Thursday, June 19, 2014

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီးအမှုဖွင့်ထား

 

ပြည်သူသဘောကျလက်ခံသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁ဝဝ ခန့် အလွဲသုံးစားပြုမှုဖြင့် စသုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
နေပြည်တော် ဥတ္တရသီရိမြို့ ရုံးအမှတ် ၃၁ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလအထိ သာသနာ့ဝန်ကြီးဌာန၏ စည်းကမ်းချက်တွင်ပါဝင်ခြင်းမရှိသော လုပ်ငန်းရပ်ဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော်ကို မိသားစုအလှူ တစ်ရပ်အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်ဝန်ထမ်းများအား ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ၊ စက်သုံးဆီအပါအဝင် ငွေကျပ် ၃၃ သိန်းကျော်ကို မိသားစုအနေဖြင့်လှူဒါန်းသော ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၃ဝ.၁၁.၂ဝ၁၃ တွင် ဌာနသို့ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ၂ဝ.၁၂.၂ဝ၁၃ တွင် ပြုလုပ်ခဲ့သည့် ယင်းစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ ကျပ်သိန်း ၁ဝဝ ကျော် ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများအနက် ငွေ ကျပ် ၂၈ သိန်းကျော်ကို ၆.၁၁.၂ဝ၁၃ နေ့မှာ ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ကျန်ငွေ ၇၂ သိန်း ကျော်ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့် မိသားစုအနေဖြင့်လှူဒါန်းကာ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီးနောက် ဝန်ကြီးဌာနငွေစာရင်းများတွင် မမှန်မကန် စာရင်းပြခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဆန်းဆင့်အပေါင်းအပါများအား ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/ ၁ဝ၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်း မြို့မရဲစခန်းတွင် စ.စ.စ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့အတူ ယခင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးတိုးမြှင့်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် အဂတိတရားနည်းပါးသူအဖြစ်လည်း မှတ်ယူခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌရာထူးမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများ က ၎င်းအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ရာထူးတွင်သာ ဆက်လက်တာဝန်ယူရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းခံရသူတစ်ဦးလည်း ဖြစ်သည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းတွင် သံဃာတော်များကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်ကာလ၌ သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတ၏ သာသနာရေးအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ဇွန် ၁၉ ရက်တွင် ခန့်အပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ယနေ့ညနေသတင်း၌ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲအချို့ ရှိမည်ဖြစ်ပြီး ပြည်သူလူထုနှင့်နီးစပ်သော သဘောထားပျော့ပျောင်းသည့်ဝန်ကြီးများ အနားပေး (သို့မဟုတ်) အထုတ်ခံရဖွယ်ရှိသည်ဟု သိရသည်။
ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။
သို့ရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ စကားကျွံမှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြည်ထောင်စုဝန်ကြီးအချို့ ပါဝင်ဖွယ်မရှိဟု ခန့်မှန်းနေကြသည်။
“တပ်မတော်ဖက်က ငြိမ်းချမ်းရေးကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ နာမည်ပျက်တဲ့လူတွေ၊ မီဒီယာအပေါ်မှာ စကားအမျိုးအမျိုးပြောတဲ့ သူတွေနဲ့ပတ်သက်ပြီး သမ္မတကိုတင်ပြထားလို့ သိရတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကိုတော့ လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်းမှာတော့ ဖယ်ရှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့ ဘယ်သူဖြစ်ဖြစ် သူတို့မချောင်ဘူး” ဟု ဝါရင့် ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။
၂ဝဝ၄ ခုနှစ်ကလည်း တပ်မတော်၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိကြီးများအား လာဘ်စားမှုဖြင့် အနှစ် ၁ဝဝ ကျော် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့အပြီး ဦးဆန်းဆင့်အား လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ယခင် နရက အစိုးရလက်ထက်၌ လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ပျက်အနည်းဆုံးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးဆန်းဆင့်မှာလည်း ၎င်းကိစ္စ၌ နာမည်ပျက်နည်းသူ ဖြစ်သည်။
ယခု ဦးဆန်းဆင့်အား အရေးယူသောကိစ္စမှာ အံ့ဩဖွယ်ရာကိစ္စဖြစ်ပြီး သိန်းသောင်းနှင့်ချီ၍ အလွဲသုံးမှု သတင်းထွက်ပေါ်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးအား အလုပ်မှနုတ်ထွက်ခွင့်သာပြုခဲ့ပြီး အရေးယူမှု မပြုခဲ့ချေ။ ယခင် တော်လှန်ရေးကော်စီမှစ၍ မဆလနှင့် စစ်အစိုးရအစဉ်အဆက် ထိပ်တန်းအရာရှိကြီးများ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူမှုအများစုမှာ နိုင်ငံရေးနှင့်ဆက်စပ်မှု အများစုသာဖြစ်ခဲ့သည်။
“အခု လာဘ်ပေးရတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးအဆင့် မပြောနဲ့ DG ၊ MD အဆင့်မှာတောင် သိန်း ရာဂဏန်းမရပါဘူး။ တချို့ဆိုရင် ဒေါ်လာ သန်းရာချီ ချမ်းသာတယ်လို့တောင် သိရပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
မည်သို့ပင်ဖြစ်စေ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသော သမ္မတဦးသိန်းစိန်အတွက် ပထမဆုံးအရေးယူမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် လက်ကျန် တစ်နှစ်ခွဲအတွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ သူတို့ သားသမီး မိသားစုတွေရဲ့ပိုင်ဆိုင်မှုနဲ့ အလွဲသုံးမှုအစစ်အမှန်တွေကို ပြည်သူတွေနဲ့ တာဝန်သိ ဝန်ထမ်းအဆင့်ဆင့်တွေက ဖော်ထုတ်ကြပါလိမ့်မယ်။ သမ္မတအနေနဲ့ ကျန်တဲ့ဝန်ကြီးတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေကို အတိအကျတိုင်ရင် အရေးယူမလား စိတ်ဝင်စားပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုပါသည်။
(်ပုံစာ - မေ ၂၉ က ရှမ်းပြည်နယ် ဟိုပုံးတွင် ပြုလုပ်သည့် ဘုန်းတော်ကြီးသင်ကျောင်းများညီလာခံသို့ တက်ရောက်ခဲ့သော သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို လုထုမြင်ကွင်းတွင် နောက်ဆုံးမြင်တွေ့ခဲ့ရစဉ်)

iOS 8 beta 2 တွင် Zawgyi Font ကို မြန်မာလို ရေးဖတ်နိုင်ပြီ

----------------------------------------------------------------

 
ဓာတ်ပုံ - Saturngod Blog’s News Facebook page

iOS 8 beta 2 version တွင် Zawgyi Font ကို မြန်မာလို ရေးဖတ်နိုင်ပြီဖြစ်ကြောင်း အဆိုပါ application ကိုရေးသားနေသည့် developer ကိုထိန်လင်းရွှေက ၎င်း၏ Facebook စာမျက်နှာတွင် ပြီးခဲ့သည့် နာရီပိုင်းက ရေးသားဖော်ပြထားသည်။
မြန်မာလိုရိုက်နိုင်ပြီး မြန်မာလိုပါ မြင်နိုင်သည့် အဆိုပါ Zawgyi Keyboard ကို iOS 8 beta 2 version တွင် အသုံးပြုသည့်အ ခါ ယခင် iOS 7.1, iOS 7.1.1 များကကဲ့သို့ Zawgyi Font Profile ကို အကြိမ်ကြိမ် ပြန်သွင်းရန်မလိုဘဲ တစ်ကြိမ်သွင်းထားရုံနှင့် အသုံးပြု၍ ရနိုင်ပြီဖြစ်သည်။ Apple က ယခုနှစ် စက်တင်ဘာလတွင် ဖြန့်ချိမည့် iOS 8 တွင် အသုံးပြုနိုင်သော ဇော်ဂျီမြန်မာကီးဘုတ်ကို အွန်လိုင်းပေါ်မှ အခမဲ့ download ရယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း developer ကိုထိန်လင်းရွှေက ဆိုထားသည်။
ထို့အပြင် Android ကဲ့သို့ နှစ်သက်ရာ မြန်မာစာကီးဘုတ်ကို ထည့်သွင်းအသုံးပြုနိုင်မည့် iOS 8 တွင် iPhone 5C ဖုန်းများ၌ ဖုန်းအရောင်နှင့် လိုက်ဖက်သည့် နှစ်သက်ရာ အရောင်ရွေးချယ်နိုင်မည့် မြန်မာ keyboard များကိုလည်း အသုံးပြုနိုင်ရန် developer ကိုထိန်လင်းရွှေက လုပ်ဆောင်ထားကြောင်း သိရသည်။

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

 

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
သမ္မတ၏ အကြံပေးအဖွဲ့အဖြစ် ယခင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့သုံးဖွဲ့ထားရှိရာမှ ယခုအမိန့်စာအရ အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်မံ တိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထပ်မံတိုးချဲ့ဖွဲ့စည်းခန့် အပ်လိုက်သော အဖွဲ့များမှာ သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေးအကြံပေးအဖွဲ့၊ ပညာရေးအကြံပေးအဖွဲ့တို့ဖြစ်သည်။
သာသနာရေးအကြံပေးအဖွဲ့တွင် ယခင်သာသနာရေးပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်အား အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးစိန်ဝင်း အောင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ထားသည်။
ထို့အပြင် ကျန်းမာရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအား ခန့်အပ်သည်။ ပညာရေးအကြံပေးအဖွဲ့တွင် ယူနီဆက် မှ အငြိမ်းစားဝန်ထမ်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သမ္မတ၏ အမျိုးသားစီးပွားရေးနှင့်  လူမှုရေးအကြံ ပေးကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ခဲ့သည်။
မူလက ဖွဲ့စည်းထားပြီးဖြစ်သော စီးပွားရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်ထွဋ်ဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခန့် အပ်ထားသည်။
သမ္မတသက်တမ်းသုံးနှစ်နှင့် တစ်လကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော သမ္မတဦးသိန်းစိန်တွင် အထက်ပါအကြံပေးအဖွဲ့များအပြင် သမ္မတ၏ အမျိုးသား စီးပွားရေး၊ လူမှုရေးအကြံပေးကောင်စီလည်းရှိသည်။

ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး မားစ်ဗိုင်းရပ်စ်ရောဂါ တွေ့ရှိဟု အစိုးရပြော 

 အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါ မားစ် ဗိုင်းရပ်စ် နိုင်ငံတွင်း ပထမဆုံးတွေ့ရှိမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က အစီရင်ခံပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးပြီး အမေရိကန်မှာ နေထိုင်သူတယောက်ဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ ဇာတိမြေကို ပြန်လာအပြီး ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။
သူ့အခြေအနေ တိုးတက်လာပေမယ့် ဒါကာဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရဆဲလို့ ကူးစက်ရောဂါဗေဒတက္ကသိုလ်က ရောဂါထိန်းချုပ်ရေးနဲ့ သုတေသနဌာနရဲ့ ညွှန်မှူး မာမွတ် ဒါရာမန်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

အဘူဒါဘီလေဆိပ်နဲ့ လေယာဉ်ပေါ်မှာ ၃ နာရီကြာကာလအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရတာ အဖြစ်နိုင်ဆုံးပဲလို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မားစ်ဗိုင်းရပ်စ်ကူးစက်တဲ့ ၂၂ ခုမြောက်နိုင်ငံလို့လည်း ရာမန်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ သန်းဟာ မားစ်ရောဂါ ကူးစက်ပျံ့ပွားရာ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အလုပ်လုပ်နေပြီး ၃ ပုံ ၂ ပုံကျော်ကတော့ ဗိုင်းရပ်စ် စတင်ထွက်ပေါ်ရာ ဆော်ဒီအာရေဗျနိုင်ငံမှာ အလုပ်လုပ်နေတယ်လို့ ရာမန်က ဆက်ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကနေ ပြန်လာပြီး ရောဂါကူးစက်မှု ရှိခဲ့တဲ့နိုင်ငံတွေထဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကနိုင်ငံတွေ အတော်များများအပြင် အမေရိကန်နဲ့ နယ်သာလန်နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ထွက်ပေါ်လာတဲ့ မားစ်ဗိုင်းရပ်စ်ဟာ ရာနဲ့ချီတဲ့လူတွေကို ကူးစက်ခဲ့ပြီး ဆော်ဒီတနိုင်ငံတည်းမှာတင် သေဆုံးသူ ၂၈၄ ယောက်ရှိခဲ့ပါတယ်။

By ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ မန္တလေးတိုင်း မြို့နယ်အသီးသီးတွင် ကျင်းပ 

  မန္တလေး၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၉နှစ်ပြည့် မွေးနေ့ပွဲကို ဇွန်လ ၁၉ရက် နံနက် ၁၀နာရီက မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်၊ ခရိုင်၊ တိုင်းတို့မှ ပါတီဝင်များ တက်ရောက်ခဲ့ပြီး မန္တလေးအတွင်းရှိ မြို့နယ် အသီးသီးတွင်လည်း မွေးနေ့ပွဲ့ကို ကျင်းပခဲ့သည်။ ထို့ပြင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းများ ကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်း လှူ ခြင်းနှင့် သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

"ပါတီအနေနဲ့ မြို့နယ်အသီးသီး ရပ်ကွက်အသီးသီးမှာ တစ်ပြိုင်တည်း ကျင်းပနေပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ရယ်လို့ မဟုတ်ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအင်အားစုကြီးရဲ့ မွေးနေ့ပွဲပါ။"ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက မဇ္ဈိမကိုပြောသည်။

အဆိုပါမွေးနေ့ပွဲသို့ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ စသည့် အဝေးမြို့နယ်များမှ ပါတီဝင်များလည်း တက်ရောက်ကြသည်။ တက်ရောက်လာကြသော ပါတီဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရ စကားများ ပြောကြားကြပြီး ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်စေရန်အတွက်လည်း မွေးနေ့ဆုမွန်ကောင်းအဖြစ် တောင်းဆိုမှုများပြုလုပ်သည်။

 အောင်ကိုဦး
 Mizzima - News in Burmese

နိုးထကြပါတော့ ရွှေမန်းသားများ (သို့) တရုတ်ခံတွင်းထဲက မြန်မာ့ယဉ်ကျေးမှုမြို့ 

 ပြီးခဲ့တဲ့အပတ်က မန္တလေးမြို့ ကြက်ဆီထမင်းဆိုင် တစ်ဆိုင်ရှေ့မှာ ဆိုင်ကထွက်လာတဲ့ တရုတ်နိုင်ငံသားပိုင်ကားနဲ့ မြန်မာလင်မယားစီးလာတဲ့ ဆိုင်ကယ် တိုက်မိမလို့ ဖြစ်ရာကနေ စကားများကြရာ ပြည်ပ တရုတ်နိုင်ငံသား လေးဦးက မြန်မာ လင်မယား နှစ်ဦးကို လည်ပင်းညှစ်ပြီး လက်သီးနဲ့ ၀ိုင်းထိုးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းက အင်တာနက် လူမှုကွန်ရက်တွေ၊ မီဒီယာတွေမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။

အခုနောက်ပိုင်း မန္တလေးမြို့မှာ မြို့ခံမြန်မာတွေနဲ့ တရုတ်နိုင်ငံသားတွေ ပြဿနာဖြစ်တာ ခပ်စိပ်စိပ် တွေ့မြင်လာရပါတယ်။ အဲဒီလို ပြသနာဖြစ်တိုင်းမှာလည်း ကျွန်တော်တို့ အုပ်ချူပ်သူ အာဏာပိုင်တွေက ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့မှု လုံးဝ မရှိခဲ့ဘဲ တရုတ်တွေ ဘက်ကပဲ အကာအကွယ် ပေးခဲ့ပါတယ်။ အခုဖြစ်ခဲ့တဲ့ ပြဿနာမှာလည်း သက်ဆိုင်ရာ ရဲစခန်းက တရုတ်တွေကို လာရောက်ခေါ်ဆောင်သွားပြီး အရေးယူ ဆောင်ရွက်မှု မရှိဘဲ ချက်ချင်း ပြန်လွှတ်ပေး လိုက်တယ်လို့ သိရပါတယ်။

ဟိုအရင်ကလည်း မန္တလေး ကျောက်ဝိုင်းမှာ မြန်မာလူငယ် တစ်ယောက်ကို တရုတ်နိုင်ငံသားတွေက သူတို့အခန်းထဲ ခေါ်ပြီး ၀ိုင်းထိုးကြိတ်ကြတဲ့အမှု၊ တရုတ်က စခန်းမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမှုတွေမှာလည်း တရုတ် နိုင်ငံသားတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့တာ လုံးဝမရှိခဲ့ ပါဘူး။ အဲဒီလို အုပ်ချုပ်သူ အစိုးရက ကိုယ့်နိုင်ငံသားများ ဘက်ကနေ အကာအကွယ် မပေးခဲ့တဲ့အတွက် ဧည့်တရုတ်တွေဟာ အိမ်ရှင်တွေကို စော်ကားလာရုံ သာမက အိမ်ဦးခန်းတက်ပြီး မစင်စွန့်နေကြပါပြီ။

တရုတ် အစိုးရကတော့ သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေကို ထိရင် ဘယ်လို လက်တုံ့ပြန်တယ်ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကိုယ့်နိုင်ငံသား စိုင်းနော်ခမ်းကို သူတို့နိုင်ငံမှာ အရေးယူ ဆောင်ရွက် ခဲ့ပုံကို ကြည့်ရင်သိမှာပါ။ စိုင်းနော်ခမ်းရဲ့ တရုတ် ရဲအရာရှိတွေရှေ့မှာ ဒူးထောက်ပြီး ထိုင်ခိုင်းတာ ကြိုးနဲ့တုပ်၊ ကားပေါ်တင်တာတွေ နောက်ဆုံး ဆေးထိုး အသတ်ခံရခါနီး အချိန်ထိ လူ့သိက္ခာ တစ်ပြားသားမှ ထည့်မတွက်ဘဲ ရုပ်သံတွေကနေ တိုက်ရိုက် တင်ဆက်ပြသ ခံခဲ့ရပြီး ကြက်လေး ငှက်လေး တစ်ကောင်လို လွယ်လွယ်ကူကူ သတ်သွားတာဟာ သူတို့နိုင်ငံသားကို ထိရင်မရဘူး။ မြန်မာနိုင်ငံကို သူတို့ဘယ်လိုနိုင်ကြောင်း ကမ္ဘာကို ပြသွားတာပါပဲ။

အပြစ်ရှိလို့ အပြစ်ပေးခံရတာ မဆန်းပေမယ့် ကိုယ့်နိုင်ငံသား တစ်ဦး သူများနိုင်ငံရဲ့ တရားခွင်မှာ အကာအကွယ်မဲ့ စီရင်ခံရပြီး လူတစ်ယောက်ရဲ့ သိက္ခာကို တန်ဖိုးမထား နင်းခြေပစ်တဲ့ လုပ်ရပ်တွေဟာ အချုပ်အခြာ ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုကို စော်ကားလိုက်တာပဲလို့ ခံစားမိပါတယ်။

သူတို့တွေနဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ နေရာမှာလည်း သူတို့ တွေရဲ့ အနိုင်ကျင့်လွှမ်းမိုးချယ် လှယ်မှု၊ လူလည်ကျမှုကို ကျွန်တော် တို့မြန်မာလူမျိုးတွေ ခံနေရတာပါပဲ။ မန္တလေးကျောက်ဝိုင်းမှာ နယ်စပ် ကုန်သွယ်ရေးတွေမှာ၊ စီးပွားရေး နယ်ပယ် အသီးသီးမှာ သူတို့ရဲ့ လူပါးဝမှုကို ခံနေရပါတယ်။ ကိုယ့်နိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း အားလုံးနီးပါးမှာ သူတို့က မတရား အသာစီး ရယူထားတာချည်းပါပဲ။ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ ရာခိုင်နှုန်း ၇၀ ကျော်ကို တရားဝင်၊ တရားမ၀င်နည်းနဲ့ တူးဖော်သုံးစွဲ ခွင့်ရနေတာက တရုတ်နိုင်ငံပါ။ တိုင်းပြည်ရဲ့ အရေးကြီး လုပ်ငန်းတွေဖြစ်တဲ့ လေဆိပ်မှန်သမျှ ဆိပ်ကမ်းမှန်သမျှ လမ်းလုပ်ငန်းတွေကို လုပ်ငန်း လုပ်ကိုင်ခွင့်ရနေတာ သူတို့ပါပဲ။ သူတို့ စီမံကိန်းတွေကို ကြည့်ရင် ကိုယ့်တိုင်းပြည်ကို အကျိုးပြုတဲ့ စီမံကိန်း မပါသလောက်ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတတွေဟာ နှစ်နိုင်ငံ ခွဲသုံးနေရသလို ဖြစ်နေတာပါ။

ဟိုတလောကပဲ တရုတ်နိုင်ငံက ကော်စေ့တွေ တင်သွင်းတာကို အိတ်တွေထဲမှာ ကျောက်ခဲတွေ သဲတွေ ထည့်ပေးလိုက်တာတွေ၊ ကိုယ့်နိုင်ငံက သစ်တွေ တန်သောင်း ချီပြီး ခိုးထုတ်တယ်။ သစ်ခုတ်ခ အတွက် ပိုက်ဆံပေးချေတဲ့အခါမှာလည်း ယွမ်ငွေ အတုတွေ ပေးချေနေတာတွေဟာ တရုတ်တွေဟာ မြန်မာပြည်ကို ဘယ်လောက် အထိ အနိုင်ကျင့် စော်ကားနေတယ် ဆိုတာတွေ့ရမှာပါ။ ဒီလိုတွေ ပြုလုပ်လို့ တရုတ် အစိုးရကို တိုင်တဲ့ အခါမှာလည်း လုံးဝ အရေးယူ ဆောင်ရွက်ပေးမှု မရှိခဲ့သလို မိမိ အစိုးရကလည်း ၀င်ရောက် ဆောင်ရွက်ပေးတာမျိုး မရှိပါဘူး။ တရုတ်တွေဟာ ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာကျော် ငတုံးများအဖြစ် သတ်မှတ်ချိုးနှိမ်ပြီး ဆက်ဆံနေတာဟာ အသိဉာဏ်မရှိတဲ့ အုပ်ချုပ်သူ အစိုးရနဲ့ အသားထဲက လောက်ထွက်တဲ့ ခရိုနီ လူတန်းစားတွေကြောင့်ပဲ ဖြစ်ပါတယ်။

တရုတ်တွေက ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေကို မတရားခိုးယူ နေတာတွေကို ကိုယ့်နိုင်ငံသားတွေကို စော်ကားချင်တိုင်း စော်ကားနေတာတွေ၊ ကိုယ့်နိုင်ငံက အမျိုးသမီးတွေ အပျော်မယား အဖြစ် ၀ယ်ယူပေါင်းသင်းပြီး လိင်ကျွန် အဖြစ် ဆက်ဆံနေတာတွေကို အုပ်ချုပ်သူ အစိုးရက အရေးယူ ဆောင်ရွက်မှု မရှိဘဲ ပြည်သူတွေဟာ မိဘမဲ့ သားသမီးတွေလို လူမလေး ခွေးမခန့် ဘ၀ဖြစ်နေရတာ အင်မတန် စိတ်နာစရာ ကောင်းလှပါတယ်။

အုပ်ချုပ်သူ အစိုးရကိုယ်၌က တရုတ်တွေကို အကာအကွယ်ပေး ထားတော့ အခုဆိုရင် မန္တလေးမြို့ ခံတွေဟာ တရုတ်လူမျိုးတွေရဲ့ မထီမဲ့မြင် စော်ကားမှုတွေ၊ ရန်ရှာမှုတွေကို ခံနေကြရပါတယ်။ အရင် တစ်ချိန်က အာရှမှာ ကျားရဲတစ်ကောင်လို နေထိုင်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ စစ်အာဏာရှင်တွေရဲ့ နှစ်ပေါင်း ၅၀ကျော် အမိန့်အာဏာနဲ့ ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ခဲ့လို့ တိုင်းပြည်ဟာ ချွတ်ခြုံကျအောင် ဆင်းရဲမွဲတေသွားတယ်။ တိုင်းတစ်ပါးသားတွေရဲ့ နားရွက် တံတွေးဆွတ် အနိုင်ကျင့် စော်ကားတာ ကိုလည်း ခံနေရပါပြီ။ ရောက်လေရာ နိုင်ငံမှာလည်း မျက်နှာအောက်ကျို့ နေရပြီး ကိုယ့်နိုင်ငံမှာ နေတော့လည်း သူတို့တွေရဲ့ အနိုင်ကျင့်ခံ၊ အစော်ကားခံ ဘ၀ဖြစ်နေပြီး အရင်က ကျားက အခုတော့နွား ဖြစ်သွားပါပြီ။

မန္တလေးမြို့မှာ တရုတ်တွေ ဘယ်လောက်လွှမ်းမိုးဝါးမျိုသွား သလဲဆိုရင် တစ်မြို့လုံး တရုတ်လူမျိုး၊ တရုတ်ဘုံကျောင်း တရုတ် စာသင်ကျောင်းတွေနဲ့ ပြည့်နေပါပြီ။ မြို့ထဲမှာ မန္တလေးသား စစ်စစ်ဆိုလို့ တောင်ပေါ်က မန္တလေး ဘိုးဘိုးကြီးပဲ ကျန်ပါတော့တယ်။ အစိုးရ အနေဖြင့် မွတ်စလင် လူမျိုးတွေရဲ့ ဗလီဆောက်ခွင့် စာသင်ကျောင်း တည်ဆောက်ခွင့်တွေကို ထိန်းချုပ်ထားပေမယ့် တရုတ်ဘုံကျောင်း၊ တရုတ်စာသင်ကျောင်းတွေကို အထိန်းအကွပ်မရှိခွင့်ပြုထားတာ နားမလည်အောင် ဖြစ်ရပါတယ်။ မြန်မာကလေးတွေတောင် တရုတ် ကျောင်းတက်ကြ၊ တရုတ်စာ မဖြစ်မနေ သင်နေရတဲ့ အဖြစ်ဖြစ်နေပါပြီ။ နောက်ဆို ဘာသာစကား ပျောက်ကွယ်သွားပြီး လူမျိုးပါ ပျောက်ကွယ် သွားပါလိမ့်မယ်။ မန္တလေးမှာဆိုရင် အလုပ်လုပ်ချင်တဲ့ လူငယ်တွေဟာ တရုတ်စာ၊ စကားမတတ်ရင် အလုပ်ရဖို့ ခဲရင်းပါတယ်။ တစ်ချို့ အလုပ်ရတဲ့ မိန်းကလေး ကျပြန်တော့လည်း တရုတ်သူဌေးရဲ့ ခြေတော်တင်ခံရ ပြန်ပါတယ်။ မြန်မာ မိန်းမပျိုလေးတွေဟာ တရုတ် အမျိုးသား သူဋ္ဌေးများရဲ့ “သားမွေးသည်မ”တွေ အဖြစ်နဲ့ ရင်နာနာနဲ့ ဖြတ်သန်းနေကြရတာ အင်မတန် ၀မ်းနည်း ရင်နာစရာ ဖြစ်ရပ်တွေပါ။

မန္တလေးမြို့ဆိုတာ မြန်မာကို ကိုယ်စားပြုထားတဲ့မြို့၊ မြန်မာ့ ယဉ်ကျေးမှုရဲ့ နောက်ဆုံး ခံတပ်ကြီးပါ။ ဘာသာ၊ သာသနာ၊ စာပေ၊ ဂီတ၊ သဘင်အနုပညာ၊ ယဉ်ကျေးမှု အင်မတန် အားကောင်းခဲ့တဲ့ မြို့ဖြစ်ပါတယ်။ မန္တလေး ကျဆုံးခြင်းဟာ မြန်မာပြည် ကျဆုံးခြင်းပါပဲ။ ဒါကြောင့် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်နိုင်ငံသားတွေ တိုင်းတစ်ပါးသား တရုတ်တွေရဲ့ အနိုင်ကျင့် ဂုတ်သွေးစုပ် ချယ်လှယ် နေမှုတွေ မတရား လုပ်နေတာတွေကို မျက်နှာလွှဲ ခဲပစ်မနေကြပါနဲ့တော့။ “အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး” မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မယ်”ဆိုတဲ့ ဆောင်ပုဒ်တွေကို မစားရ ၀ခမန်း လူကြားကောင်းအောင် အော်နေရုံနဲ့ မပြီးပါဘူး။ စနစ်တကျ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပါပြီလို့ ပြောချင်ပါတယ်။ အခုဆိုရင် မန္တလေးမြို့မှာ တရုတ် ဆန့်ကျင်ရေးတွေကြီး ထွားလာပါပြီ၊ အစိုးရပိုင်းက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှု ကိုယ့်နိုင်ငံသားတွေကို အကာကွယ်ပေးမှု မလုပ်ပေးနိုင်ဘူး ဆိုရင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်သွားနိုင်ပါတယ်။ သည်းခံမှုရဲ့ အဆုံးစွန်က ပေါက်ကွဲမှုဟာ ပိုပြင်းထန်တတ်တယ်လို့ပဲ ပြောချင်ပါတယ်။

ကျွန်တော်တို့ မန္တလေးသားတွေ အနေနဲ့လည်း ဘယ်သူကြောင့်၊ဘာကြောင့်ဆိုပြီး လက်ညှိုးထိုးနေရင်း ပြဿနာဖြစ်တိုင်း ကမ္ဘာမကြေ သီချင်းပဲ ဆိုနေလို့ မရတော့ပါဘူး။ မီးလောင်နေတာကို ဘယ်သူ့ကြောင့် ဘာကြောင့် အပြစ်ပြောနေလို့ မီးကငြိမ်းသွားမှာ မဟုတ်ပါဘူး။ တစ်ချိန်ကဆို တရုတ်တွေက ကျွန်တော်တို့ကို ဆရာကြီး ဆရာကြီးလို့ခေါ်ခဲ့ရာက အခုဆို ကျွန်တော်တို့က “သာကော” “လောပန်း”နဲ့ အောက်ကျို့ ဆက်ဆံနေရတဲ့ဘ၀ သူတို့ကြည်ဖြူမှ နေခွင့်ရတော့မယ့် ဘ၀ သူတို့သဒ္ဒါမှ စားရမယ့် ဘ၀ ရောက်သွားရတာ ရင်နာစရာ ကောင်းလှပါတယ်။ ဒီအတိုင်းငုံ့ခံ နေရင်တော့ ဒီထက်တိုး စော်ကားလာတော့မှာပဲ။ ကျွန်တော်တို့ မန္တလေးသားတွေဆိုတာ ကိုယ့်သခင်၊ ကိုယ့်ဘုရင်၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့သူတွေပါ။ ကိုယ့်ဘိုးဘွားတွေ ပိုင်ဆိုင်ခဲ့တဲ့မြို့ ပြန်လည် ကယ်ဆယ်ရေးအတွက် အားလုံး စုပေါင်းတိုင်ပင်ပြီး နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင်ရမယ့် အချိန်အခါ ရောက်ပါပြီ။ မန္တလေးမြို့ဆိုတာ ပြာပုံဘ၀ကနေ အကြိမ်ကြိမ် ရုန်းထွက်ခဲ့တဲ့ ဖီးနစ်ငှက်မြို့ပါ။ ကျွန်တော်တို့ မန္တလေးသားတွေ မညံ့ဘူးဆိုတာ သမိုင်းသက်သေ ရှိပြီးသားပါ။ အားလုံး ရေစုန်မျော မလိုက်နေကြဘဲ အားလုံး နိုးထကြပါတော့လို့ ပြောချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဘဘ ဦးကိုလေး(အင်းဝဂုဏ်ရည်) ကျွန်တော့်ကို ပြောခဲ့တဲ့ စကားလေး သတိတရ ပြန်ပြောချင်ပါသေးတယ်။

“ဒို့မြန်မာတွေ ဖက်ဆစ်ဂျပန်တွေရဲ့ လက်အောက်ခံ သူ့ကျွန်ဘ၀ကနေ ရုန်းထွက်ဖို့ အတွက် “ဖဆပလ”ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေးဆိုပြီး ဖွဲ့စည်းပြီး ငါတို့တွေကို ကျွန်လာပြုနေတဲ့ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်တိုက် ထုတ်ခဲ့သလို အခုအချိန် အခါမှာလည်း ငါတို့နိုင်ငံကို မတရားလာလုပ် ဂုတ်သွေးစုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို “တဆပလ” ဆိုပြီး “တရုတ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး”ဆိုတာကို လုပ်ဖို့အချိန်တန်ပါပြီ”

 ချစ်ခြင်းအားဖြင့် . . .

 - ကျော်ကြီး(MDY)

တရုတ်နိုင်ငံ ရထားလမ်း ဖောက်လုပ်ရေး မြန်မာများ အဓမ္မစေခိုင်းခံနေရ 

 

 ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် တရုတ်နိုင်ငံသို့ တရားမ၀င် လမ်းကြောင်းများမှ အလုပ် သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများအား တရုတ် အာဏာပိုင်များမှ ဖမ်းဆီးပြီး တရုတ် နိုင်ငံ အတွင်း ရထားလမ်း ဖောက်လုပ်ရေးတွင် အဓမ္မ စေခိုင်းနေမှုများ ဖြစ်ပေါ်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများထံမှ သိရသည်။
“ဟိုးတုန်းကတော့ တရုတ်ပြည်ဘက်ကို တရားမ၀င် လမ်းကြောင်းကနေ သွားနေကြတယ်။ တရုတ်ပြည်ကိုသွားတဲ့ တရားမ၀င် လမ်းကြောင်းက နမ့်ခမ်းဘက်မှာ ၈ခုလောက်ရှိတယ်၊ အခု မသွားရဲကြတော့ဘူး၊ ဘာလို့လဲဆိုတော့ တရုတ် အာဏာပိုင်တွေက ဖမ်းပြီးဆေးစစ်ချက် ယူတယ်၊ မူးယစ်ဆေးဝါး မသုံးလည်း သုံးတယ်ဆိုပြီး ဆေးစစ်ချက်နဲ့ ဖမ်းတယ်၊ ပြီးရင် မီးရထား ဖောက်လုပ်တဲ့ဆီ ပို့တယ်”ဟု ရှမ်းပြည်မြောက်ပိုင်းနေ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်နေသော သူများမှာ မြန်မာနိုင်ငံ အလယ်ပိုင်း တောရွာများမှ အများဆုံးဖြစ်ပြီး တရားမ၀င် သွားရောက်ကြခြင်း ဖြစ်ကာ ဖမ်းဆီးခံရသူ တစ်ချို့မှာ တရုတ် အာဏာပိုင်များအား တရုတ်ငွေသုံးထောင် မြန်မာငွေ သုံးသိန်းကျော်ပေးပြီး ပြန်လည် လွတ်မြောက်လာမှုများ ရှိခဲ့ကြောင်း အဆိုပါ ဖမ်းဆီးမှုသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းနှင့်လည်း သက်ဆိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
  Tomorrow

မဟာသန္တိသုခကျောင်း စီးနင်းမှု ဒေါ်အောင်ဆန်း စုကြည် ပြစ်တင်ပြောကြား

  တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက် စီး နင်းကာ သံဃာတော်တွေကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ နေပါတယ်ဆိုတဲ့ အခုကာလမျိုးမှာ ဒီလို မဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

"ဒီမိုကရေစီ ဘက်သွားနေ ပါတယ်ဆိုတဲ့ အချိန်မှာ ဒီလို မလုပ်သင့် ဘူးလေ အထူး သဖြင့် ဒီလို ညကြီး သန်းခေါင် ဝင်ဝင်စီးတာဟာ ဒီဟာဟာ မလုပ်သင့်တဲ့ ကိစ္စပဲ၊ မှန်ကန်တဲ့ အလုပ်လုပ်တယ်ဆို လို့ရှိရင် လူမြင်ကွင်းမှာ လုပ်ရဲရမှာပေါ့"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ PR ခေါ် အချိုးကျကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီစံနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကျမှ ပြောဆိုလာကြတာဖြစ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက် တစုံတရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားခဲ့ပါတယ်။

"ဒီလို စနစ်တစ်ခုကို ပြောင်းတယ်ဆိုရင် လက်ရှိစနစ်က အလုပ်မဖြစ်ဘူးဆိုတာ ပေါ်လွင်မှ ပြန်ပြောင်းဖို့ လိုပါတယ်၊ မလိုအပ်ပဲနဲ့ ပြောင်းတဲ့ဟာတွေက ဘယ်လိုမှ ဒီနိုင်ငံကို အကျိုးမပြုနိုင်ဘူး၊ မှန်မှန်ပြောရလို့ရှိရင် ဒါနိုင်ငံရေး ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်တယ်လို့ပဲ ထင်တာပဲလေ၊ ဒီမိုကရေစီအတွက် လုပ်တာတော့ မဟုတ်ပါဘူး"

ဒါ့အပြင် ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ခြင်းမပြုဖို့ ပြည်ထောင်စုလွတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ကိစ္စနဲ့ အခုရက်ပိုင်းထွက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ရဲ့ Hard Choices ခက်ခဲတဲ့ရွေးချယ်မှုများ စာအုပ်မှာဖေါ်ပြထားတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု နောက်ကွယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

RFA Burmese