကွင်းသို့ ပြောင်းရွှေ့ကျင်းပရန် ညွှန်ကြားခဲ့သဖြင့် လိုက်နာနိုင်ခြင်း မရှိခဲ့ဟု ပွဲစီစဉ်သူတို့က ဆိုသည်။
ထို့ပြင် ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်မှ ဦးမောင်မောင်စိုး (ရွှေမြန်မာ)သည်လည်း မကွေးမြို့ပတ်လမ်းနှင့် အဝေရာလမ်း တစ်လျှောက် လှုံဆော်ရေး သီချင်းများဖွင့်ရာတွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အသုံး ပြုမှုဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်ကာ ရဲအက်-၄၉ဖြင့် အမှု နှစ်ခုဖွင့်ထား၍ လာရောက်ဖြေရှင်းရန် အကြောင်းကြားခြင်း ခံထားရသည်။
ထို့အတူ မကွေးမြို့နယ်(NLD)ဥက္ကဋ္ဌ ဦးစိုးမိုးသည်လည်း ဦးမောင်မောင်စိုးနှင့် အတူ အသံချဲ့စက်အသုံးပြု ခွင့်မရှိဘဲ လှည့်လည်ကြေညာမှုဖြင့် အမှုရင်ဆိုင်ရန် မကွေး မြို့မ ရဲစခန်း၏ဆင့်ခေါ်မှုကို ခံထားရသည်။ “ကျွန်တော်တို့က ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်ပြီး ဆောင်ရွက်ပေးနေကြတာပါ”ဟု မကွေး တိုင်း(NLD) ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က မဇ္ဈိမကို ပြောသည်။
“မကွေးမြို့မှာ တရားဥပဒေစိုမိုးရေး အလွန်အားနည်းနေတယ်ဆိုတာကို အခု ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။ ဒါတိုင်းပြည်ထူထောင်ရေးအဆင့်ကိုတောင် မရောက်သေးဘူး။ ယခုလိုအချိန်ကာလမှာ နိုင်ငံသား လွတ်လပ်ခွင့်တွေကို ချုပ်ကိုင်ထားတော့ တိုင်းပြည်ကိုဘယ်လိုများ ထူထောင်ဆောင်ရွက်ကြမှာလဲလို့ မေးချင်ပါတယ်”ဟု ဟောပြောပွဲစီစဉ်မှုဖြင့် ကနဦး တရားရင်ဆိုင်နေရသူ မကွေးတိုင်း(NLD)အတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမကို ပြောသည်။
မင်းဘူးမြို့တွင် ဇွန် ၃၀ ရက်က ပြုလုပ်သည့် ပုဒ်မ ၄၃၆ ဟောပြောပွဲတွင် ၈၈၊ ငြိမ်း/ပွင့်ခေါင်းဆောင် ဦးမင်းကိုနိုင်က မကွေးတိုင်းသည် စစ်အာဏာရှင်လက်ထက် အုပ်ချုပ်ရေးပုံစံအတိုင်းသာ ကျင့်သုံးနေဆဲ ဖြစ်သည်ဟု ဝေဖန်ခဲ့သေးသည်။
“တိုင်းနဲ့ပြည်နယ် အားလုံးထဲမှာ မကွေးက အဆိုးဆုံးဖြစ်နေတယ်”ဟု ၎င်းက သုံးသပ်ခဲ့ခြင်းဖြစ်သည်။ စာပေ ဟောပြောပွဲများ၊ အလှူအတန်း ပွဲလမ်းသဘင်များပင် မကွေးတိုင်းအတွင်း တရားဝင်ခွင့်ပြုချက်ဖြင့် ကျင်းပနိုင်ခြင်းမရှိသည်ကို ထောက်ချင့်၍ ၎င်းက ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။

 Written by  ဝိုင်းအောင်

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ်(ယာယီ)က

ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်




 မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (ယာယီ)

ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရပင်စင်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအား ပယ်ဖျက်ကြောင်းပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ခဲ့ခြင်းနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်ခြင်း

သဘောထားကြေညာချက်အမှတ် (၂/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်
၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း ( ၄ ) ရက်

၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင်ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဒေါ်ကျင်ဌေး အား (၂၉-၃-၂၀၁၃) ရက်နေ့တွင် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ (၄၁) အရ ဟုဆိုကာ ပညာရေးဝန်ကြီးဌာနမှ၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် - ၁ ပညာ၊ ၂(ဃ) ၂၀၁၃ (၄၁၈၀) ဖြင့် မယူမနေရပင်စင်ပေးခဲ့ပါသည်။

၂။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအနေဖြင့် ၄င်းအပေါ်ပညာရေးဝန်ကြီးဌာနမှ ချမှတ်ခဲ့သောပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ၂၀၁၃ ခုနှစ် နိုင်ငံဝန်ထမ်းဥပဒေ၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်မှုမရှိခြင်း၊ တရားမျှတမှုမရှိ ဟုယူဆသည့်အတွက် ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းအသီးသီးသို့ အသနား ခံတင်ပြမှုများပြုလုပ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့သည့်အတွက် နောက်ဆုံးတွင် အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြလျှောက်ထားခဲ့ပါသည်။

၃။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေး၏ တင်ပြလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေ လျှောက်ထားမှုအမှတ် - ၂၉၀ ဖြင့် လက်ခံပြီးကြားနာစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှ နှစ်ဖက်လျှောက်လဲချက်များကို သက်သေခံအထောက်အထားများနှင့်တကွ ကြားနာစစ်ဆေးပြီးနောက် (၉-၆-၂၀၁၃) ရက်နေ့ တွင် ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအား မယူ မနေရပင်စင်ပေးလိုက်သော ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကိုပယ်ဖျက်လိုက်သော အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်လိုက် သည့် စီရင်ချက်အမိန့်ကို ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအသင်းချုပ် (ယာယီ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။

၎။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ကာယကံရှင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး အတွက်သာမက နိုင်ငံဝန်ထမ်းထု တစ်ရပ်လုံး၏ ဘဝလုံခြုံမှုအတွက်သော်လည်းကောင်း၊ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက်သော်လည်းကောင်း အလားအလာကောင်းများ ဖြစ်ပေါ်စေမည့် သမိုင်းဝင် စီရင်ချက်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်(ယာယီ)က လေးလေး နက်နက်ယုံကြည်ပါသည်။

၅။ ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးသည်
ပြည်တွင်း၊ ပြည်ပအတွေ့အကြုံကောင်းများကြွယ်ဝပြီး
နိုင်ငံတော်အတွက်အားထားထိုက်သည့် ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ၄င်း၏ဝန်ထမ်းဘဝတစ်လျှောက်လုံးတွင်လည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မည်သည့် ပြစ်မှု(တရားရုံးဆိုင်ရာပြစ်မှုကိုလည်းကောင်း၊

ဝန်ထမ်းဆိုင်ရာပြစ်မှုကိုလည်းကောင်း)ကိုမျှ ချိုးဖောက်ကျူးလွန်ခဲ့မှုမရှိခဲ့ခြင်း မရှိပါသော်လည်း ပညာရေးဝန်ကြီးဌာနမှ မယူမနေရပင်စင်ပေးရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များနှင့်တာဝန်ရှိသူများမှ နိုင်ငံဝန် ထမ်းတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပေါ် အာဏာရှင်ဆန်ဆန် အနိုင်အထက်ပြုကျင့်မှုတစ်ရပ်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်အမိန့်အရ ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ် ပါသည်။

၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်အမိန့်တွင် -
“…………….လျှောက်ထားသူ၏ဝန်ထမ်းဆိုင်ရာ အခွင့်အရေးထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းပေါ်ပေါက်သည်။ အာဏာပေးစာချွန် တော်အမိန့်သည် ဥပဒေအရအပ်နှင်းထားသောအာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကို ပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ၊
ဆောင်ရွက်မပေးဘဲနေသည့်ကိစ္စများ၌ တစ်စုံတစ်ယောက်၏ ဥပဒေရေးရာအခွင့်အရေးကိုထိခိုက်ခြင်း၊

ဆုံးရှုံးခြင်းဖြစ်ပေါ်မှုမှ ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထုတ်ပေးခြင်းဖြစ်သည်။”
ဟူသည့် အဖိုးထိုက်တန်လှသည့် တရားစီရင်ရေးဆိုင်ရာ ဥပဒေကြောင်းမှတ်ချက်ပြုမှု (opinio juris) သည်လည်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ တရားရေးမဏ္ဍိုင်တည်ကြည်မှုကိုအထင်အရှားဖေါ်ညွှန်းပါကြောင်း ပညာရေးဝန်ထမ်းထုမှ လှိုက်လှဲစွာမှတ်ကျောက်တင်အပ်ပါသည်။

၇။ ထို့ပြင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ လုပ်ပိုင်ခွင့်အာ ဏာအလွဲသုံစားပြုမှုနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်မှုမရှိကြောင်း ပေါ်လွင်ထင်ရှားစေသည်။ သို့အတွက် ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိဘဲ တရားမျှတမှုမရှိသည့် မှားယွင်းသော အမိန့်ကြော်ငြာစာကို ထုတ်ဆင့်ခဲ့သော၊ ထိုသို့ထုတ်ဆင့်ရန် အားပေးအားမြောက်ပြုခဲ့သော အာဏာပိုင်များ၊ တာဝန်ရှိသူများကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် ဖော်ထုတ်အရေးယူရန် တာဝန်ရှိသည်။

ထို့အပြင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး၏ နစ်နာမှုများ (လစာ၊ ရာထူး၊ လုပ်သက်) ကို ပြန်လည် ကုစားပေးရန်လည်း တာဝန်ရှိပါသည်။ သို့မှသာ၊ ပညာရေးဝန်ကြီးဌာန၏ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း လေးနက်စွာ တောင်းဆိုခြင်းဖြင့် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

 



ဖွဲ့စည်းပုံပြင်ရေး မြန်ရန် ကော်မတီအစည်းအဝေးများ တစ်ပတ် သုံးကြိမ်အထိ လုပ်ရန် ဦးရွှေမန်း ညွှန်ကြား





 နိုင်ငံအတွက် အရေးတကြီးပြင်ဆင်ရန် လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး၊ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို တစ်ပတ်လျှင် သုံးကြိမ်အထိ ကျင်းပသွားရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။
သူရဦးရွှေမန်းက“ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းဆိုင်ရာကော်မတီဖွဲ့စည်းပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အခုဆိုရင်တစ်ပတ်မှာ တစ်ကြိမ်အနည်းဆုံးအစည်းအဝေး ပြုလုပ်ပါလို့ဆိုတဲ့ နေရာမှာ တစ်ပတ်မှာ တစ်ကြိမ်နဲ့ မလုံလောက်တဲ့အတွက် တစ်ပတ်မှာ သုံးကြိမ်ပြုလုပ်ဖို့ ဖြစ်ပါတယ်”ဟု ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်တွင် ရန် ကုန်တိုင်း၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဦး၏ မေးခွန်းများ မေး မြန်းမှုအပြီး သူရဦးရွှေမန်းကပြော ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပြင်ရန် ရည်ရွယ်ချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည့် အင်န်အယ်လ်ဒီပါတီသည် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဦးဆောင်၍ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး လူထုလက်မှတ်ရေးထိုးမှုကို ပြုလုပ်လျက် ရှိပြီး ၁၈ ရက်အလိုတွင် ပြောခြင်းဖြစ်သည်။
အဖွဲ့ဝင် ၃၁ ဦးပါ အဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များအား လွှတ်တော်အစည်းအဝေးတက်ရန်မလိုဘဲခွင့်တိုင်ကာ ဆောင်ရွက်ခွင့်ပြုထားသည်ဟုလည်း သူရဦးရွှေမန်းကပြောသည်။
ယင်းကော်မတီဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “လွှတ်တော်အနေနဲ့က အရှိန်မြှင့်တယ်ဆိုတာထက် အချိန်မီပြီးအောင်လုပ်တဲ့ သဘောလို့ နားလည်ပါတယ်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မခင် ခြောက်လခန့်အလိုတွင် ပြင်ဆင်နိုင်ရန် ညွှန်ကြားထားသည်ဟုလည်း ဦးဝင်းမြင့်က ပြောသည်။
၎င်းက “လွှတ်တော်နားချိန်မှာကျန်တဲ့ ကိုယ်စားလှယ်တွေ ကိုယ့်နယ်ကိုယ်ပြန်ကြရပေမယ့် ကျွန်တော်တို့ မပြန်ဘဲနဲ့ လုပ်ကြရမယ်”ဟု ဖြည့်စွက်ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရန် အရေးကြီးအဆိုတစ်ရပ်ကို ၀က်လက်မြို့နယ် အမတ် ဦးအေးမြင့်က ၂၀၁၃ ခုနှစ်၊ ဇွန်လက တင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်။

မန္တလေး ရုတ်ရုတ်သဲသဲ ဖြစ်မှု ပြန်တည်ငြိမ် 

 အင်္ဂါနေ့ညက မန္တလေးမြို့မှာ လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့မှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၃နာရီလောက်မှာတော့ တည်ငြိမ်စ ပြုသွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့တုန်းက အိမ်ဖေါ် မိန်းကလေးတဦးကို မွတ်ဆလင် အလုပ်ရှင် နှစ်ဦးက ပျဉ်းမနားကို ခေါ်သွားပြီး မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ရာမှာ အင်္ဂါနေ့ ညနေပိုင်းလောက် မှာတော့ အဲဒီ အလုပ်ရှင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာ လူတွေ စုရုံးရောက်ရှိလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။

ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်မှုတွေ ရှိခဲ့တဲ့အတွက် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ထောင်နဲ့ချီ ချထားခဲ့ရပါတယ်။

ဒေါသ ဖြစ်နေကြတဲ့ လူအုပ်ကြီးကို ဂဋုန်နီ ဆရာတော် ဦးကာဝိဒနဲ့ သံဃာတွေက ထိန်းသိမ်း ဖြောင့်ဖျ ခဲ့ကြပါတယ်။

အဲဒီ လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု ဘက်ကတော့ အိမ်ဖော်မလေးကို မတရား ပြုကျင့်တယ် ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ပျဉ်းမနားရဲစခန်းက တာဝန်ရှိသူတွေ ဆိုင်ကို လာရောက် ရှာဖွေတာတွေ လုပ်သွားပြီး ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သနတ်ဖောက်ပြီး လူစုခွဲ 

 မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားရာ နေရာ၌ ဇူလိုင်လ ၂ရက် နံနက် ၁နာရီတွင် ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ကာ လူစုခွဲနေရပြီဟု မဇ္ဈိမ၏ မန္တလေးအခြေစိုက် သတင်းထောက်များက
သတင်းပေးပို့သည်။

မန္တလေးမြို့ ၂၇လမ်း ၈၂လမ်းနှင့် ၈၃လမ်းကြားတွင် ဇူလိုင် ၁ရက် ည၁၂နာရီကျော်က ဘာသာရေးပဋိပက္ခသဏ္ဍန် ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းလျက်ရှိပြီး အပျက်အစီး
တစ်စုံတစ်ရာ မရှိပေ။

ညနေ ၆နာရီခန့်က ၈၂လမ်းနှင့် ၂၈လမ်းထောင့်ရှိ ဆန်းကဖေးဆိုင်ရှင်အား ဝန်ထမ်းအား အဓမ္မကျင့်သည်ဆိုသည့် သတင်းကြောင့် စစ်ဆေးရန် ဆိုင်ပိတ်ရာမှ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ၂၇လမ်း၊
၈၂လမ်းနှင့် ၈၃လမ်းတွင် ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။

မန္တလေးအခြေစိုက် မဇ္ဈိမသတင်းထောက်များ ပေးပို့ချက်အရ ယခုအချိန်တွင် လမ်းကို ပိတ်ဆို့ထားလျက်ရှိပြီး တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။ လူအင်အားမှာ
နှစ်ဘက်ခန့်မှန်းခြေ ၃၀၀ ခန့် ရှိသည်ဟု ဆိုသည်။

မဇ္ဈိမသတင်းဌာန
Mizzima - News in Burmese

မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ 

  မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ လမ်း၈ဝကနေ ၈၆ လမ်း အနီးတ၀ိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။

"ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။ ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။

"ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ"

သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

RFA Burmese

မန္တလေးတွင် ပဋိပက္ခဖြစ်ပွား 

 မန္တလေးမြို့ 'နေ' လက်ဖက်ရည်ဆိုင် ပိုင်ရှင် ညီအစ်ကိုနှစ်ဦး အဓမ္မမှု ကျူးလွန်ခဲ့သည်ဆိုသော သတင်းအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခတစ်ခု ည ၆ နာရီဝန်းကျင်မှစ၍ ဖြစ်ပွားခဲ့သည်။
မြို့လယ်ကောင် ၈၂ x ၂၈လမ်းထောင့်ရှိ အဆိုပါလက်ဖက်ရည်ဆိုင်တွင် အစ္စလာမ် ဘာသာဝင် ဆိုင်ရှင်နှစ်ဦးက ဝန်ထမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု အင်တာနက်တွင် သတင်းပြန့်နှံ့ခဲ့ ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် ဇွန် ၃ဝ ရက်တွင် ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်ကို လာရောက်စစ်ဆေးခဲ့ကာ ယနေ့တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ပဋိပက္ခဆန်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို အတည်ပြုသည်။

''မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပွားဖို့ ပထမရက်မှာ လုံခြုံရေးယူပေးထားပါတယ်။ ဒီနေ့မှာတော့ ဆိုင်ကို ပိတ်ခိုင်းခဲ့တာပါ''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းကပြောသည်။ ထိုအခါ ဆိုင်ပိုင်ရှင်မှ မည်သည့်အတွက်ကြောင့် ပိတ်ခိုင်းသနည်းဟုဆိုကာ မေးခွန်းထုတ်ရာမှ စတင်၍ ဘာသာမတူသည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် အော်ဟစ် ငြင်းခုန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ တစ်ဦး၏ ဇနီးဖြစ်သူကမူ ''ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မကိုယ်တိုင် ထမင်းချက်ပါတယ်။ ရဲတွေ မနေ့က လာရှာတယ်'' ဟု ပြောသည်။

ဖြစ်စဉ်ကြောင့် အဆိုပါလမ်းနှင့် အနီး ပတ်ဝန်းကျင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားသည်။ ၈၂ လမ်းသို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။ ယင်းနေရာတွင် လက်နက်များ ကိုင်ဆောင်လှည့်လည်ခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကို ရာဂဏန်း ချီသည့် နှစ်ဖက်လူအုပ်စုတို့ လုပ်ဆောင်နေသည်။

၈၂လမ်း x ၈၃ လမ်းကြားတွင်လည်း မော်တော်ယာဉ် တစ်စီးနှင့် နေအိမ်၊ ဆိုင် ခန်းအချို့၏ ဆိုင်းဘုတ်များ၊ မှန်များ ဖျက် ဆီးခံခဲ့ရသည်။ ဈေးချိုနာရီစင်တစ်ဝိုက်တွင် မော်တော်ဆိုင်ကယ်များ ပျက်စီးသည် အထိ ဖြစ်ပွားခဲ့သည်။ ထို့ပင် ဓားဒဏ်ရာ ရရှိသူအချို့လည်းရှိပြီး မန္တလေးဆေးရုံကြီး သို့ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူမရှိသေးဘဲ လုံခြုံရေး အင်အားတိုးမြှင့် ထားသည်ဟု ည ၁၂ နာရီ အချိန်အထိ နောက်ဆုံးသတင်းများက ဆိုသည်။

မန္တလေးတစ်မြို့လုံး ယခုအချိန်တွင် မီးများဖြတ်ထားသည်ဟု သိရသည်။

 မျိုးသန့်၊ အောင်ကိုဦး
 Mizzima - News in Burmese

ဗိုလ်ချူပ်မောင်မောင်အုန်းကိုရခိုင်ပြည်ဝန်ချုပ်အဖြစ် လွှတ်တော် က ယနေ့ အ တည်ပြု 


 ယနေ့ ကျင်းပသော ရခိုင်ပြည်လွှတ်တော် ဒုတိယနေ့တွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ရခိုင်ပြည်၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့်   တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ကိုလည်း ကတိပေးသွားပြီး လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည် ပဋိပက္ခများကိုလည်း   ဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်သစ် မောင်မောင်အုန်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာတဲ့…ဖတ်ပြီးမျက်ရည်တောင်ကျတယ်..
ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ……..
(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ

*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*

*ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*
*တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။

ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*

*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။

ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။

ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*
*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*

*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*

*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။

ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*

*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*

*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*

*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*

*ဖေဖေ့မျက်နှာနဲ့ 
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*

*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။

ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။

အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.

တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။

 

Google Account ဖြင့် မိမိဖုန်းကို ထိန်းချုပ်ကြမယ် 

 သင့် ဖုန်းဟာ google account ၀င်ထားပြီး google play ၀င်ရတယ်ဆိုရင်
သင့်ဖုန်းကို သင့်ကွန်ပျူတာ ဒါမှမဟုတ် တစ်ခြား device တစ်ခုခုကနေ ထိန်းချုပ်လို့ရပါတယ်
browser တစ်ခုခုကနေ အောက်ပါလင့်ကိုသွားလိုက်ပါ

https://www.google.com/android/devicemanager 

 သင့်ဖုန်းထဲဝင်ထားတဲ့ google account နဲ့sign in ၀င်လိုက်ပါ ပုံပါအတိုင်းတွေ့ရပါလိမ့်မယ် ...

သင့်ဖုန်းတည်နေရာသိချင်ရင် location ပုံလေးနှိပ်ပါ
Ring ကတော့ သင့်ဖုန်းမှာ အသံလာမြည်စေဖို့ပါ
Lock ချလို့ရပါမယ်...
SD ကတ်ဖျက်ပြစ်လို့ ရပါမယ်..
ညဏ်ရှိသလို သုံနိုင်ပါတယ် Google ရဲ့ service တစ်ခုပေါ့ဗျာ...
မသိသေးသူတွေအတွက် ရည်ရွယ်တာပါ

သတင်းတွေဖတ်ရင်း ပျင်းနေတဲ့ သူတွေအတွက် သီချင်းကောင်းလေးတွေနားဆင်ကြတာပေါ့


Because I Love You    ---  http://www.petalia.org/Songs/flash/because.htm

Because you love me ---  http://www.petalia.org/Songs/flash/becauseyou.htm

Blue night               ----  http://www.petalia.org/Songs/flash/bluenight.htm

I Lay my love on you --- http://www.petalia.org/Songs/flash/laymylove.htm

Everyday i love you  ---  http://www.petalia.org/Media /Everyday%20I%20love%20you%20-%20Boyzone.swf  

Only Love                ---  http://www.petalia.org/Songs/flash/onlylove.htm

Color of the wind      --- http://www.petalia.org/color.swf

My love                   --- http://www.petalia.org/Songs/flash/mylove.htm