မန္တလေးမြို့ နောက်ဆုံး အခြေအနေ (Update)
မန္တလေးမြို့တွင် ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့်ကို ဇူလိုင်လ
၎ရက်က ပုသိမ်ကြီးမြို့နယ်ကိုပါ ထပ်တိုးလိုက်ပြီး မန္တလေးနှင့် အနီးဆုံး
ဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း၌လည်း လုံခြုံရေးကင်းလှည့် နေသည်ဟု
သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။
ဇူလိုင်လ ၄ရက် ညနေ ၄နာရီတွင် ပုသိမ်ကြီးမြို့နယ်အား
နယ်မြေလုံခြုံရေးအနေအထားအရ ညမထွက်ရအမိန့်တွင် ထည့်သွင်းလိုက်သည်ဟု
ထုတ်ပြန်လိုက်ကြောင်း မန္တလေးခရိုင် အထွေထွေခရိုင် ဦးစီးမှူး ဌာနက
တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။ယင်းအပြင် မန္တလေးမြို့နှင့် အနီးဆုံး တိုင်းတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မြို့နယ်များ၊ ကျေးရွာများတွင်လည်း ဇူလိုင်လ ၃ရက် ညဦးပိုင်းက စတင်ကာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက လုံခြုံရေးအရ လှည့်လည်ကင်းစောင့်လျက် ရှိသည်ဟု စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၏ ကိုယ်ရေး အရာရှိက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရုံးကြီးရပ်ကွက်၊ အေးသာယာရပ်ကွက်၊ လယ်တီရပ်ကွက်၊ မြဝတီ ရပ်ကွက်နှင့် အလုံရပ်ကွက် တို့တွင် ရဲအင်အား ၁၅၀ဖြင့် ကင်းလှည့်နေခြင်း ဖြစ်သည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးချင်စိန်က မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၄ရက်က မန္တလေးမြို့ ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ကိုထွန်းထွန်း(ခေါ်) ရောင်ပြန်၏ ဈာပနအပြီး လိုက်ပါပို့ဆောင်သူများထဲမှ တုတ်များကိုင်ထားသည့် လူအချို့က အာရ်ဗီစာသင်ကျောင်းကို ဝင်ရောက် ဖျက်ဆီးခဲ့၍ အနည်းငယ် ပျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့သူအချို့က ဆိုသည်။ ထို့ပြင် မန္တလေးမြို့ ၁၅လမ်းနှင့် ၁၆လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ နေအိမ်တအိမ်ကို ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီက လူအချို့က ခဲများဖြင့် ပစ်ပေါက်ခဲ့သည်ကို မဇ္ဈိမသတင်းထောက် မြင်တွေ့ခဲ့သည်။
သို့သော် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးကမူ ယင်းဖြစ်ရပ်သည် မဟုတ်မှန်ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ငြင်းဆိုသည်။
“လောလောဆယ် အခြေအနေက အေးဆေးပဲ။ စာသင်ကျောင်း အဖြိုခံရတယ်ဆိုတာလည်း မဟုတ်ဘူး။ လုံခြုံရေး အခြေအနေလည်း ပုံမှန်အတိုင်းပါပဲ" ဟု အမည်မဖေါ်ပြသည့် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ညနေ ၄နာရီခန့်တွင် ပုသိမ်မြို့ကို ညမထွက်ရအမိန့် ကြေငြာလိုက်ခြင်းလည်း ဖြစ်သည်။
ဇူလိုင် ၃ရက် ညနေမှ စကာ မန္တလေးမြို့အတွင်းရှိ ပုသိမ်ကြီး မြို့နယ်မှ အပ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနှင့် တည်ငြိမ်အေးဆေးကြရန်၊ ချုပ်တည်းသည်းခံကြရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟူးဂိုးဆွိုင်းယားက ၎င်း၏ တွစ်တာ(Twitter)စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာမွတ်စလင်များအသင်း (BMA)ကလည်း မန္တလေးမြို့အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ပြင်ထန်စွာ ဝေဖန်သည်ဟု ဇူလိုင်လ ၄ရက်က ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
မန္တလေးမြို့ ဇူလိုင် ၂ရက်၊ ညနှင့် ဇူလိုင် ၃ရက် နံနက်က မဟာအောင်မြေမြို့နယ်တွင် အကြမ်းဖက် ဆူပူ မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ၁၄ဦးရရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပဋိပက္ခသည် အပျော်တမ်းအင်တာနက် စာမျက်နှာတစ်ခုတွင် ဖော်ပြသည့် သတင်းတစ်ပုဒ်ကို အခြေပြုဖြစ် ပေါ်ခဲ့သည်ဟု ယုံကြည်ရပြီး ထိုသတင်းကြောင့် မဖြစ်သင့်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ကိုညိုထွန်းက ပြောသည်။
Written by မဇ္ဈိမသတင်းဌာန