Monday, June 23, 2014

စကိတ်စီးခြင်းနေ့ကို မြန်မာပြည်မှာ လူငယ်တွေ ပထမဆုံး ကျင်းပပြီ


 


Go Skateboarding Day နေ့ဖြစ်တဲ့ ဇွန် ၂၁ရက်မှာတော့ ရန်ကုန်က စကိတ်စီးသူတွေ လှည်းတန်းခုံးတံတားအောက်မှာ စကိတ်စီးပြိုင်ပွဲအသေးစားလေးတစ်ခု ကျင်းပခဲ့ပါတယ်။ No Skateboarding ဆိုတဲ့ ဆန့်ကျင်မှုတွေကို Go Skateboarding လို့ သင်္ကေတယူပြီး ဘာ့ကြောင့် လုပ်ခဲ့တာလဲ။
စကိတ်စီးသူတွေဟာ အများအမြင်မှာ လမ်းသရဲ၊ လူဆိုးလူမိုက်လို့ ထင်နေတာ မဖြစ်သင့်ဘဲ စကိတ်ဆိုတာ အားကစားတစ်ခုကို ရူးသွပ်တဲ့လူငယ်တွေဆိုတဲ့ သတင်စကားကို ပါးချင်တာဖြစ်ပြီး စကိတ်အားကစား ဖွံ့ဖြိုးလာဖို့ တာဆူနေချိန်မှာ အခက်အခဲတွေကြားက ပွဲတစ်ခု မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတယ်လို့ ကိုပီရူးက ပြောပါတယ်။
စကိတ်စီးတာကို ရှုတ်ချတဲ့ No Skateboarding ဆိုတဲ့ လမ်းမတွေပေါ် ရေးသားချက်တွေကို ပုံစံပြောင်းပြီး Go Skateboarding ဆိုပြီး စတင်ခဲ့တဲ့ ဇွန် ၂၁ကို အစွဲပြုပြီး နိုင်ငံတကာမှာ စကိတ်စီးပြိုင်ပွဲကို ကျင်းပလေ့ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်က စကိတ်စီးတာကို အားပေးတဲ့အနေနဲ့ ၂ဝဝ၄ကစပြီး Go Skateboarding Day ကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းကမြို့တွေမှာလည်း စကိတ်သမားတွေ သန်းနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။
မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ Go Skateboarding Day ပြိုင်ပွဲမှာ အငယ်တန်း စကိတ်သမား ၁၂ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယနဲ့ တတိယဆုတွေအဖြစ် စကိတ်ဘုတ်သီးသန့်၊ ဦးထုပ်နဲ့ စက်ဘီးတွေ ချီးမြှင့်ခဲ့ပါတယ်။

 

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

 

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။
(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!
(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)
(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)
(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

Credit to : Original Uploader

အစိုးရအဖွဲ့ဝင်များနှင့် သိသည်ဟုဆိုကာ ယာဉ်စည်းကမ်းဖောက်သည့်ရိုးရာ မပျက်သေး 

အစိုးရအဖွဲ့ဝင်များနှင့် သိသည်ဟု ဆိုကာ ယာဉ်ထိန်းရဲ၏ ဖမ်းဆီးမှုကို ရှောင်ကွင်းသည့် ရိုးရာမပျက် သေးကြောင်း ယာဉ်ထိန်းရဲ တစ်ဦးထံမှ သိရသည်။ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများသော နေရာများတွင်အထူး အဖွဲ့ ၉ ဖွဲ့ချထားပြီး ဖမ်းဆီးစစ်ဆေးစဉ် ထိုသို့သော လုပ်ရပ်များ မကြာခဏဆို သ လို ဖြစ်ပွား လျက်ရှိကြောင်း ယာဉ်ထိန်းရဲတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
ယခုလ ၁၃ ရက်နေ့တွင်လည်း အထူးတပ်ဖွဲ့ ၂ မှ ဘုရင့်နောင်တံတား၌ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးရာတွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ယာဉ်အမှတ် (   ) အား ဖမ်းဆီးအရေးယူစဉ် အဆိုပါကားအတွင်းမှပုဂ္ဂိုလ်က ”ငါက လွှတ်တော်ဥက္ကဋ္ဌကွ မင်းတို့က ဘာအဆင့်ရှိလို့ ငါ့ကိုဖမ်းတာလဲ”ဟုပြောဆိုပြီး”ငါမနက်ကတည်းက အိမ်က ထွက်လာတာ၊ မင်းတို့လုပ်လို့ ပိုနောက်ကျတယ်”ဟုထပ်မံပြောဆို၍ ထွက်သွားကြောင်း အမည်မဖော်လိုသူ ယာဉ် ထိန်းရဲတစ်ဦးက ပြောသည်။
ထို့အပြင် ဇွန်လ ၁၄ ရက်နေ့၌ လည်း ချော်တွင်းကုန်းမီးပွိုင့်၌ ယာဉ်မ ရပ်ရစည်းကမ်းကိုချိုးဖောက်သော မော် တော်ယာဉ်တစ်စီးကို ဖမ်းဆီးအရေးယူရာတွင် ထိုယာဉ်ပေါ် ပါသူက ၎င်းတွင် ပိုင်ရာဆိုင်ရာရှိ၍ ယာဉ်ထိန်းရဲတို့၏ တာဝန်ပေါ့ဆမှုအားတွေ့ရှိက အရေးယူခိုင်းမည်ဟု ဖမ်းဆီးသည့်ယာဉ်ထိန်းရဲကို ခြိမ်းခြောက်ခဲ့သည်။ အစိုးရ အဖွဲ့လူကြီးများနှင့် သိသည်၊ မဖမ်းနှင့်ဆိုသော ဖြစ်စဉ်များရှိနေကြောင်းကို အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက လည်း ဟုတ်မှန်ကြောင်း အ တည်ပြုပေးခဲ့သည်။
ဇေဝေယံ

 

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ရေး အစိစစ်ခံသူ ၁၆ ရာခိုင်နှုန်းသာရှိ 


 ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအဖြစ် လက်ခံသူများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေနှင့် စိစစ်လျက်ရှိသော်လည်း စုစုပေါင်းလူဦးရေ၏ ၁၆ ရာခိုင်နှုန်းသာကိုသာ စစ်ဆေးနိုင်သေးသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဇွန်လ ၂၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
စိစစ်မှုကို မြေပုံမြို့ လူဦးရေ ၃,၀၁၀ ဦးရှိ တောင်ပေါ်ဘင်္ဂါလီဒုက္ခသည်စခန်းတွင် ဇွန်လ ၁၅ ရက်က စတင် ပြုလုပ်နေခြင်း ဖြစ်သည်။
“လက်မခံတဲ့သူတွေကိုတော့ လုပ်ပေးမှာ မဟုတ်ဘူး၊ အခုလက်ခံသူတွေကိုပဲ လုပ်ပေးနေတာပါ။ လက်မခံတဲ့သူတွေကိုတော့ နောက်ပိုင်းဘယ်လိုလုပ်သွားမယ်ဆိုတာကို လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။ဘယ်အချိန်အပြီး လုပ်မယ်ဆိုပြီးတော့ သတ်မှတ်ထားတာတော့ မရှိဘူး”ဟု ဦး မောင်မောင်သန်းက ဆိုသည်။
“လျှောက်လွှာတင်တဲ့သူ ၃၀၀ ကျော် လောက်တော့ရှိတယ်။ တချို့တွေလည်းမတင်ကြရသေးတာတွေ ရှိ တယ်။ အခု ဒီစိစစ်မှုအရဆိုရင်တော့ အခုရှိနေတဲ့သူ တွေက နိုင်ငံခြားသားဖြစ်ဖို့ များတယ်။ဘာဖြစ်လိုဆို တော့ တော်တော်များများဆီက အထောက်အထားတွေက လုံးဝမရှိတော့တာတွေလည်း ရှိတယ်”ဟု မြေပုံ မြို့ တောင်ပေါ်ဒုက်သည်စခန်းနေ ဦးအောင်လွင်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ လက်ခံသူများကို ၁၉၈၂ခုနှစ်၊ နိုင်ငံသား ဖြစ်ရေးဥပဒေအဖြင့် စိစစ်မှုတွင် မျိုးနွယ်စုနှစ်ဖက်မှ ခေါင်းဆောင်ကိုယ်စားလှယ်များကို ထည့်သွင်းကာ စိစစ်မှုများကို မြို့ နယ်၊ ခရိုင်၊ ပြည် နယ်နှင့် ဗဟိုအဆင့်ဆင့် တွင် စိစစ်မှုမှုများကိုပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေနှင့်ကိုက်ညီသူများကို နိုင်ငံသား အဖြစ် ခွင့်ပြုသွားမည်ဖြစ်သည်ဟု ဦး မောင်မောင်သန်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဘင်္ဂါလီဦးရေ ၁ ဒသမ ၃၃သန်းမှ ၁ ဒသမ ၀၅ သန်း (ဆယ်သိန်းငါးသောင်း)သည် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများဖြစ်ပြီး ခုနစ်သိန်းကျော်သာ ယာယီနိုင်ငံသားကတ်(White Card) ကိုင်ဆောင်ထားသူများ ဖြစ်သည်ဟု ၀န်ကြီးဌာန၏ စာရင်းများက ဆိုသည်။။
ဟိန်းကိုစိုး
Mizzima - News in Burmese

 

သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်ကို စသုံးလုံးဘက်က စစ်ဆေးနေပြီ ဆိုတဲ့ သတင်းတွေထွက်လာ

 

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်နေတယ် လို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ပတ်သက်တယ် လို့လည်း အထူးသတင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။
မဟာသန္တိသုခကျောင်းတိုက် စီးနင်းမှုမှာ နောက်ကွယ်က စီစဉ် ညွှန်ကြားသူလို့ ဝေဖန်ခံနေရတဲံ ဦးအံ့မောင်ဟာ သာသနာရေးဝန်ကြီးဌာနမှာ အကြံပေးလုပ်ခဲ့သူပါ။
ဒါ့အပြင် သန္တိသုခကျောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူရဲ့ရှင်းလင်းပြောကြားမှုတွေဟာ အငြင်းပွားဖွယ်တွေလည်း ရှိခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သမ္မတရဲ့ အကြံပေး လို့ သုံးနှုန်းခဲ့တာကိုတော့ ဦးအံ့မောင်ဟာ သမ္မတရဲ့ အကြံပေး မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ငြင်းခဲ့ပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ် လို့လည်း သိရပါတယ်။
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီး အမှုဖွင့်ထားတာ ဖြစ်ပြီး ရမည်းသင်းထောင်မှာ ဖမ်းဆီးထားတယ် လို့လည်း သိရပါတယ်။
မိသားစုလှူဒါန်းတဲ့ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီး ဝန်ကြီးဌာန ငွေစာရင်းမှာ မမှန်မကန် စာရင်းပြခဲ့တာတွေ ရှိတဲ့အတွက် ဦးဆန်းဆင့်နဲပ အပေါင်းအပါများကို ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အထူးစုံစမ်း စစ်ဆေးရေးက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့တာ လို့လည်း သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်သူ ၉ ဦး ရှိပြီး အဲဒီလူ ပုဂ္ဂိုလ်တွေ အားလုံးကို အထူးစုံစမ်း စစ်ဆေးရေးက ဆက်လက် အရေးယူသွားမယ် လို့လည်း သိရပါတယ်။
သမ္မတ အကြံပေးဆိုပြီး ဦးအံ့မောင် သုံးနှုန်းခဲ့မှုအပေါ်မှာ စုံစမ်းနေပြီ လို့ သမ္မတ ပြောဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောထားပါတယ်။

သန္တိသုခအရေး နှင့် ဦးဆန်းဆင့် ဖြုတ်ခံရမှု အပေါ် ဦးဝီရသူနှင့် ဦးပါမောက္ခ အမြင်

          ဦးပါမောက္ခနှင့် ဦးဝီရသူကို တာမွေမြို့နယ်တရားရုံးအနီး ဇွန် ၂၀ ရက်နေ့က တွေ့ရစဉ်  
                                       (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

 

ပီနန် ဆရာတော်ကြီး ဦးပညာဝံသ နှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့ အကြား ပိုင်ဆိုင်မှု အငြင်းပွား လျက် ရှိသော  မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်တိုင်း သာသနာ ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ၀င်ရောက်စီးနင်းချိတ်ပိတ်ခဲ့ပြီး သာသနာ ညှိုးနွမ်းစေမှုဖြင့် ကျောင်းတိုက် တွင် နေထိုင် သော ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း သံဃာတော် ၅ ပါး ကို လူဝတ်လဲ ဖမ်းဆီးခဲ့သည်။ ဇွန် ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံ ဆရာတော်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဦးဆန်းဆင့် ရုတ်တရက် ဖမ်းဆီးခံရခြင်း၊ ၀န်ကြီးရာထူး ဖြုတ်ခံရခြင်း၊ ဦးအံ့မောင်ကို ခေါ်ယူမေးမြန်းခြင်းဆိုသော နောက်ဆက် ဆွဲ များစွာ ပေါ်ပေါက်လျက်ရှိရာ ဧရာဝတီအကြီးတန်းသတင်းထောက် စနေလင်းက မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူနှင့်  မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော်  ဦးပါမောက္ခတို့၏ အမြင်များကို တွေ့ဆုံ မေးမြန်း ထားပါသည်။
ဦးဝီရသူ
မေး။     ။ အခုလို သန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ဖမ်းဆီး တရားရုံးတင်ခဲ့တာနဲ့ပတ်သက်လို့ ဆရာတော်အမြင် သိချင်ပါတယ်။
ဖြေ။     ။ အဓိက ပြောရမှာက အာဏာရှင်လက်ထက်တုန်းက သံဃာတော်တွေကို နှိပ်ကွပ်ဖို့ ရေးဆွဲခဲ့တဲ့ မတရားသော ညွှန်ကြားလွှာ တွေရှိတယ်။ အဲဒီညွှန်ကြားလွှာတွေက အခုချိန်ထိ အသက်ဝင်နေတုန်းပဲ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် တပါးပါးက မကျေနပ်ဘူးဆိုရင် အဲဒီညွှန်ကြားလွှာနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲတော့ သန္တိသုခ အရေးတော် ပုံမှာ ဒီညွှန်ကြားလွှာကို ကိုင်ပြီးတော့ အခုလို အရေးယူတာဖြစ်တယ်။ တကယ်တမ်းမှာ အစိုးရက အရေး ယူခိုင်းတာ မဟုတ်ဘူး။ နိုင်ငံတော် သံဃမဟာနာယက က ညွှန်ကြားချက်အတိုင်း အရေးယူလိုက်တာ။ အဲဒီ ၂၀/၉၀
ညွှန်ကြားချက်မှာ ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ အဲဒီဥပဒေထဲမှာ တိုင်းဒေသကြီး၊ သာသနာရေးအဖွဲ့က တရားလိုလုပ်ပြီးတော့ တရားစွဲရမယ်လို့ ပါတယ်။ အဲဒီ ဥပဒေကြီးနဲ့ ကိုင်လိုက်တာ။
မေး။     ။ အရေးယူခံနေရတဲ့ ဆရာတော်တွေဆိုရင် သင်္ကန်းဝတ်ကြီးနဲ့ တရားရင်ဆိုင်ရမယ့် အနေအထားဖြစ်နေတယ်။
ဖြေ။     ။ မှန်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကသာ ဒီအမှုကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် တရားလို လုပ်ထားတဲ့ တိုင်းဒေသကြီးအဖွဲ့က ချက်ချင်း သင်္ကန်းဝတ်ပေးဖို့ စီစဉ်နေတယ်။ သို့သော် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆရာ တော်တွေက ဒီလိုသာ ပြန်ရုပ်သိမ်းလိုက်ရင် နောက်အမှုတွေမှာလည်း ဒီလိုပြန်ရုတ်သိမ်းနေရမှာပဲ။ အဲဒီတော့ သူတို့ဘက် က မရုပ်သိမ်းနိုင်ဘူး။ သို့သော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သူတို့တွေက ကန့်ကွက်ဖို့မရှိပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်း သဘောတူပါတယ်လို့ ဆရာတော်ကြီးတွေက ထပ်မံညွှန်ကြားထားတဲ့အတွက်ကြောင့် အခုတိုင်းဒေသကြီးအစိုးရ နဲ့ တရားရေး ဌာနနဲ့ ညှိပြီးတော့ အာမခံရအောင် လုပ်ပေးလိုက်တယ်။
မေး။     ။ ဒီဖြစ်စဉ်တခုလုံးမှာ မဟနရဲ့ ၀င်ရောက်စွက်ဖက်မှုက ဘယ်လောက်အတိုင်းအတာထိ ရှိမလဲ။ ကျောင်းသိမ်း တဲ့ကိစ္စ ရော၊ အရေးယူတဲ့ကိစ္စမှာရောပေါ့။
ဖြေ။     ။ ၀င်ရောက်စွက်ဖက်မှုတော့ မဟုတ်တော့ဘူး။ သူ့ရဲ့နယ်ပယ်ဖြစ်နေတာကိုး။ တကယ်တမ်းကျတော့ နည်းလမ်း မကျသော အရေးယူမှုလို ဖြစ်နေတယ်။ သံဃာကို အင်အားသုံးပြီးတော့ ဖယ်ရှားတာ၊ ဖမ်းဆီးတာပေါ့။ အဓိက ဒီအရေးအခင်းမှာ ဦးအံ့မောင်ကတော့ တရားခံပဲ။ သူက နှစ်ပေါင်းများစွာလည်း ဒီနေရာမှာ အလုပ်လုပ်လာတဲ့သူ၊
သန္တိသုခနဲ့ပတ်သက်ပြီးတော့ တော်တော်လေးလည်း မက်လောက်အောင် ရထားတဲ့သူ။ လက်လွတ်သွားမယ်ဆိုရင်လည်း ဆုံးရှုံးမှာတွေက အများကြီးလေ။ ပြီးတော့ စာရင်းစစ်တွေဝင်ရင်လည်း သူ့ကိုထိမှာ။ အဲဒီတော့ လုံးဝ အထိမခံဘဲ ဆရာတော် တွေကို ကြိုးကိုင်ခြယ်လှယ်ရင်းနဲ့ တအားကိုကြီးသွားတာ။
မေး။     ။ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့် တာဝန်က ရပ်စဲခြင်းခံရတဲ့အပြင် အရေးယူခြင်းလည်းခံရတယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်မလဲ။
ဖြေ။     ။ ဦးဇင်းတို့ ပစ်တာက ဦးအံ့မောင်၊ သို့သော် ဦးအံ့မောင်က လူလည်ဆိုတော့ သူတော်ကောင်းကို အကာအကွယ် ယူနိုင်တာပေါ့။ သူ့ကိုမထိဘဲနဲ့ သူက ဆွဲပြီးခေါ်လိုက်တဲ့ ဦးဆန်းဆင့်ကို ထိသွားတယ်။
မေး။     ။ သမ္မတက သာသနာရေးနဲ့ပတ်သက်လို့ ၀န်ကြီးတပါးကို ဒီလိုအရေးယူတယ်ဆိုတာက နိုင်ငံရေးအရ ထိုးကျွေး ကစားတဲ့ နိုင်ငံရေးကစားကွက် သဘောမျိုးရော မဖြစ်နိုင်ဘူး။
ဖြေ။     ။ ဦးဇင်းတို့ကတော့ အဲဒီလိုမမြင်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ၀န်ကြီးက၀န်ထမ်းကောင်း၊ ဧရာဝတီတိုင်း မှာလုပ်တုန်းက လည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုရတယ်။ သာသနာရေးဌာနမှာလည်း သံဃာတွေရဲ့ထောက်ခံမှု ကိုရတယ်။ တကယ် ထိုးကျွေးမယ်ဆိုရင်တော့ ၀န်ထမ်းဆိုးကိုထိုးကျွေးမှာပေါ့။ ၀န်ထမ်းကောင်းကို ထိုးမကျွေးပါဘူး။
မေး။     ။ ဒါဆိုရင် ဦးဆန်းဆင့်ကို တာဝန်မှရပ်စဲတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိမယ်ထင်လဲ။
ဖြေ။     ။ ဒီဥစ္စာက ဦးအံ့မောင်ကို နိုင်အောင် မထိန်းနိုင်လို့ပဲ။ ဦးအံ့မောင်ရဲ့အစီအမံတွေနဲ့ နည်းလမ်းမမှန်မကန် ဆောင်ရွက်မှု တွေ မှာ တာဝန်ခံပြီးအရေးယူခံရတယ်လို့ မြင်တယ်။
မေး။     ။  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အစည်းအဝေး( မဘသ )မှာသန္တိသုခအရေးနဲ့ ဆွေးနွေး တာမျိုး ရော ရှိလား။
ဖြေ။     ။ မဘသရဲ့ အဖွဲ့ကြီးက အမျိုးသားရေး တခုထဲကိုလုပ်ဖို့ ဖွဲ့စည်း ထားတာ။ အချင်းချင်း အငြင်းပွားတဲ့ ကိစ္စတွေကို လုံးဝလုပ်မှာမဟုတ်ဘူး။ အဲဒါကြောင့် မဘသအနေနဲ့ သန္တိသုခကိစ္စမှာ ကြေညာချက်မျိုး မထွက်လာတာပေါ့။ မဘသ အမည်နဲ့လုပ်မယ်ဆိုရင်တော့ ကန့်ကွက်မယ်။
ဦးပါမောက္ခ
မေး။     ။ သာသနာရေး ၀န်ကြီးဌာနနဲ့ မဟနတို့ရဲ့ သန္တိသုခ ကျောင်းကို ၀င်သိမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟန အပေါ်မှာ ဘယ်လိုသုံးသပ်မလဲ။
ဖြေ။     ။ မဟနရော၊ ရန်ကုန်တိုင်းအစိုးရရော၊ ရန်ကုန်တိုင်း သံဃအဖွဲ့အစည်းမှာရော အာဏာ လွှမ်းမိုးမှုရှိတာက ဦးအံ့မောင် က အဓိက ရေသောက်မြစ်ပါပဲ။ ဦးအံ့မောင် အကြောင်းကိုပြောမှ ရှေ့နောက် ဆက်စပ်မှုရှိမယ်။ မဟာသန္တိသုခ ကျောင်းဟာ ၁၉၉၅ ခုနှစ်မှာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ နှစ် ၆၀ ဂရန်ပေါက်တယ်။ ၁၉၉၉ ခုနှစ်မှာ ပြည်တွင်း၊ ပြည်ပ အလှူရှင် တွေနဲ့ ကျောင်းတော်ကြီး ကိုဆောက်လုပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ်ခင်ညွှန့် တို့က ပီနန်ဆရာတော်ကို ရေစက်ချလှူဒါန်းတယ်။ ၂၀၀၀ ခုနှစ်မှာ ကျောင်းရေစက်ချ ပွဲလုပ်ပြီး ဂရန်ထက်ခိုင်တဲ့ ပတ္တာ စာချုပ်ကို ရရှိတယ်။ အဲဒီမှာ စင်ကာပူက ပီနန်ဆရာတော်ရဲ့ ကိုယ်စား ဦးစောမြင့်လို့ ပါလာတယ်။ ပီနန်ဆရာတော် ရယ်လို့ တိုက်ရိုက်တော့ မပါဘူး။ ဆရာတော်က ရန်ကုန်မှာမရှိတဲ့အတွက်ကြောင့် စိတ်ချရတဲ့ ဒကာတယောက်က ကိုယ်စား နဲ့ ကျလာတယ်။ ဒါကပိုင်မှု ဆိုင်မှုတွေပေါ့။ကျောင်းပိုင်ဆိုင်မှုက အဲဒီလိုရှိတယ်။ မဟနက ပီနန် ဆရာ တော်ကြီး မရှိခင် ညဘက်ကြီး ၀င်စီးခဲ့တာ။ မဟန က ဦးအံ့မောင်ရဲ့ နောက်ကွယ်က တိုက်တွန်းမှုတွေ၊ နိုးဆော်မှုတွေကြောင့် လုပ်တယ် လို့မြင်တယ်။ မဟနရဲ့ သဘောထားတင်းမာတာတွေ ရှိလာတာတွေ့ရတယ်။ အဲဒီအပိုင်း တွေက အများကြီး။ ဦးအံ့မောင်ရဲ့ ကစားမှုတွေလည်းပါ တယ်။ မဟန ကိုယ်တိုင်ကလည်း ဒီကျောင်းကြီးကို လိုချင်တပ်မက်မှု ရှိတာလည်း ပါတယ်။ ကြားထဲကနေ သံဃာနဲ့ သံဃနာယကကို တမျိုး၊ သံဃနာယကနဲ့ အစိုးရကို တမျိုး၊ သွေးခွဲအောင်တွေ ယုံမှားသံသယတွေဖြစ်အောင် လုပ်ပြီး ဒီကျောင်း ကြီးကို ၀င်စီးကြတယ်။ ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌတို့လည်း ပါတယ်။
မေး။     ။ သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ဆိုရင် သန္တိသုခ ကိစ္စနဲ့ပဲ တာဝန်က ရပ်စဲခြင်းခံရတယ်။ အရေးယူခြင်းခံနေရပြီဆိုတော့ သူက တကယ်ပဲ တာဝန်ရှိတဲ့သူလား။
ဖြေ။     ။ ဦးဆန်းဆင့်က ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကနေ ပြောင်းလာတဲ့သူပါ။ ရောက်တာ ၁ နှစ်လောက်ပဲ ရှိသေးတယ်။ ဦးဆန်းဆင့်ဟာ ဦးအံ့မောင်ရဲ့ လှည့်ကွက်ထဲ ၀င်သွားတယ်လို့ ထင်တယ်။ ဦးအံမောင်ဟာ နှစ် ၅၀ ဆယ်လောက် ဘုန်းကြီးတွေဆီက ချော့တလှည့်၊ ခြောက်တလှည့်နဲ့ တောင်းပြီး စားသောက်နေတဲ့သူပါ။
အဲတော့ ဦးအံ့မောင်ရဲ့ လှည့်ကွက် တွေကို ဦးဆန်းဆင့်က ဘာမှ မသိနိုင်ဘူး။ ရာထူးအနေအထားက ၀န်ကြီး ဖြစ်နေသော်လည်း လုပ်ငန်းကျွမ်းကျင်မှု၊ လိမ်လည်မှုတွေက ဦးအံ့မောင်ရဲ့ အကျင့်တွေကို ဦးဆန်းဆင့်က ဘယ်လိုမှ မသိနိုင်ဘူး။ ဦးအံ့မောင်ရဲ့ လှည့်ကွက်ကြောင့် ဦးဆန်းဆင့်က ကြားထဲက ထိုးကျွေးခံလိုက်ရတယ်လို့ မြင်တယ်။
ဦးဆန်းဆင့်ဝန်ထမ်းတယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ၀မ်းနည်းတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။
မေး။     ။ မဘသအနေနဲ့ သန္တိသုခကျောင်းတိုက် ကိစ္စနဲ့ပတ်သက်လို့ ကြေညာချက်တွေ ဘာလို့ မထုတ်တာပါလဲ။
ဖြေ။     ။ အဲဒီအပေါ်မှာ မသုံးသပ်ပါရစေနဲ့။ သုံးသပ်လိုက်ရင် မဘသနဲ့ သဘောထား မတိုက်ဆိုင်တာတွေ အများ ကြီးရှိတယ်။ သန္တိသုခနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရပဲလုပ်တယ်။ မဘသနဲ့ ပတ်သက်တာဆိုရင် မဖြေချင်ဘူး။ သူတို့ရဲ့ သဘောထားတွေ ဘယ်လိုပဲရှိရှိ အမှန်တရားကို ဘယ်လိုမှ ပြောင်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့နားလည်မှု ပေးပါ။

သတင်းမီဒီယာသမားများကို သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှု စစ်အစိုးရလက်ထက်ကဲ့သို့ ဖြစ်နေ 



သတင်းမီဒီယာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများသည် ယခင်စစ်အစိုးရ လက်ထက်ကဲ့သို့ ကျင့်သုံး နေခြင်းများ ဖြစ်သည်ဟု မီဒီယာသမားများက ဝေဖန်လိုက်သည်။

ယခုရက်ပိုင်းအတွင်း သတင်းမီဒီယာဌာနအချို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်းတပ်ဖွဲ့က ခေါ်ယူ စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ခေါ်ယူမေးမြန်းခြင်းခံရသည့် သတင်းမီဒီယာဌာနများသည် ပြစ်မှုကျူးလွန်ခြင်း တစ်စုံတစ်ရာမရှိဘဲ အဆိုပါဌာန၏ ၀င်ငွေ၊ ထွက်ငွေ အစရှိသည့် စီးပွားရေးလမ်းကြောင်းကိုသာ ခေါ်ယူမေးမြန်းခြင်းဖြစ်သည့်အတွက် မီဒီယာသမားများက ယင်းကဲ့သို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “အပြစ်တစ်စုံတစ်ရာရှိလို့ ခေါ်ယူမေးမြန်းတယ်ဆိုရင်လည်း ဟုတ်တယ်။ အခုက လုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး။ သူတို့အနေနဲ့ သိချင်တာ သိကောင်းရှိနိုင်ပေမယ့် တိုက်ကို လာရောက် မေးမြန်းတာပဲ ရှိသင့်ပါတယ်”ဟု အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ သုံးသပ်သည်။

သတင်းစားဂျာနယ်နှင့် ပတ်သက်သည့် စီးပွားရေးလမ်းကြောင်းများကို ခေါ်ယူ မေးမြန်းခြင်းသည် အကောက်ခွန်ဦးစီးဌာနနှင့်သာ သတ်ဆိုင်ပြီး ယင်းကဲ့သို့မေးမြန်းမှုများအပေါ် သတင်းမီဒီယာများဘက်မှ တုံ့ပြန်မှု တစ်စုံတစ်ရာရှိလာနိုင်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။

သတင်းတပ်ဖွဲ့က ခေါ်ယူစုံစမ်းခြင်းကို ခံခဲ့ရသည့် ယူနတီဂျာနယ်ရုံးအဖွဲ့မှူး ဦးအောင်ထွန်းဝင်းက “သူတို့က ဂျာနယ်ရဲ့ ရပ်တည်ချက်နဲ့ ၀င်ငွေထွက်ငွေကို မေးတာပါ။ နောက် ဂျာနယ်သတင်းစာတွေ အကုန်လုံးကို ခေါ်မေးမြန်းမယ်လို့တော့ ပြောတယ်။ နေ့လယ်က သွားခဲ့တာပါ”ဟု ပြောသည်။

သတင်းရေးသားဖော်ပြမှု တစ်စုံတစ်ရာ မှားယွင်းမှုမရှိဘဲ ယင်းကဲ့သို့ သတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံမှုများသည် ယခင် စစ်အစိုးရလက်ထက်ကပင် မရှိခဲ့ဟု ၀ါရင့်သတင်းစာဆရာများက ဆိုသည်။

ဧရာဝတီ သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ ဦးရဲနည် “ဒါက အခွန်ဌာနနဲ့ပဲ ဆိုင်တဲ့ ကိစ္စပါ။ ဒီလိုမျိုးသတင်းတပ်ဖွဲ့က ၀င်မေးတယ်ဆိုတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ”ဟု ပြောသည်။

ဖွံ့ဖြိုးလာသည့် ပုဂ္ဂလိက သတင်းမီဒီယာများအပေါ် တင်းကျပ်မှုများဖြစ်လာပါက ဖွံ့ဖြိုးတိုးတက်မှုတွင် အနှောက်အယှက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မီဒီယာများ၏ ငွေစာရင်းကိုလည်း ထုတ်ပြန်ကြေညာပေးသင့်သည်ဟု ဦးရဲနည်က ဆိုသည်။

သတင်းတပ်ဖွဲ့မှ ယူနတီဂျာနယ်၊ Myanmar Post နှင့် The Voice သတင်းဌာန တို့ကို ခေါ်ယူတွေ့ဆုံမေးမြန်းပြီးဖြစ်သည်။

ယုဝေ
Mizzima - News in Burmese
ဆုတောင်းကြမ်း လိုက်ကြပုံများ... (ဟာသ အမြင်ဖြင့်သာ)

  မေတ္တာရပ်ခံပါတယ်


 79st,32×33ကြား(ဘူတာကြီး နောက်ကျော)တွင် စိတ်ဝေဒနာရှင် အမေအို တစ်ယောက်အား လူသားမဆန်စွာ လာရောက်စွန့်ပစ်ထားပါတယ်...အမေအိုမှာ မိုးရွာရွာ,နေပူပူ မြေကြီးပေါ်မှာသာ အိပ်စက်နေရရှာပါတယ်..လူမှုဝန်ထမ်းစိတ်ရှိသော လူမှုရေးအသင်းအဖွဲ့များမှ ကူညီစောင့်ရှောက်ပေးနိုင်ပါရန် facebook စာမျက်နှာမှတဆင့် တင်ပြလိုက်ရပါတယ်..friend များအားလုံးလည်း share ပေးကြပါရန် မေတ္တာရပ်ခံပါတယ်..ကျေးဇူးတင်ပါတယ်ခင်ဗျာ...

 FB ညီနောင်တစ်ဦး 

မြန်မာ့ဆေးလောကရဲ့ မိခင်ကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ နောက်ဆုံးခရီး

 

 

 

ဆေးပညာလောကမှာ မာမီကြီးလို့ လူသိများပြီး မြန်မာမျိုးဆက်သစ် ဆေးပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ ဆရာမကြီး ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဈာပနကို ဇွန် ၂၁ရက်နေ့က ရေဝေးသုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ ဆရာမကြီးဟာ ဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ယောက်အဖြစ် ဘယ်လို နေထိုင်သွားခဲ့လဲ။
၁၉၉၅ကစတင်ပြီး လူတိုင်းအတွက် ထိုးတဲ့ခေါင်းဆောင် စာအုပ်ကို စတင်ရေးသားခဲ့ပြီး အသက် ၉ဝကျော်တဲ့အထိ အသိပညာဉာဏ်ကြီးမားစွာနဲ့ ဝီရိယရှိရှိ လူ့လောကကောင်းကျိုးကို သေဆုံးချိန်ထိတိုင် ထမ်းဆောင်ခဲ့သူပါလို့ ဆရာမကြီးရဲ့သား ဒေါက်တာမြင့်ဇံက ပြောပါတယ်။
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ဟာ ပန်းနာရင်ကြပ်၊ ကျောက်ကပ်နဲ့ နှလုံးဝေဒနာတွေကို ခံစားနေရပေမယ့် မြန်မာတွေ သိပ္ပံအမြင်ရှိဖို့၊ သက်ကြီးဆရာတွေကို ထောက်ပံ့ဖို့နဲ့ ပညာရေးဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုကို အကောင်အထည်ဖော်ရင်း ဇွန် ၁၉ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မြင့်မြတ်တဲ့စိတ်ထားနဲ့ ဘဝကိုရှင်သန်နေထိုင်ခဲ့တဲ့ အသက် ၉ဝကျော် လူသားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်နှစ်သိမ့်မိပါတယ်လို့ မိသားစုဆရာဝန်ဖြစ်တဲ့ ပါမောက္ခ ဦးမျိုးသွယ်က ပြောပါတယ်။ မြန်မာပြည်ဆေးလောက တိုးတက်အောင် ဖန်တီးသူ ၃ယောက်ထဲ ၂ဦးမြောက် ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒေါက်တာမြင့်မြင့်ခင် နောက်ဆုံးရေးသားခဲ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ အဆင့်အတန်း မြင့်မားပုံကို သမိုင်းနောက်ခံနဲ့ ချိန်ထိုးပြီး ဆေးရုံကုတင်ပေါ် ရေးသားထားခဲ့တဲ့ စာမျက်နှာ ၃ဝဝကျော် စာအုပ်ကို ဒီနှစ်ကုန်မှာ ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။