Saturday, June 14, 2014

သန္တိသုခည အတွင်းရေး 




 




 ရန်ကုန်မိုးဖွဲများအကြား သန်းခေါင်ယံ စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေသည်ဆိုသော သတင်းက ပြည်တွင်းပြည်ပသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုကို သံဃာ့အဖွဲ့အစည်းဝင်များက ညသန်းခေါင်ယံ၌ ဝင်ရောက်စီးနင်းမှုမှာ စစ်မြေပြင်ရှိ ရန်သူ့စစ်စခန်းတစ်ခုကို တက်ရောက် သိမ်းပိုက်သည့်အလား။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြသပိတ်စခန်း အချို့ကို ဝင်ရောက် ဖြိုခွဲသည့် လုပ်နည်းလုပ်ဟန်နှင့် ထပ်တူကျနေမှုများက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယင်းမှာ ၂၀၀၇ သံဃာ့အရေးအခင်းပြီး နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအတွင်း အဆိုးရွားဆုံးသော ညအချိန် ဝင်စီးမှုလည်း ဖြစ်သည်။
သံဃာအပါး ၃၀၀ ခန့် အပါအဝင် ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်အတွင်းရှိ ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာအချို့နှင့် လူပုဂ္ဂိုလ်များကို ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းရန်အတွက် မြို့နယ် ၁၃ မြို့နယ်မှ သံဃနာယက တာဝန်ရှိသူများ ည ၈ နာရီခွဲဝန်းကျင် အချိန်ကစ၍ ဗဟန်းမြို့နယ် အတွင်းရှိ ရန်ကုန်တိုင်း သံဃနာယက ရုံးခန်းတွင် စုဝေးနေကြခြင်း ဖြစ်သော်လည်း လာရောက်သူ သံဃာတော် အများစုက ယနေ့ည လုပ်ဆောင်မည့် အစီအစဉ်ကို စိုးစဉ်းမျှမသိ။
“တစ်မြို့နယ်ကို ၂၂ ပါးနှုန်းနဲ့ ၁၃ မြို့နယ်က သံဃနာယကတွေကို တိုင်းသံဃနာယကအဖွဲ့က လျှို့ဝှက်အစည်းအဝေး ဆိုပြီး ဖိတ်တယ်” ဟု အဆိုပါ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သူ သံဃာတော်တစ်ပါးက ထုတ်ဖော် မိန့်ကြားသည်။

တိုင်းသံဃနာယက အစည်းအဝေး ခန်းမအတွင်း သံဃာတော်များ အစုံအလင် ရောက်ရှိနေပြီ ဖြစ်သော်လည်း တိုင်းဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓိဗလနှင့် အခြားသံဃာတစ်ပါးက ည ၁၀ နာရီ ဝန်းကျင်မှသာ အစည်းအဝေး ခေါ်ယူရသည့် အကြောင်းရင်းနှင့် မဟန (နိုင်ငံတော်သံဃ မဟာနာယက) အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားလွှာကို ဖတ်ပြသည်။ ဇွန်လ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာမှာ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ချိတ်ပိတ်ရန်နှင့် ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန်။
“အရှင်ဘုရားတို့ ဖုန်းတွေ ပိတ်ထားပါ။ တပည့်တော် ဒီကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး” ဟု အဆိုတော် မာမာအေး၏ တေးသံတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်တူသော တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်က ယင်းအစည်းအဝေးတွင် မာန်ပါပါ ဆိုလိုက်သည်။
“ညီတော် နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာက ပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာ တာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့ လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာက စိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့ မှတ်တမ်းတင်မှာပဲ” ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့် ရရှိထားသော အသံဖိုင်အရ သိရသည်။
သန္တိသုခ သမိုင်းကြောင်းကို ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကများနှင့် တိုင်းဒေသကြီး အစိုးရတို့က ရှင်းလင်းခဲ့ကြောင်း မှတ်တမ်းရေးထိုး ရမည်ဟု ဆရာတော်က ဆက်မိန့်သည်။
“အဲဒီအထဲ (သန္တိသုခကျောင်းတိုက်) ကျောက်စာကြီး ထောင်ဦးမှာ” ဟု ဆရာတော်က မိန့်သည်။
ရဟန်းသံဃာငယ်များ လက်ရှောင်လိုသော ပီနန်ကျောင်းတိုက် အရေးအခင်းတွင် တိုင်းဥက္ကဋ္ဌက တစ်ဖက်လှည့်ဖြင့် အစည်းအဝေး ခေါ်ယူပြီး အင်အားပြ အသုံးချမည့်အရေးကို ကြွရောက်လာသူ သံဃာအများစုက နှစ်မြို့ဟန်မရှိ။ တိုင်းဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်က “စည်းလုံးခြင်းသည်အင်အား” ဟု ဆိုသော တပ်မတော်အစိုးရ လက်ထက် ဆောင်ပုဒ်တစ်ခုကို ရေရွတ်ရင်း စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း စည်းရုံး ပြောဆိုနေသည်။
ကြွရောက်လာသူ သံဃာအပါး ၃၀၀ ခန့်ကို ည ၁၀ နာရီခွဲခန့်တွင် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများပေါ်သို့ တင်ဆောင်၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ မဟနနှင့် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆရာတော်တို့၏ လုပ်ဆောင်မှုကို သဘောမတူသော သံဃာအချို့က တိုင်းရုံးမှပင် လှည့်ပြန်ကြသည်။ သံဃာအချို့ကမူ သဘောမတူသည့်တိုင် အခြေအနေကို သိလို၍ သန္တိသုခသို့ လိုက်ပါသွားခဲ့ကြောင်း ပြောဆိုသည်။
ယာဉ်မထွက်မီ မှာစရာ ရှိသည်များကို ဥက္ကဋ္ဌ ဆရာတော်က အသေအချာ မှာနေသည်။ အာဏာပိုင်အဖွဲ့ နေရာအပြည့် ချထားကြောင်း၊ ဝင်ရောက် ဖယ်ရှားရာတွင် လိုအပ်မည့် စကားပြောစက် (Walkie Talkie) များ အဆင်သင့် ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိ ကျောင်းတော်ကြီး၏ အထပ် ၅ နှင့် ၆ ကို အဓိက ဝင်ရောက်ရှာဖွေရန်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါက သည်းမခံကြရန်၊ ထို့အတူ ယခုသတင်းကိုလည်း လုံးဝ မပေါက်ကြားစေရန် အထပ်ထပ် သတိပေးနေသည်။
“ပါလာတဲ့ ကားတွေအပြင် (တိုင်းရုံး) မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်” ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေး အသေးစိတ်အား အထပ်ထပ် ရှင်းလင်း မှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားနေသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့ အကြား ကာလအတန်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျောင်းတိုက် ပြဿနာမှာ ပြေလည်မည့် အလားအလာများ ပေါ်ထွက်ခဲ့သော်လည်း ယင်းပြဿနာ ပြေလည်မည်ကို စိုးရွံ့နေသူ အပေါင်းအပါများ ရှိနေကြောင်း သာသနာရေးနှင့် သံဃာအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပြဿနာ ပြေလည်သွားမည့်အရေး စိုးရွံ့နေသူများကပင် ကျောင်းတိုက် ချိတ်ပိတ်သည်အထိ ပြဿနာ ကြီးထွားလာစေရန် စီစဉ်ဖန်တီးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက၊ ပီနန်ဆရာတော်တို့ အပါအဝင် နိုင်ငံတော်သမ္မတရုံးတွင် အပြစ်မရှိကြောင်း ယင်းတို့က ကရုဏာစကား ဆိုကြသည်။
သူတို့ ပြောဆိုသော ကြိုးကိုင်သူစာရင်းတွင် နိုင်ငံတော်သမ္မတ အကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးက နံပါတ်တစ်။
၁၁ ထပ်ရှိ ကျောင်းတော် အဆောက်အအုံ အပါအဝင် ကျောင်းဝင်းအတွင်းရှိ ကျောင်းတိုက် အသီးသီး၌ အစည်းအဝေးခန်းမများ၊ အလှူမင်္ဂလာ ဧည့်ခံပွဲများ ကျင်းပရာ ကျောင်းခန်းမများနှင့် ပြည့်နှက်နေသည်။ ခန်းမနှစ်ခုက အချိန်ပြည့်နီးပါး မင်္ဂလာဧည့်ခံပွဲများနှင့် စည်ကားနေတတ်ပြီး မင်္ဂလာခန်းမ ငှားရမ်းလိုပါက တစ်နှစ်နီးပါး ကြိုတင်ရက်ချိန်း ယူရကြောင်း အဆိုပါကျောင်းတိုက်၌ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရှင်းပြသည်။
ခန်းမငှားရမ်းခ အပါအဝင် ဧည့်ခံပွဲ တစ်ခုအတွက် အရပ်ရပ် ကုန်ကျစရိတ်က ကျပ်သိန်းဆယ်ဂဏန်း ပြေးမလွတ်။ အဆိုပါ ရငွေများမှာ ကျောင်းတိုက်နှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ကျောင်းတိုက်၏ ဘဏ္ဍာငွေစာရင်းတွင် ဆင့်ကာဆင့်ကာ ဘဏ္ဍာငွေများ တိုးပွားလာသော်လည်း စာရင်းသက်သက်သာ ဖြစ်ကြောင်း နီးစပ်သူများက ဖောက်သည်ချသည်။ သို့သော် မင်္ဂလာပွဲများ ကျင်းပခွင့် ပြုမထားကြောင်း သန္တိသုခညအပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာနက ဗြောင်ငြင်းချက် ထုတ်ထားသည်။
အကယ်၍ သန္တိသုခကျောင်းတော်အရေး မဟနဆရာတော်ကြီးများနှင့် ပီနန်ဆရာတော် တို့အကြား ပြဿနာ ပြေလည်သွားပါက ကျောင်းတိုက် ဘဏ္ဍာငွေစာရင်းများကို ရှင်းလင်းရန် လိုအပ်လာမည် ဖြစ်ပြီး စာရင်းအင်း အမှန်အတိုင်း ရှင်းလင်းနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သန္တိသုခကျောင်းတိုက်နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။
နိုင်ငံတော်အဆင့် ကျောင်းတိုက်ကြီးတစ်ခု သံဃမဟာနာယက၏ ကွပ်ကဲမှုအောက်တွင် ရှိနေစဉ် ဘဏ္ဍာရေးရာ အဝဝအတွက် အဓိကတာဝန်ရှိသူတို့မှာ ကမ္ဘာအေးကုန်းမြေမှ အရာရှိ လူပုဂ္ဂိုလ်အချို့သာ ဖြစ်ကြောင်း၊ သမ္မတအကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးမှာ ထိပ်ဆုံးမှ တာဝန်ရှိကြောင်း သံဃာဦးသျှောင် ဆရာတော်ကြီးများ၏ အနီးကပ် ကပ္ပိယကာရကများက အတိအလင်း ပြောဆိုသည်။
သို့သော် ဝန်ကြီးဌာနက ပစားပေး ခံထားရသော ဘုန်းကြီးလူထွက် ညွန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးကို ပြစ်တင်ဖယ်ရှားရန်မှာ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ မဟနအဖွဲ့ ကဲ့သို့သော သံဃာ့ဦးသျှောင် ဆရာတော်ကြီးများ လုပ်ဆောင်ရန်သာ ဖြစ်၍ ၎င်းတို့၏ အမည်ကို ထုတ်မပြောလိုကြောင်း အထက်ပါ တပည့် ဒါယကာများက ရှင်းပြသည်။

အဆိုပါ သမ္မတအကြံပေး တကယ်မဟုတ်သော ယင်းပုဂ္ဂိုလ်သည် တိပိဋက ယောဆရာတော် ကဲ့သို့သော ဆရာတော်ကြီးများ၏ အမည်နာမကိုပင် အလွဲသုံးစား ပြုခဲ့ဖူးသူ ဖြစ်၍ သူကိုယ်တိုင် အပါအဝင် ပတ်သက်သူအချို့ အရေးယူခံခဲ့ရဖူးသည်။
သို့သော် သန္တိသုခ အရေးကိစ္စမှာမူ မြန်မာနိုင်ငံအတွင်းရှိ ငါးသိန်းသော သံဃာများကို ဦးဆောင်နေသော ဆရာတော်ကြီးများအကြား ဝမ်းနည်းဖွယ် စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိပြီး သီတဂူဆရာတော် ကဲ့သို့သော ကမ္ဘာသိဆရာတော်အချို့က မဟနအဖွဲ့ကို ဝေဖန်ပြစ်တင်လိုက်ခြင်းမှာ သာသနာတော်အတွက် အနုတ်လက္ခဏာသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်တွင် သီတင်းသုံးနေသော မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက မှတ်ချက်ပြု မိန့်ကြားသည်။
သာသနာပြု တက္ကသိုလ်တစ်ခု ထူထောင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော မဟာသန္တိသုခ ဗုဒ္ဓစင်တာကြီးမှာ ယခုအခါ ချိတ်ပိတ်ခံထားရပြီ ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ ပုဂ္ဂလိကပိုင်ပစ္စည်းကို သံဃိက (သံဃာပိုင်) ပြုလုပ်၍ မရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးနိုင်ကြောင်း အခိုင်အမာ ရပ်တည်ထားသည်။
၂၀၀၀ ပြည့်နှစ်အလွန် ခုနှစ်များတွင် ပြည်ပတွင် ရောက်ရှိနေသော ပီနန်ဆရာတော်က မြန်မာ့နိုင်ငံရေးနှင့် ဆက်နွှယ်သော ထုတ်ဖော်ပြောဆိုမှုများကြောင့် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ကို မဟနအဖွဲ့ထံ လွှဲအပ်ခဲ့ပြီး ယင်းအချိန်မှ စတင်၍ အဆိုပါကျောင်းတိုက်ကို မဟန၏ စီမံခန့်ခွဲမှုဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။
ပီနန်ဆရာတော်၏ နိုင်ငံရေးဆိုင်ရာ ပြောဆိုဝေဖန်မှုကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ လန်ဒန်ဆရာတော် စသည့် ဆရာတော်များ စုဖွဲ့၍ မဟနအဖွဲ့ကို အန်တုမည့် သံဃာ့ဦးသျှောင် အဖွဲ့ကို အမေရိကန်ပြည်ထောင်စုတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယင်းသို့ သံဃာ့ဦးသျှောင်အဖွဲ့ ဖွဲ့စည်းမှုအပေါ် ပြည်ပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များက ထောက်ခံခဲ့သော်လည်း မဟနအဖွဲ့နှင့် အစိုးရတို့က အသိအမှတ်ပြု လက်ခံခြင်း မရှိပေ။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်လာသည့်နောက် ပီနန်ဆရာတော် ပြည်တွင်းသို့ ပြန်လည်ကြွရောက်လာပြီး သန္တိသုခကျောင်းတိုက်ကို မူလရည်ရွယ်ချက်ဖြစ်သည့် ဗုဒ္ဓစင်တာကြီး တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ရာမှ ပိုင်ဆိုင်မှု ပြဿနာ တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော ကျောင်းတော်ကြီးကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးခန်းမများ အစုံအလင်ဖြင့် ဗုဒ္ဓစာပေများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချ၍ မြန်မာရဟန်းတော်များကို ပြည်ပသာသနာပြု စေလွှတ်ရန် ရည်ရွယ်ခဲ့ကြောင်း ပီနန်ဆရာတော် အရှင်ပညာဝံသက မိန့်ကြားထားသည်။ ယင်းအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ် ဇွန်လဆန်းအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သင်တန်းသားများ ဖိတ်ခေါ်ခဲ့ပြီး အဆိုပါ ဖိတ်ခေါ်ချက်ကပင် ကျောင်းတိုက်ကို ချိတ်ပိတ်ရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း တိုင်းသံဃနာယက အဖွဲ့က ဖတ်ကြားသော ညွှန်ကြားလွှာတွင် ရေးသားထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန္တိသုခအရေး အဆောတလျင် ဆောင်ရွက်ခြင်း မပြုရန် မဟနအဖွဲ့ထံသို့ ပန်ကြားခဲ့မှုကလည်း သံဃမဟာနာယက ဆရာတော်ကြီးများ၏ ဦးဆောင်မှုကို ထိပါးစေသည့်အတွက် ပို၍ပင် ရှေ့တိုး လုပ်ဆောင်ခဲ့ကြောင်း မဟနအဖွဲ့၏ ညွှန်ကြားလွှာတွင် ဖော်ပြထားချက်အရ သိရသည်။ “သမ္မတသြဇာခံ အဖြစ်မခံနိုင်” ဟု ဆိုကာ သမ္မတ၏ လျှောက်ထားချက်ကို မလိုက်နာနိုင်ကြောင်း ယင်းညွန်ကြားလွှာတွင် ထပ်ဆင့်ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်က မတည်ငြိမ်သေးသော တိုင်းရေးပြည်ရာ အခြေအနေများအကြား အကျပ်အတည်း ထပ်မံ မကြုံတွေ့စေရန် စေတနာဖြင့် လုပ်ဆောင်ခဲ့သော်လည်း “ဆေးကြောင့်လေး” သွားခဲ့ရပြီ ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများက အတည်ပြု ပြောဆိုသည်။
ပီနန်ဆရာတော် အနေနှင့် မိမိမှန်သည်ဟု ယူဆပါက အရပ်ဘက် သို့မဟုတ် သာသနာရေးဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ဖြေရှင်းသွားရန်သာ ဖြစ်ကြောင်း မဟနအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မည်သို့ပင် ဆိုစေကာမူ သန္တိသုခအရေးကြောင့် မဟနအဖွဲ့၏ ဂုဏ်သိက္ခာ ထပ်မံကျဆင်းခဲ့ရပြီး အွန်လိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခံရမှုများ ကြုံတွေ့လာရသည်။ တပ်မတော်အစိုးရ၏ အရိပ်လွှမ်းမိုး ခံခဲ့ရသော မဟနအဖွဲ့အနေနှင့် ယခင်ကတည်းက လူမြင်ကွင်းတွင် အမည်ကောင်း မရခဲ့ဘဲ ယခုထပ်မံ၍ ပြစ်တင်ပြောဆိုမှုများ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သို့သော် မဟနဆရာတော်အချို့နှင့် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များက လျှော့မည့် အလားအလာမရှိ။ တရားဟု ယူဆလျှင် ကြိုက်ရာတရားရုံးသို့ သွားရောက် တိုင်ကြားနိုင်ကြောင်းပင် ဇွန်လ ၁၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ငေါက်ငမ်း ပြောဆိုလိုက်သေးသည်။
သန္တိသုခ အကျပ်အတည်းကြောင့် မဟနအဖွဲ့ကို ဝေဖန်သူများ အပြစ်ရောက်မည်ကို စိုးရိမ်သူများလည်း ရှိသည်။
အစိုးရနှင့် လူငယ်ထုအပေါ် သြဇာသက်ရောက်မှု ရှိသည့်အပြင် နှစ်ဘက် သံဃာ့ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားခြင်း ခံထားရသော ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကို ကြားဝင် စေ့စပ်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် နီးစပ်သူများက အကြံပြုထားသည်။ ဓမ္မဒူတဆရာတော် ကြားဝင် လာပါက ပြဿနာ အထိုက်အလျောက် လျော့ပါးမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မြို့နယ်အဆင့် သံဃနာယက ဆရာတော်များနှင့် စာသင်စာချ ရဟန်းတော်များ အပါအဝင် နိုင်ငံရေးလေ့လာသူ အများစုက မဟနအဖွဲ့၏ လမ်းညွှန်ချက်နှင့် အကောင်အထည် ဖော်သူများကို ပြစ်တင်ဝေဖန်ထားပြီး ပြဿနာ၏ နောက်ကွယ်က ဒါရိုက်တာ ပုဂ္ဂိုလ်ကြီးကို မီးမောင်းထိုးကြသည်။
ဘုန်းကြီးလူထွက် အဆိုပါပုဂ္ဂိုလ်မှာ တော်တန်ရုံ ရဟန်းတော်များကိုပင် ရှိခိုးဦးညွတ်သူ မဟုတ်ဘဲ အမြဲလိုလို သာသနာရေး ကိစ္စရပ်များတွင် ရှေ့ဆုံးမှ ပါလေ့ရှိသူ ဖြစ်ပြီး သူ၏ ပြောစကား တစ်ခွန်းကို မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက အောက်ပါအတိုင်း ပြန်လည်ဖောက်သည်ချ မိန့်ဆိုသည်။
“သူက ဘယ်နေရာရောက်ရောက် အမြဲတမ်း ထိပ်ကပဲနေမှာ။ ငရဲပြည်ရောက်ရင်တောင် ယမမင်းဖြစ်မှာလို့ ပြောတယ်”

နော်ကိုကို
The Voice Weekly


သမ္မတကြီးတိုက်တဲ့ရေ 


 


 ဖြောင်း ဖြောင်း . . . .ဖြောင်း ဖြောင်း



 လက်ခုပ်တီးလိုက်စမ်း ရွှေသီးရေ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် လေးဦးက ပီအာရ်စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးပါဘူးလို့ အမျိုးသားလွှတ်တော်ကို တင်ပြ။မဲခွဲဆုံးဖြတ်ဖို့ မတ်တတ်ရပ်ဆိုတော့လည်း ထိုင်ရာက မထဘဲတပ်မတော်သား ကိုယ်စားလှယ်အားလုံး ကန့်ကွက်မဲပေးခဲ့တယ်တဲ့။ တပ်မတော်သားတွေ ဒီလိုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလာတာ တို့က လက်ခုပ် လက်ဝါးတီးပြီး ကြိုဆိုရမှာပေါ့။ ဒါပေမဲ့လည်း တို့လက်ခုပ်တီးလို့ မဆုံးခင်မှာပဲ အမျိုးသားလွှတ်တော်မှာ ပြည်ခိုင်ဖြိုးတို့ ညီညာမှုနဲ့ ပီအာရ်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပုဒ်မ ၄၃၆ပြင်ဖို့ အလွန့်အလွန် လက် တွန့်နေခဲ့တဲ့ ပြည်ခိုင်ဖြိုးက ပီအာရ်ကို  အလျင်အမြန် အကောင်အထည်ဖော်ဖို့ ကြိုးစားလာတာကို ဆက်စပ်ကြည့်တော့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များ အလွန်အမြော်အမြင်ကြီးပါလားလို့ ခေါင်းညိတ်မိလိုက်တယ်။ သူတို့မှာ သမိုင်းသင်ခန်းစာကရှိခဲ့တာကိုး ရွှေသီးရဲ့။
၁၉၉၀ ပြည့်ရွေးကောက်ပွဲ ကာလတွေတုန်းက အကြောင်း လေးမင်းတို့ မမီလိုက်လို့ ပြန်နွှေး လိုက်ဦးမယ်။ ၁၉၈၈ မှာ တပ်မ တော်က အာဏာကိုလွှဲယူတယ်။ တပ်က အာဏာသိမ်းတာ လုံးဝ မဟုတ်ဘူးနော်။ လက်ရှိအုပ်ချုပ် သူအစိုးရကိုယ်တိုင်စစ်တပ်လက် ထဲ အာဏာကို ထိုးထည့်ပေးလိုက် တာကွ။ အဲဒီအာဏာလွှဲစစ် ကောင်စီမှာပါတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ ဆရာ့ဆရာတွေက မဆလရဲ့ကိုယ်ပွား တစညပါတီကို ထောင်တယ်။ အဲဒီတစညလို့ခေါ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မဆလရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ဆက်ခံရတယ်။ တစညပါတီအင်အား ဘယ်လောက်တောင့်တင်းခဲ့သလဲဆိုရင် အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ၊ တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီနဲ့ လူငယ်စည်းလုံးညီညွတ်ရေးပါတီဆိုပြီး ပါတီကြီးသုံးခု ပါထပ်ခွဲလိုက်သေးတယ်။ မဆလရဲ့ ရန်ပုံငွေတွေဟာ ပြည် သူ့ဘဏ္ဍာတွေဖြစ်တယ်ဆိုပြီး တစညပါတီရဲ့ ရပ်တည်မှုနဲ့ ဘဏ္ဍာငွေအပေါ်မှာ အဲဒီအချိန် က ဒီ/ငြိမ်းပါတီဥက္ကဋ္ဌကြီး ၀န် ကြီးချုပ်ဟောင်း ဦးနုက တရားစွဲ ဖို့ထိ စီစဉ်ခဲ့တယ်။ အာဏာရစစ် ကောင်စီ(န၀တ)ကိုလည်း တစညရဲ့ ပြည်သူပိုင်ပစ္စည်းအလွဲသုံးမှုမှာ ထိမ်ချန်မှုနဲ့ တရားစွဲမယ်လို့ ကြေညာခဲ့တယ်။ ပြောရရင် တစညပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး အင်အားအလွန်တောင့်တင်းတဲ့ ပါတီတစ်ခုအဖြစ် နိုင်ငံရေးပါတီတွေ ကြားမှာ ရပ်တည်ခဲ့တယ်။
သို့သော်လည်း ၁၉၉၀ ရွေး ကောက်ပွဲမှာတော့ တစညပါတီ အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်။ ဒီမှာတင် စစ်တပ်ရဲ့ အနေအထားက လှုပ်သွားတယ်။ မဆလရဲ့ ကိုယ်ပွား တစညကို အားကိုးထား ရာက ရွေးကောက်ပွဲရလဒ်က မှန်းထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတဲ့ အခါ စစ်တပ်အနေနဲ့ ဘာဆက် လုပ်မလဲဆိုတဲ့ အနေအထား ရောက်သွားတယ်။ နောက်တော့ လည်း မထူးဇာတ်ခင်း မျက်နှာ ပြောင်တိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ငြင်းတော့တာပဲ။ ဟိုအ ကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အာဏာကို ဆုပ်ကိုင်လိုက်တော့တယ်။ သူတို့ရဲ့ ဆရာရင်းတွေဖြစ်တဲ့ တစညပါတီကိုပါ လျစ်လျူရှုလိုက်တော့တာပါပဲ။ ဒီမှာတင် စစ်တပ်ကျောထောက်နောက်ခံမဲ့သွားတဲ့တစညပါတီဟာ ကျားသေတစ်ကောင်လိုဖြစ်သွားတော့တယ်။
ဒီလိုဆိုရင် ၂၀၁၅ အလွန် ပြည်ခိုင်ဖြိုးရဲ့ အခြေအနေက ဘယ်လိုလဲ။ ပုံမှန်အတိုင်းဆိုရင် တော့ အင်န်အယ်လ်ဒီကို ရှုံးမှာပဲ လေ။ အဲဒီအချိန်မှာ ကာချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ဘာ ဆက်လုပ်မှာလဲ။ စစ်တပ်ကကျောထောက်နောက်ခံပေးထား တယ်ဆိုတဲ့ နာမည်ပျက်ကို ဆက်ပြီးယူထားမှာလား။ ၁၉၉၀ တစည ပါတီ ကို နောက်ခံပေးထားစဉ်က တစညပါတီရဲ့ ထိပ်တန်းခေါင်း ဆောင်တွေအားလုံးဟာ လာဘ် ပေးလာဘ်ယူတွေ၊ ခြစားမှုတွေ၊ နိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားမှု တွေမှာ န၀တခေတ် ပုဂ္ဂိုလ်ကြီး များလို နာမည်ပျက်ရှိခဲ့တာ မဟုတ်ဘူး။ ဒါတောင်တစ်ချိန်မှာ စစ်တပ်ရဲ့ ထောက်ခံမှုလျော့ကျ သွားသေးရင် ပြည်ခိုင်ဖြိုးခေါင်း ဆောင်တွေရဲ့ န၀တ၊ နအဖ ခေတ်လုပ်ရပ်တွေအပေါ် တပ်မ တော်က ဘယ်နှနှစ်ကြာအောင် နာမည်ပျက်နဲ့ ခေါင်းခံရမှာလဲ။ တပ်မတော်ဘက်က ဒီအချက် တွေမစဉ်းစားလာနိုင်ဘူးလား။
ရွှေသီးရေ . . .ငါကြားဖူး တာ တစ်ခုရှိတယ်။ ဘယ်သူ လာလာ ငါ့ဆရာ။ ဘယ်သူ သွားသွားအလကားတဲ့။ လုပ်ပိုင်ခွင့်မရှိ၊ အာဏာမရှိတော့တဲ့ အခြေအနေမှာ ဘယ်တပည့်တပန်းက ရေရှည်ဆက်ပြီး လက်တို လက်တောင်းလုပ်ပေးဦးမှာလဲ။ ဒီလိုအတွေးတွေနဲ့ပဲ ပီအာရ်စနစ်ကို ၂၀၁၅အမီအရေးတကြီး တင်သွင်းလာကြတာဖြစ်မယ်။ ဒါမှသာပဲ ပီအာရ်ရဲ့ကျေးဇူးကြောင့် လွှတ်တော်မှာ ကိုယ်စားလှယ်တချို့တစ်ဝက်နဲ့ ဟန်မပျက် နေနိုင်ကြမှာ မဟုတ်လား။ ပါတီ ဆက်လက်ရပ်တည်ဖို့ လွယ်မှာ မဟုတ်လား။
ရွှေသီးရေ . . . ခုချိန်က အရမ်းကို ရှုပ်ထွေးနေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အသိဉာဏ်ရှိတဲ့လူတွေ၊ နိုင်ငံကိုချစ်တဲ့ လူတွေအားလုံး ကြိုးစားနေကြချိန်မှာပဲ ၄၃၆ မပြင်ရေး ကန့်ကွက်မှုတွေ၊ ဘာသာရေး သွေးထိုးမှုတွေ၊ လွှတ်တော်တွင်း လူများစု အားကိုးနဲ့ လုပ်ကြံမှုတွေ၊ ဒိုင်ဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အ၀ါ၊ အနီကတ် ခဏခဏနှိုက်နေတဲ့ မြင်ကွင်းတွေ တွေ့ရတော့ တို့ပြည်သူတွေပိုပြီး အသိဉာဏ်ရှိဖို့၊ ညီညွတ်ဖို့ လိုလာပြီလို့ ဆင်ခြင်မိတယ်။ ဒါ့အပြင်   ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့ထားတဲ့ကော်မရှင်က မဲခွဲဆုံးဖြတ်လိုက်တယ်ကြားရတော့ နိုင်ငံရေး ပုရောဟိတ်ကြီးတွေကို ပြန်ပြီး သတိမိရတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင် မီ ဒီမိုကရေစီဆိုတာ အပေါ်က လာတာလား၊ အောက်ကလာ တာလား၊ လူပြောင်းမူပြောင်းတို့၊ လူမပြောင်းမူပြောင်းတို့ အကြီး အကျယ်စကားတွေပြောပြီး လွှတ် တော်နိုင်ငံရေးကို ဇောင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ခုချိန်မှာ တပ်မ တော်ကို၊ လွှတ်တော်ကို၊ အစိုးရကို ပေးဖို့ အကြံတွေများ ကုန်နေကြသလား။
မတူတာတွေ ဖယ်ထားပြီး တူတာတွေ တွဲလုပ်မယ်ဆိုတဲ့ ခပ်ချိုချိုစကားလုံးတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်ထဲရောက်လာခါကျမှ ခုဘယ်ဟာတွေက တူလို့ တွဲလုပ် ကြမှာလဲ။ ပုဒ်မ ၄၃၆ လား၊ မတူ ဘူးကွာ ခဏဖယ်ထား၊ ပုဒ်မ ၅၉ (စ) မတူဘူး၊ ခဏဖယ်ထား၊ ၂၅ ရာခိုင်နှုန်း မတူသေးဘူး၊ ဖယ်။ တကယ်တော့ အဲဒီဖယ်ထားတာတွေ က နံစော်ညစ်ပတ်နေတဲ့ အမှိုက် တွေ။ အဲဒါတွေ ဘေးမှာ ဖယ်ပုံ ရင်း၊ ပုံရင်း အမှိုက်ပုံကြီးဖြစ်လာ တာကို မရှင်းဘဲ အမှိုက်ပုံဘေးနား မှာရပ်ပြီး သန့်ရှင်းသော အစိုးရ ဖြစ်အောင် လုပ်နေပါတယ်ဆို တော့ စဉ်းစားသာကြည့်တော့ ရွှေသီးရေ။
ငါကတော့ အဲဒီမတူတာတွေဖယ်၊ တူတာတွေ လက်တွဲလုပ် မယ်လို့ကြားရတိုင်း လူရိုးလူအေး တစ်ယောက် ဆီနဲ့ရေလဲခံရတဲ့ ပုံပြင်လေးသွားသတိရမိတယ်။ မင်းကြားဖူးပြီးသား ဖြစ်မှာပါ။ တစ်ခါက ဆီသည်တစ်ယောက်နဲ့လူလည်တစ်ယောက်  ဇရပ်တစ်ခု မှာ ဆုံမိသတဲ့။ လူလည်က သူ့မှာပါလာတဲ့ ဆီးဖြူသီးကို လောကွတ်လုပ်ပြီး ကျွေးသတဲ့။ ဆီးဖြူသီးဖန်တန်တန်ကို မစားဖူးတဲ့ ဆီသည်ကလည်း စားကြည့်တာပေါ့။ ပြီးမှ ဟိုလူလည်က သူမှာပါလာတဲ့ ရေကို တိုက် တော့တာ။ ဆီးဖြူသီးစားပြီးရေသောက်တော့ ချိုသွားတာပေါ့။  ဒါကိုမသိတဲ့ ဆီသည်လူရိုးက ‘‘ဟာခင်ဗျားရေက တယ်ချိုပါလား’’လို့ ပြောသတဲ့။ ဒီမှာတင်လူလည်လူလိမ်က ဘယ်တော ဘယ်တောင်ကရတဲ့ရေ၊ ဘာပျောက်တယ်၊ ညာပျောက်တယ်၊ဘာကောင်းတယ်ဆိုပြီး လုပ်ပါ လေရော။ ဟိုဆီသည်ကလည်း လူရိုးလူအဆိုတော့ ယုံကြည်ပြီး သူ့မှာပါတဲ့ ဆီနဲ့ လူလည်ရဲ့ ရေကို လဲလိုက်ပါလေရော။
ရွှေသီးရေ . . .တို့တွေလည်း မိဘပြည်သူများခင်ဗျာဆိုတဲ့ ဆီး ဖြူသီးလေးစားပြီး ဒီမိုကရေစီ အ  သွင်ကူးပြောင်းရေးဆိုတဲ့ ရေလေး သောက်မိတာနဲ့ပဲ တို့ရဲ့ ဆန္ဒ အစစ်အမှန်ကို သူတို့စိတ်ကြိုက် လုပ်ချင်တာလုပ်ခွင့်နဲ့များ အလဲခံလိုက်ရပြီးလားလို့ စိုးရိမ်မိတော့တာပါပဲ။
7DAY DAILY

လွှတ်တော် PR စနစ်အကောင်ထည်ဖော်ရေးကော်မတီက NLD ကိုယ်စားလှယ် ၅ ဦးနှုတ်ထွက် 

  PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော် မှု ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ မနေ့ က ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။

နှုတ်ထွက်ခွင့်ကို လွှတ်တော်ဥက္ကဌကလည်း ခွင့်ပြုလိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက အခုလိုပြောပါတယ်။

"ဒီ PR စနစ်နဲ့ ပတ်သက်င်္ပြီး ကျနော်တို့က ကန့်ကွက်တယ်၊ ကျနော်တို့က ကန့်ကွက်ထားတဲ့ ဥစ္စာတစ်ခုကို ဒီလုပ်ငန်းစဉ်ကြီး အကောင် အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ ဒီအထဲထဲမှာ ထည့်ထားတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့က သဘာဝမကျဘူးလို့ထင်တယ်လေ၊ ဒါကြောင့်မို့ ကျနော်တို့ နှုတ်ထွက်ခဲ့တာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၅ ဦးကနေပြီးတော့ ဒီအချိုးကျ ကိုယ်စားပြု ၅ ဦးနဲ့ ပတ်သက် ပြီးတော့ ထည့်ထားတဲ့ ကော်မတီပေါ့နော် ကော်မတီမှာ ပါဝင်ခြင်း မရှိတော့ဘူးပေါ့နော် ဒီဟာကို ဦးအောင်ကြည်ညွန့်ကတဆင့် ၅ ဦးစလုံး ဥစ္စာကို တစ်ခါတည်း လက်မှတ်ထိုးပြီး ကျနော်တို့ နှုတ်ထွက်ခဲ့တာပါ၊ လွှတ်တော်ဥက္ကဌလည်း ဒါနဲ့ပတ်သက်လို့ နှုတ်ထွက်ခွင့်ပြုတယ်"

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပေမယ့် အမျိုးသားလွှတ်တော်က ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က မဲခွဲပြီး အတည်ပြု လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

RFA Burmese

စစ်ကိုင်း ဇေယျာသီရိ ရုပ်ရှင်ရုံဝင်း အတွင်း လူသေ အလောင်းတွေ့ရှိ 


စစ်ကိုင်းမြို့ ဇေယျာသီရိ ရုပ်ရှင်ဝင်းအတွင်း ညစောင့် တာဝန်ထမ်းဆောင်နေသူ ဦးဝင်းမြင့် သည် ၁၄-၆-၂၀၁၄ ရက်နေ့ ညနေ (၄)နာရီခန့်က ရုပ်ရှင်ရုံဝင်းအတွင်း အပုပ်နံ့များ ရရှိနေ၍ လိုက်လံရှာဖွေရာ ရုပ်ရှင်ရုံ အနောက်မြောက်ထောင့်ရှိ မိလ္လာကန်အတွင်း လူသေအလောင်း တစ်လောင်းတွေ့ရှိရ၍ စစ်ကိုင်းမြို့မ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ လူသေအလောင်းမှာ ညစောင့်ဦးဝင်းမြင့်ထံသို့ ညစဉ်လာရောက်အိပ်၍ ဘေးအနီး ပတ်ဝန်းကျင်တွင် တောင်းရမ်း စားသောက်နေသူ မောင်ကျော်ဆိုသူ ဖြစ်နိုင်ကြောင်း၊ မလာရောက်သည်မှာ (၃)ရက်ခန့်ရှိပြီ ဖြစ်ကြောင်း ဦးဝင်းမြင့်က ခန့်မှန်း ပြောကြားသည်။

ညနေ (၅)နာရီအချိန်တွင် စစ်ကိုင်းမြို့မရဲစခန်း စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများ ရောက်လာပြီး ရေကန်ကို ရိုက်ဖျက်အလောင်းထုတ်ခဲ့သည်။

အဆိုပါအလောင်းကို ဆေးရုံသို့ပို့ဆောင်ပြီး ဆေးရုံဆေးစစ်ချက်ရမှ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု ပြောဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ လူသေမှုနှင့် ပတ်သက်၍ ဆေးရုံဆေးစစ်ချက်ကိုရယူကာ သေမှုသေခင်းကို အမှုဖွင့်အရေးယူသွားမည်ဟု သိရသည်။

အဆိုပါ ရုပ်ရှင်ရုံကို မန္တလေးမြို့ ၈၃ လမ်းနှင့် ၂၉ လမ်း ရှိ စူပါကုမ္ပဏီက ၂၀၁၃ ခုနှစ် မတ်လတွင် လေလံအောင်မြင်ခဲ့သည်ဟု သိရသည်။ စစ်ကိုင်းဇေယျာသီရိ ရုပ်ရှင်ရုံသည် ရုပ်ရှင်ပြသခြင်း မရှိဘဲ
ပိတ်ထားခဲ့သည်မှာ (၅)နှစ်ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။

လင်းလင်း(သတင်းထောက်)

 

နိုင်ငံတကာ သာသနာပြုဆရာတော် ဦးဥတ္တရ လူဝတ်လဲခံရမှု သံဃာများ ထိတ်လန့်အံ့သြ 

လန်ဒန်မြို့ သာသနာ့ရံသီ ဝီဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး သာသနာတော် ညစ်နွမ်းစေမှုနဲ့ တရားစွဲထားတဲ့ အပေါ်မှာ အင်မတန် ထိတ်လန့် အံသြရတယ်လို့ သာသနာ့ရန်သီ တိုက်အုပ်ဆရာတော် ဦးသိလိဠက မိန့်ကြားပါတယ်။ ယူကေနိုင်ငံမှာ
မြန်မာတွေသာသမက နိုင်ငံခြားသားတွေကြားမှာပါ ဗုဒ္ဓရဲ့ တရားတော်တွေကို ပြန့်ပွားအောင် ဆောင်ရွက်နေတဲ့ ဘုန်းကြီးတပါးကို ခုလို ပုဒ်မတွေတပ် တရားစွဲတာကိုလည်း မယုံကြည်နိုင်ဖြစ်ရတယ်လို့ မိန့်ပါတယ်။ ဦးဥတ္တရ ပြန်လည် လွတ်မြောက်ရေးအတွက် ယူကေအစိုးရရဲ့ အကူအညီအပြင်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက် တင်ပြပေးထားပါတယ်။

သံင်္ဃာ့မဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ တာမွေမြို့နယ်ထဲက မဟာသန္တိသုခ ဘုန်းကြီးကျောင်းတိုက်ကို ဂျွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ ဝင်ရောက် ချိတ်ပိတ်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်းထဲမှာ သီတင်းသုံးနေတဲ့ သံင်္ဃာတချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲကမှ ယူကေနိုင်ငံလန်ဒန်မြို့ သာသနာ့ရန်သီ ဝိဟာရကျောင်းထိုင်ဆရာတော် ဦးဥတ္တရအပါအဝင် သံင်္ဃာ ၅ ပါးကို လူဝတ်လဲစေပြီး တရားစွဲထားပါတယ်။ ဒီလိုလုပ်လိုက်တဲ့အပေါ် အင်မတန် ထိတ်လန့် မယုံကြည် နိုင်အောင်ဖြစ်ရတယ်လို့ သာသနာ့ရန်သီဝီဟာရ တိုက်အုပ်ဆရာတော် ဦသီဠိဋ္ဌက VAO မြန်မာပိုင်းကို မိန့်ပါတယ်။

“လူဝတ်လဲတယ်ဆိုတဲ့အခါကျတော့ ဘုန်းဘုန်းတို့က တအားထိတ်လန့်သွားတာ။ ဘုန်းကြီးတွေအကုန်လုံး ကြားတဲ့ကိုယ်တော်တွေတိုင်း ထိတ်လန့်တာ။ လူဝတ်လဲတယ်ဆိုတဲ့အဓိပ္ပာယ်က ပါရာဇိကကျမှ ဘုန်းကြီးတွေက လူဝတ်ရတာ။ ဘုန်းဘုန်းတို့ ဝိနည်းနဲ့လုပ်တယ်ဆိုလို့ရှိရင် အဲဒီ ဝိနည်းတရားကိုတော့ တအားအံ့သြသွားတာပေါ့နော်။ တကယ်လည်း ထိတ်လန့်သွားတာပေါ့။ တကယ်တော့ ဒီဟာတွေဟာ တိုင်းသူပြည်သားတွေကို ဝိနည်းအမှားတွေကိုပေး၊ ဝိနည်းတွေကို ကိုယ်လိုရာကိုယ်ဆွဲပြော၊ ဘုရားဝိနည်းနဲ့နေတယ်ဆိုလို့ရှိရင် ဒီလိုဖြစ်စရာအကြောင်း ရှိကို မရှိဘူးပေါ့နော်။”
ဆရာတော်ဦးဥတ္တရကို သံသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ သံင်္ဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ စတဲ့ ပုဒ်တွေတပ်ပြီး တရားစွဲထားတာပါ၊ ဦးဥတ္တရဟာ ယူကေမှာ လူနာတွေကို တရားပြနှစ်သိမ့်ပေးတဲ့ ပထမဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတပါးဖြစ်ပြီး လန်ဒန်တော်မြို့တော်က နာမည်ကြီး St. Thomas’ ဆေးရုံမှာ တရားပြ နှစ်သိမ့်ပေးသူ Chaplain အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံတွေမှာတင်မက ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လှည့်လည် သာသနာပြုနေတဲ့ ဆရာတော်တပါးဖြစ်တာမို့ မြန်မာနိုင်ငံမှာ သာသနာညစ်နွမ်းစေမှုနဲ့ တရားစွဲတဲ့အပေါ် မယုံနိုင်အောင် ဖြစ်ရတယ်လို့ ဦသီဠိဋ္ဌက မိန့်ပါတယ်။

“ဦးဥတ္တရက အားလုံး ကမ္ဘာသားတွေလည်း သိတယ်။ အင်္ဂလန်မှာဆိုလို့ရှိရင် အခု Chaplain ဒါရိုက်တာတွေက spritual ပေါ့နော်- စိတ်နဲ့ပတ်သက်လို့ လူတွေကို ချမ်းသာအောင်လုပ်ပေးနေတယ်။ မွတ်ဆလင်ကခေါ်လည်း သူက လိုက်သွားတယ်။ ခရစ်ယာန်ကခေါ်ရင်လည်း လိုက်သွားတယ်။ ဗုဒ္ဓဘာသာကခေါ်ရင်တော့ ပြောစရာမရှိတော့ဘူး။ ဟိန္ဒူကခေါ်လည်း လိုက်သွားတယ်။ အဲလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ တချို့ဆိုလို့ရှိရင် ဆေးရုံပေါ်မှာ သင်္ကန်းဝတ်နဲ့ မြင်တာနဲ့ ဟာ…sruprise ပဲ။ ဦးဥတ္တရလုပ်ကာစကဆို အဲဒီလို၊ နိုင်ငံတကာမှာ ဂုဏ်ယူလောက်အောင် လုပ်တဲ့ပုဂ္ဂိုလ်ဆိုလို့ ပထမဆုံးတွေ့နေရတာက အင်္ဂလန်မှာ ပထမဦးဆုံး သူ့ကိုတွေ့ရတာ။ နောက်တခါကျတော့ အင်္ဂလိပ်ကလည်း လေးစားတယ်။ အခု မွတ်ဆလင်ကလည်း လေးစားတယ်။ ဟိန္ဒူကလည်း လေးစားတယ်။ အဲဒါတင်မကဘူး၊ ဦးဥတ္တရက ဘုန်းဘုန်းနဲ့အတူတူပဲ။ ၂၀၀၄ ခု၊ ၂၀၀၆ ခုကတည်းက ဂျာမနီမှာ ကျောင်းထောင်တယ်၊ ဒိန်းမတ်မှာကျောင်းထောင်တယ်။ ဖင်လန်မှာ ကျောင်းထောင်တယ်။ အဲဒီလို ပြုနေတဲ့ဆရာတော်ပေါ့။ ပြင်သစ်တို့၊ နယ်သာလန်တို့၊ ဂျာမနီတို့၊ နောက် အမေရိကားတို့၊ ဘုန်းဘုန်းတို့ မစိုးရိမ်ဆရာတော်ကြီး တည်ထောင်ထားတဲ့ ကျောင်းတိုက်ရှိတဲ့ အမေရိကားတို့၊ ဂျပန်တို့၊ ဟောင်ကောင်တို့ … ဦးဥတ္တရက အကုန်လုံးသွားပြီးတော့ သာသနာပြုနေတဲ့ပုဂ္ဂိုလ်၊ တကမ္ဘာလုံး သိနေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အဲဒီကျတော့ သူက သာသနာ ညှိုးနွမ်းအောင် လုပ်သလား၊ မလုပ်သလားဆိုတာ အဲဒီမှာ ထင်ရှားတယ်ပေါ့။ ဘာမှ ပြောစရာကိုမရှိဘူး။ ပြည်ပမှာ အဲဒီလို ပုဂ္ဂိုလ်၊ ပြည်တွင်းမှာကျတော့ ဆရာသမားရဲ့ သြဝါဒကို နာခံလို့၊ ပီနန်ဆရာတော်ကြီးကိုယ်တိုင်က - အေး.မင်းလာနေမှ ဖြစ်မယ်၊ မင်းကတော့ ငါပြောတာကို နားလည်တယ်။ အဲဒီတော့ ငါဖြစ်ချင်တဲ့အတိုင်း မင်းလုပ်ပေးပါကွာ-ဆိုလို့ သူက သွားနေရတာ။ သူဖာသာသူ ကျူးကျော်ပြီးတော့ သွားနေတာလည်း မဟုတ်ဘူး။”

ဦးဥတ္တရရော သူနဲ့အတူ လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ ဦးပညာစာရတို့ဟာဆိုရင် ယူကေက မြန်မာမိသားစုတွေ စည်းလုံးမှုရှိဖို့ မြန်လူငယ်တွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်း သိရှိသဘောပေါက်အောင် သင်ကြား ပြသပေးတဲ့အကြောင်းကိုလည်း မိခင်တယောက်ဖြစ်သူ မနှင်းနှင်းခိုင်က ပြောပြပါတယ်။

“ဘုန်းဘုန်းဦးဥတ္တရ ဦးဆောင်တဲ့၊ ဘုန်းဘုန်းဦးပညာရော ဒီ နှစ်ပါးလုံးက မြန်မာပြည်မှာရှိတဲ့ ယဉ်ကျေးမှုတွေ၊ အနုပညာတွေကို မပျက်စီးအောင်ဆိုပြီး ကလေးတွေကို ဗမာစာသင်တာတို့၊ ဗုဒ္ဓဘာသာသင်တန်းတွေပေးတာတို့ ကျမတို့ အပတ်တိုင်းလိုလိုသွားတယ်။ ဒီက ကလေးတွေဟာဆိုရင် ဘုန်းဘုန်း ဦးဥတ္တရတို့၊ ဦးပညာတို့ သင်ပေးလိုက်တဲ့အတွက် ကျမတို့ကလေးတွေဟာ ဗုဒ္ဓဘာသာ ကဗျာတွေ၊ စာတွေ တော်တော်များများကို ရလို့ ရန်ကုန်ပြန်တဲ့အခါ ကျမတို့ အမေတွေက ဒီကလေးတွေကို အရမ်းကို အံ့သြပါတယ်။ ဒီကလေးတွေက ဒီမှာမွေးပြီး ဒီမှာကြီးတာ။ နိုင်ငံခြားသားတွေနဲ့ပဲ အပေါင်းအသင်းလုပ်လာရတာ။ တချို့ဆိုလို့ရှိရင် အဲဒီဘုန်းကြီးကျောင်းကိုရောက်ပြီးမှ ဗမာစကားတတ်သွားတဲ့ ကလေးလေးတွေက ဒုနဲ့ဒေးပါပဲ။”

ယူကေနိုင်ငံသားတယောက်ဖြစ်တဲ့ ဦဥတ္တရလွတ်မြောက်ရေးအတွက် ယူကေအစိုးရက အကူအညီပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး မြန်မာမိသားစုတွေက တတ်နိုင်တဲ့ဘက်ကနေ ကြိုးပမ်းနေတယ်လို့ စီစဉ်ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

“ဗမာမိသားစုတွေအနေနဲ့ ဘုန်းဘုန်းက ဒီ ယူကေနိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Foreign Office ကနေတဆင့် မြန်မာပြည်မှာရှိတဲ့ အင်္ဂလန်သံရုံးကနေပြီးတော့ ဘုန်းဘုန်းအတွက် ဘယ်လို အကူအညီတွေ ပေးနိုင်မလဲဆိုတာ အမတို့ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။ နောက်တခုက ဒီမှာ ဗမာမိသားစုတွေ၊ ဘုန်းဘုန်းရဲ့ တကာ၊ တကာမတွေ သိပ်ပေါများပြီး အားလုံးလည်း စိတ်နှလုံး မချမ်းမသာ ဖြစ်နေကြတဲ့အတွက်ကြောင့် ညနေတိုင်း ဘုန်းဘုန်းတို့အတွက်ကို ဘုန်းဘုန်းတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိဖို့ရယ်၊ လွတ်မြောက်ရေးအတွက်ရယ်ပေါ့ ဒီမှာ မိသားစုတွေ ဝတ်ပြု ဆုတောင်းပွဲ ညနေတိုင်းပြုလုပ်ဖို့ ဒီမှာ စီစဉ်ထားပါတယ်။”

မဟာသန္တိသုခ ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကို နိုင်ငံတကာမှာ လှည့်လည်သာသနာပြုနေတဲ့ ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ထားခဲ့တာ ဖြစ်ပေမယ့် နိုင်ငံတော် သံင်္ဃာ့မဟာနာယက အဖွဲ့ကို လှူဒါန်းခဲ့ပါတယ်။ ပီနန်ဆရာတော် နိုင်ငံခြားကနေ ပြန်ရောက်လာချိန်မှာ ပီနန်ဆရာတော်နဲ့
သံင်္ဃာ့ မဟာနာယကအဖွဲ့ကြား ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြပါတယ်။

ပိုင်ဆိုင်မှုပြဿနာ ဖြေရှင်းဖို့ စီစဉ်ထားချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတိုက်ထဲကို အချိန်မတော်ကြီး ဝင်ရောက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊

စုမြတ်မွန် (ဗွီအိုအေ)

 

ဦးအံ့မောင် သမ္မတအကြံပေး မဟုတ် 

  ဦးအံ့မောင်သည် နိုင်ငံ တော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ် လုံးဝမဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

‘‘ဦးအံ့မောင်က နိုင်ငံတော် သမ္မတရဲ့အကြံပေး မဟုတ်ပါ ဘူး။ သတင်းစာရှင်းလင်းပွဲက လည်း နိုင်ငံတော်သမ္မတကိုယ် စား ရှင်းလင်းခဲ့တာ မဟုတ်ပါ ဘူး’’ဟု အဆိုပါပုဂ္ဂိုလ်က ဆို သည်။

မဟာသန္တိသုခကျောင်းတိုက် ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် သာသနာရေးဝန်ကြီးဌာနကိုကိုယ်စားပြု၍ ရှင်းလင်းပြောကြားခြင်းသာဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ဦးအံ့မောင်၏ အမည်နှင့် ရာထူးကို ဖော်ပြသောကတ်ပြားတွင် နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဟု ဖော်ပြပြီး မီဒီယာအားလုံးကလည်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဟူ၍ ရေးသားဖော်ပြခဲ့ကြသည်။ ထို့အပြင် သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ရုံးဝင်းအတွင်းရှိ ၎င်း၏ရုံးခန်းတွင်လည်း နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဟု ချိတ်ဆွဲရေးသားထားသည်။ ဦးအံ့မောင်သည် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

7DAY DAILY


 


ရန်ကုန်မြို့ မဟာ သန္တိသုခ ကျောင်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသရဲ့တပည့် အင်္ဂလန် နိုင်ငံ သာသနာ့ရံသီ ကျောင်းက ဆရာတော် ဦးဥတ္တရ အပါ အဝင် သံဃာ ၅ ပါးကို သာသနာရေး ဝန်ကြီး ဌာနက အတင်းလူဝတ်လဲပြီး ဖမ်းဆီးထား ပါတယ်။

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ရဟန်းတော်တွေ ကြားမှာ မကျေနပ်မှုတွေ ဖြစ်ပြီး အမြင်တွေလည်း အမျိုးမျိုးဖြစ်နေ ပါတယ်။

အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကြီးရဲ့ ဦးဆောင် ဆရာတော် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်ရဲ့ ပဓါန ဆရာတော် ဦးတိလောကဘိဝံသက မဟာသန္တိသုခကျောင်းကိုဝင်စီး ချိပ်ပတ်ပြီး သံဃာတော်တွေကို အရေးယူတဲ့ လုပ်ရပ်ထက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့နည်းကိုပဲ လိုလား တယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမဲ့ ဦးဝီရသူလို့ လူသိများတဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဓမ္မသဟာရ ကျောင်းက ဆရာတော် ဦးဝိစိတ္တာဘိဝံသ ကတော့ ကိုယ့်ကျောင်းမှာ ကိုယ်နေတဲ့ သံဃာတွေကို အနုကြမ်းဝင်စီးတာ မတရားလုပ်ရပ်လို့ မြင်တယ်၊ လူဝတ်လဲ လိုက်တယ်ဆိုတာ ထောင်ချဖို့ စီစဉ်တာ ဖြစ်တယ် ဒါကြောင့် တိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ ဦးဝီရသူက ဆိုပါတယ်။

ကိုယ့်ကျောင်းမှာ ကိုယ်နေတာကို ဝင်လာတဲ့ အကြမ်းဖက်တဲ့သူတွေက ထောင်ချတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေ တာကြောင့် တုံ့ပြန်ဖို့ လိုတယ်လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။

မန္တလေးဒေသခံတွေ ကြားမှာလည်း မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်ပြီး သံဃာတော်တွေကို လူဝတ်လဲအရေးယူလိုက်တဲ့ အစိုးရရဲ့လုပ်ရပ်ကို အံ့ဩတုန်လှုပ်ပြီး စိတ်မကောင်း ဖြစ်နေကြတယ်လို့ ပြောနေကြပါတယ်။

 

မန္တလေးမြို့ လမ်း ၃၀x ၆၂လမ်း ဒုက္ခစရိယာရုပ်ပွားတော်မြက် မေးတော်တွင်ထူးဆန်းစွာပျားစွဲ 


 


 



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနေရာကို မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုချက်မပေးကြောင်း သိရပါတယ်။

ခွင့်ပြုချက်မရပေမဲ့ ဟောပြောပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမားကီးက အခုလိုပြော ပါတယ်။

"ဒေသခံ NLD တွေကဖြေလိုက်တာကို သူတို့ကဘာမှ အကြောင်းပြန် ကြားချက်မပေးပဲနဲ့ ၁၀ ရက်လောက်ကျမှ ဒါသူတို့ကို တင်ရမှာ မဟုတ်ပါဘူး စုဝေးခွင့်အတွက်၊ ဟောပြောခွင့်အတွက် မြို့နယ်ရဲမှူးကို တင်ရမှာပါဆိုပြီးတော့ ၁၀ ရက်နေ့ကျမှ ချပေးတယ်၊ အဲ့ဒါနဲ့ ၁၀ ရက်နေ့ အားချင်းပဲတင်တဲ့အခါကျတော့ ၁၄ ရက်နေ့မှာကိုလုပ်မှာကို ၁၀ ရက်နေ့မှာတင်တယ် လုံလောက်တဲ့ရက် မရှိဘူးဆိုပြီးတော့ သူက ခွင့်ပြုချက်ပေးဖို့ ငြင်းဆန်တယ်၊ သူတို့ကတရားဝင်ခွင့်ပြုချက်မပေးဘူး၊ တရားဝင်မပေးပေမဲ့ အဲ့ဒီမှာပဲ ဆက်လုပ်သွားမယ်"

အဲဒီမြစ်ကြီးနားဟောပြောပွဲကို မြစ်ကြီးနားမြို့ City Park Royal Hotel မှာ ဟောပြောပွဲ ကျင်းပခွင့် တောင်းထားတာဖြစ်ပြီး ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဲ့ဒီလူထုဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်နဲ့ ဦးဇော်မြင့်မောင် တို့က ဟောပြောမှာဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)

 

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားခန်းမမှာလုပ်ခဲ့တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု
စီးပွားဘ၀မြင့်တင်ရေး အခမ်းအနားတွင်ဒုသမ္မတဦးဥာဏ်ထွန်းက ပြည်သူများ
အနေဖြင့် တစ်နေ့ ၂၀၀၀ ကျပ်ရရှိလျှင် ဘ၀ရပ် တည်ရေး လုံလောက်သည်ဟု ပြောဆိုခဲ့သော သတင်းတစ်ပုဒ်ထွက်ပေါ်လာသည်။

အဆိုပါစကားအပေါ် ၂ ရက်အတွင်းမှာပင် ပြည်သူများအကြား ပျံ့နှံ့ခဲ့ပြီး အမှန်တကယ်ပင် တစ်နေ့ ၂၀၀၀ ကျပ် နှင့် လူတစ်ယောက် စားဝတ်နေရေးကို ရပ်တည်၍မလောက်ငဟုလည်း အခြေခံလူ တန်းစားများက တုံ့ပြန်ဝေဖန်မှုများ လုပ်ခဲ့သည်။

ရန်ကုန်မြို့တွင်းတွင် နေ့စဉ်ဝင်ငွေ ရရေးရှာဖွေစားသောက်နေရသော လူထု လူတန်းစားအလွှာအသီးသီးမှာ ပြည်သူများ အနေဖြင့် ဒုသမ္မတပြောသလို တစ်နေ့ ၂၀၀၀ နှင့် လောက်ငပါသလားဆိုသော အချက်ကို စောင့်ကြည့်သတင်းဂျာနယ် အဖွဲ့သားများအနေဖြင့် ကွင်းဆင်းမေးမြန်းမှုများ လုပ်ခဲ့ပါသည်။
…. …. …

ဦးမျိုးသိန်း(ပန်းဆိုးတန်း-ဆိပ်ကမ်းသစ်သီးဆိုင်)
---- --- --- ----
အနည်းဆုံး အိမ်ရဲ့အသုံးစရိတ်က ၆၀၀၀ လောက်ရှိမှ လောက်မှာပါ။ ကလေး မုန့်ဖိုး အနည်းဆုံး ၅၀၀ ပေးရပါတယ်။ ဆီ၊ ဆန်၊ ဆားရှိပြီးသား။ အိမ်ကမိသားစု များတော့ ပိုကုန်တာပေါ့။ မိသားစု ၁၂ ယောက်ရှိတော့ အားလုံးနီးပါးအလုပ်လုပ်မှ အိမ်စရိတ် ကာမိပါတယ်။

ကိုထွန်းနောင်လွင်(အနှေးယာဉ် လုပ်သား-၃၈ လမ်း)
---- --- --- ----
တစ်နေ့ကို ၂၀၀၀ မလောက်ပါဘူး။ အနည်းဆုံး ၅၀၀၀ ကျော်ကျော် ၆၀၀၀ လောက်ရမှဖြစ်မှာပါ။ မိသားစု ၄ ယောက် ရှိတယ်။ ကလေးကျောင်းစရိတ်ရှိတဲ့ အတွက် မလောက်ဘူး။ ကျောင်းစရိတ် မပေးရရင်တော့ တစ်နေ့ ၃၀၀၀၊ ၄၀၀၀ လောက်ရှိရင် လောက်ပါတယ်။

ဒေါ်ခင်ကြူ (ခေါင်းရွက်ဗျက်ထိုး ဈေးသည်)
---- --- --- ----
ဟင်းသီးဟင်းရွက်၊ အသားငါးဝယ် တာ ၂၀၀၀ လောက်ကျတယ်။ ထား။ ဆန်ဖိုး နဲ့ဆိုရင် တစ်နေ့ ၅၀၀၀ လောက်ကုန် တယ်။ မိသားစုကလည်းများတော့ တစ်နေ့ ၇၀၀၀၊ ၈၀၀၀ လောက်ရမှ လုံလောက်မှာပါ။ တစ်နေ့ ၂၀၀၀ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

ကိုမျိုးဝင်း (ဂွေးချိုသီးရောင်း- ပန်းဆိုးတန်းခုံးတံတား)
---- --- --- ----
တစ်နေ့ ၂၀၀၀ ကတော့ ဘယ် လောက်မလဲ။ မိသားစုစားဝတ်နေရေးက တော့ ၅၀၀၀ လောက်မှရမှာ။ ၅၀၀၀ ဆိုတာ အနည်းဆုံးနော်။ ၅၀၀၀ အောက် ဆင်းသွားရင် မိသားစုစားလို့မရဘူး။ ကလေး ၂ ယောက်ရဲ့ ကျောင်းစရိတ်ရှိ တယ်။ ဘယ်လိုမှအဆင်မပြေဘူး။ ဒါတောင် ၅၀၀၀ ဆိုတာ စားဖို့နဲ့ ကျောင်း စရိတ်အတွက်ပဲ။ အိမ်ငှားခပါဆိုရင် ၇၀၀၀၊ ၈၀၀၀ လောက်မှ အဆင်ပြေမှာပါ။

မစီစီအောင်(ကုန်စိမ်းသည်)
---- --- --- ----
မလောက်ဘူး၊ လုံးဝမလောက်ဘူး။ ကလေးမုန့်ဖို့ တစ်နေ့ ၃၀၀၀ ရှိပါတယ်။ မိသားစုကလည်းများတော့ တစ်နေ့ကို ၈၀၀၀ လောက်ရမှာ အဆင်ပြေမှာပါ။

ကိုထိန်လင်း(ကွမ်းယာဆိုင်- ၃၈ လမ်း)
---- --- --- ----
ကလေးကျောင်းစရိတ်နဲ့ စားရေး သောက်ရေးက တစ်နေ့ ၂၀၀၀ ရရုံနဲ့ မလောက်ဘူး။ တစ်ခါတလေ ဈေးဖိုးတင် ၃၀၀၀ လောက်ကုန်တယ်။ အိမ်ငှားခနဲ့ ဆိုရင် ဘယ်လိုနည်းနဲ့မှ မလောက်ဘူး။ အိမ်ငှားခတွေက ဈေးတက်တယ်။ တစ်လ ကို ၁၂၀,၀၀၀ ရှိတယ်။ အဲဒီမှာပဲ တစ်နေ့ ကို ၃၅၀၀ ဖြစ်နေတယ်။ မိသားစုက ၄ ယောက်ရှိတယ်။ ၈၀၀၀၊ ၁၀၀၀၀ ဆိုရင် တော့ လောက်ပါတယ်။

မသင်းသင်းကြည်(ပြည်မြို့ခရီးသည်တစ်ဦး)
---- --- --- ----
နိုင်ငံတော်ဒုသမ္မတ ဦးဥာဏ်ထွန်းကြောင့် တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ လောက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆီတစ်ပုလင်းဝယ်ရင်တောင် ၁၅၀၀ ဖြစ်နေတယ်။ ဟင်းဝယ်ရင်အနည်းဆုံးဈေးဖိုး ၁၅၀၀ ကျပ်ဖြစ်နေတယ်။ ၀က်သားဆိုင်မှာ အရိုးဝက်သားတောင် အနည်းဆုံး ၁၀၀၀ ပေးရတာ။ ကျွန်မမှာ ကလေးက ၃ ယောက်ရှိတယ်။ အနည်းဆုံးတစ်ယောက်ကို မုန့်ဖိုး ၃၀၀ ကျပ်ပေးမှ အဆင်ပြေတာ။ အိမ်ရဲ့အသုံးစရိတ်ကလည်း ၅၀၀၀ ကျပ်ရှိမှဖြစ်ပါတယ်။ ဒါတောင် ချွေတာသုံးတာပဲ ရှိသေးတာ။

ကိုမောင်မောင်အေး (တက္ကစီယာဉ်မောင်း)
---- --- --- ----
နိုင်ငံတော်ဒုသမ္မတပြောတဲ့ တစ်ရက် ၂၀၀၀ ကျော်ရုံနဲ့ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အနည်းဆုံး ထမင်းကြော်အိမ်မှာ ကြော်ပြီး ကော်ဖီအိမ်မှာသောက်ရင်တောင် ၁၅၀၀ ကျပ်လောက်ကုန်နေတာ။ အိမ်မှာ မိသားစု ၅ ယောက်ရှိတယ်။ ကလေး ၃ ယောက်ကို မုန့်ဖိုးပေးရင်တောင် အနည်း ဆုံး ၁၀၀၀ ကျပ်ပဲ။ ဆီ၊ ဆန်၊ ဆားအပါအ၀င် ဈေးဖိုးအနည်းဆုံး ၅၀၀၀ ကျပ် ကျော်မှ မိန်းမမျက်နှာကြည်တာ။ တစ်ခါတလေ ဈေးဖိုး ၅၀၀၀ ကျပ်ပေးရင် ရှင် ဈေးသွားဝယ်ကြည့်ဦးလို့တောင် ပြောခံရတာ။

ကိုသိန်းဇော်ဦး(ထီအရောင်းသမား)
---- --- --- ----
''၂၀၀၀ နဲ့ မလောက်ဘူး။ ကလေး မုန့်ဖိုးတင် တစ်နေ့ကို ၅၀၀ လောက်ပေး ရတယ်။ မိသားစုက ၄ ယောက်ရှိပါတယ်။ တစ်နေ့ကို ၅၀၀၀ လောက်ရမှ လောက်မှာပါ''

ဖိုးသူတော်(www.phothutaw.com)

 

မဟာသန္တိသုခကျောင်း စီးနင်းဝင်ရောက်ခြင်း ဓမ္မစက်ထက် အာဏာစက် ရှေ့ရောက်မှု တိုင်းပြည်အတွက် မကောင်း


 



တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ည ၁၀ နာရီခန့်တွင် တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ
တာဝန် ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်စာတန်းပါ လက်ပတ် အနီပတ်သူများက ၀င်ရောက် စီးနင်းခဲ့ကာ သံဃာတော် များအား ကမ္ဘာအေး ကုန်းမြေသို့ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် ခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းသည် မဟာသန္တိသုခ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ပီနန်ဆရာတော် ဦးပညာဝံသ ဇွန်လ ၁၅ ရက်တွင် ဂျပန်နိုင်ငံသို့ ကြွရောက်နေချိန်နှင့် တိုက်ဆိုင်နေသည်။

ထို့အပြင် လက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်စဉ်တွင် ကုန်ကျစရိတ်ပေါင်း ကျပ်သိန်း ၁၀၀၀၀ ရှိပြီး ပီနန် ဆရာတော်နှင့် အလှူရှင်များ၏ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀၀ ရှိကြောင်း၊ ကျန် အလှူရှင်များ၏ လှူဒါန်းခြင်းသည် ““တစ်ဦးတစ်ဖွဲ့တည်းက လှူဒါန်းခြင်း မဟုတ်သကဲ့သို့ ပုဂ္ဂိုလ် တစ်ဦး တည်းသို့ ရည်ရွယ် လှူဒါန်းခြင်း မဟုတ်သည့်အတွက် ပီနန်ဆရာတော် မပိုင်ဆိုင်ထိုက်””ဟု သာသနာရေး ၀န်ကြီးဌာနမှ သဘောထားရှိကြောင်း ကြားသိရသည်။

အဆိုပါ သဘောထားနှင့် ပတ်သက်၍ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၏ ဝေဖန် သုံးသပ်မှုများကို မြန်မာသံတော်ဆင့်မှ စုစည်း တင်ပြလိုက်ပါသည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟ


သာသနာတော် အားလုံးနဲ့ ဆိုင်တယ်ဆိုတာက အဲဒီတုန်းက အခြေအနေအရ ရေစက်ချပြီး လုပ်ချင် သလို လုပ်ခဲ့ကြတယ်။ ဟိုတုန်းကာလက ပီနန်ဆရာတော်ကြီးက ကြည်ညိုခွင့် မရှိဘူးလေ။ သူက မ,တည်ပြီးတော့ ဆောက်တာပေါ့။ ပြည်တွင်းရော ပြည်ပရော အားလုံးပါတယ်ပေါ့။ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေကလည်း သူ့လက်ထဲမှာပဲ အားလုံး ရှိတာပဲလေ။ ဒီလို အငြင်းပွားတာတွေ ဖြစ်နေတဲ့ ဒီကျောင်းတိုက်ကြီးမှာ သံဃ နာယကသည် သူတို့ကိုယ်တိုင်လည်း ဘာမှပါဝင်တာ မရှိသလို သူတို့နဲ့ ပတ်သက်တဲ့ ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းမှုလည်း မပါပါဘူး။

ဦးဝီရသူ (မစိုးရိမ်တိုက်သစ် ဆရာတော်)


မဟနက လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး လက်ဝါးကြီး အုပ်လိုက်တာပေါ့။ အာဏာရှင်ရဲ့ အမွေဆိုးကို အပြည့်အ၀ အသုံးချလိုက်တာပဲလို့ ပြောချင်ပါတယ်။

ဦးဂျင်မီ (၈၈၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

သာသနာတော် ထွန်းကားရေးအတွက် ဆိုလို့ရှိရင် ပီနန်ဆရာတော်ကြီးကို အဲဒီမှာ ကျောင်းထိုင်ထားတာက ပိုကောင်းမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီနန် ဆရာတော်ကြီးက သာသနာပြုတာဆိုရင် ကမ္ဘာကိုပါ သာသနာပြုတာလေ။ မလေးရှားမှာရှိတဲ့ ဆရာတော်ကြီးရဲ့ကျောင်းကို ကျွန်တော် ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့ အချိန်မှာ မလေးရှားမှာရှိတဲ့ ပီနန် ကျောင်းတော်ကြီးကနေပြီးတော့ တစ်ကမ္ဘာလုံးကို ဖြန့်ကြက်ပြီး သာသနာပြုတဲ့ ဆရာတော်ကြီးပဲ။ အဲဒီတော့ ဘာလို့ ဒီဆရာတော်ကြီးကို ဆက်ပြီး မထားနိုင်ရမှာလဲ။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီပြဿနာကို အရေးယူတဲ့ နေရာမှာလည်း အဓိက ဆရာတော်ကြီး မရှိတဲ့အချိန်မှာ အရေးယူတာကလည်း ဒါကလည်း နည်းလမ်းမကျဘူး။ နောက်တစ်ချက်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ၀င်ပြီးတော့ အရေးယူတဲ့ပုံစံက စစ်ဆင်ရေးမဟာ ဗျူဟာတစ်ရပ် အခင်း အကျင်းတွေ နဲ့ ညကြီးမှာ ၀င်ပြီးတော့ တိုက်ခိုက်တဲ့ သဘောမျိုးပေါ့။ အဲဒီလိုမျိုး လုပ်တာကလည်း မသင့်လျော်တဲ့ ကိစ္စတစ်ခုပဲ။ ပထမတစ်ခု ကျွန်တော် ပြောချင်တာက သာသနာတော် ထွန်းကားရေးအတွက် လုပ်တယ်ဆိုရင် ပီနန်ဆရာတော်ကြီးကို ကျောင်းထိုင် ဆက်ထားတာဟာ သာသနာတော် ထွန်းကားရေး အတွက်၊ သာသနာတော် ပြန့်ပွားရေးအတွက် ပိုပြီးတော့ ကောင်းမယ်။ ပြဿနာကို ဖြေရှင်းတဲ့ပုံကို ကျွန်တော်တို့ မကြိုက်ဘူး။ ကျွန်တော့်အမြင်က ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ဒီနည်းနဲ့ ၀င်ရောက် စီးနင်းတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဆရာတော်ကြီးသည် ကမ္ဘာ့ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းကပါ သိတဲ့ ဆရာတော်ကြီး။ တကယ်လို့ သူတို့ ဒီကိစ္စကို ဆုံး ဖြတ်ချက် ချမယ်ဆိုရင် ဆရာတော်ကြီးကို သံဃာ့ အစည်းအဝေးမှာ ပင့်ဖိတ်ပြီး ဒါက ဒီလိုရှိပါတယ်ဆိုပြီး ရှင်းရမယ်၊ ပြောရမယ်။ သံဃာ့ လုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်။ သံဃာ့ လုပ်ထုံးတွေနဲ့အညီ သွားရမှာ။ ဓမ္မစက်ထက် အာဏာစက်က ရှေ့ကို ပိုပိုပြီး ရောက်နေ တာဟာ တိုင်းပြည်အတွက် မကောင်းဘူး။

ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်၊ ဥက္ကဋ္ဌ)

ဒီကိစ္စကို သေချာတော့ ကျွန်တော် မသိဘူး။ မလေးရှားရောက်တော့ ဆရာတော်ကြီးနဲ့ တွေ့တယ်။ ဆရာတော်ကြီး ပြောတာတော့ သူ့ကျောင်းထားခဲ့ရတယ်။ ကျောင်းပြန်လို့ မရတော့ဘူး။ ပြည်ဝင်ခွင့်မရ တော့ဘူး။ ဒါအရင်တုန်းက ပြောခဲ့တာ။ ကျွန်တော် သိရသလောက် ဘေးစကားတွေအရ ဆရာတော်ကြီး ဦးစီးပြီးတော့ ဆောက်ခဲ့တယ်။ ဆရာတော်ကြီး ပြည်ပရောက်တဲ့ အချိန်မှာ အစိုးရက သိမ်းပစ်လိုက်တယ်။ သိမ်းပြီးတော့ သာသနာရေးကို လက်လွှဲပေးလိုက်တယ်။ အမှန်မှန်ကတော့ တကယ့်ကို ပိုင်ရှင်က ဆရာတော်ကြီးပဲ။ ကျွန်တော် သိတာ။ အခုလို အစိုးရက သိမ်းပြီး ဒါမျိုး ပြောတာတော့ ကျွန်တော်လည်း နားမလည်တော့ဘူး။ အရေးကြီးတာက မုသာဝါဒ လုပ်တယ်ဆိုတဲ့ကိစ္စက ဘုန်းကြီးကျောင်းနဲ့ ပတ်သက်တယ်။ ဘုရားရဲ့ ပစ္စည်းနဲ့ ပတ်သက်နေတယ်။ အဲဒီတော့ မုသာဝါဒ သုံးတဲ့သူက ပိုပြီးတော့ အပြစ်ကြီးမှာပဲ။ ဒါက ကျွန်တော် ပြောချင်တယ်။

ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ – မြန်မာ)


ဆရာတော်တွေ အနေနဲ့ကတော့ ဘုန်းကြီးကျောင်းတွေ ပိုင်ဆိုင်တယ် ဆိုတာကတော့ ပြောလို့ မကောင်းဘူး ပေါ့နော်။ ဒါပေမဲ့ ဒီအလှူ ဖြစ်မြောက်ရေးအတွက် ပီနန်ဆရာတော်ကြီးက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာပဲ။ အရင်တုန်းက စစ်အစိုးရ လက်ထက်ကတည်းက အန်တီတို့ ကြားတာပေါ့။ ဆရာတော်ကြီးက ဒီမှာ အင်္ဂလိပ်စာ သင်တန်းတွေလည်း ဖွင့်ပေးတယ်လို့ ကြားတယ်။ အဲဒီဖွင့်ပေးတာတွေ စပြီးတော့ သူတို့က အထင်အမြင်လွဲမှား တာတွေရှိတယ်။ ဟိုတုန်းက ဘာမှ သိပ်လှုပ်ရှားလို့ မရဘူးလေ။ ဒီကိစ္စတွေ ပြေပြေလည်လည် စကားပြောရင် ရပါတယ်။ အခုက ဒီမိုကရေစီခေတ် ရောက်နေပြီပဲ။ သူတို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတယ် ဆိုရင် အထင်ကရ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးနဲ့ အဲဒီလို မဖြစ်သင့်ဘူး ထင်ပါတယ်။ ဒါတွေကတော့ မဖြစ်သင့်တဲ့ကိစ္စပဲ။ အထူးသဖြင့် ဘာသာရေး အဆောက်အအုံတွေထဲမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေရင် စုံစမ်းအရေးယူလို့ ရတာပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ စီးနင်းပြီး ရှာတယ်၊ ဖွေတယ်၊ ၀င်မောင်းချတယ် ဆိုတာကတော့ ကြည့်လို့လည်း မကောင်းဘူးလေ။

ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန်မြို့နယ်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ်)

ပီနန် ဆရာတော်ကြီးအနေနဲ့ သာသနာနဲ့ ပတ်သက်ပြီး မတည်တံ့အောင် ဘာတွေ လုပ်ဆောင်ထားသလဲ။ ဥပမာအားဖြင့် သာသနာတော်ကို ပျက်စီးအောင် ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့တယ်ဆိုရင် သာသနာနဲ့ ပတ်သက်တဲ့အတွက် အရေးယူရမှာပေါ့။ အခုလုပ်တဲ့ လုပ်ရပ်ကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကလည်း ဒီလိုပဲ။ ဘုန်းကြီးကျောင်းတွေကို အတင်းဝင်စီးပြီး သံဃာတော်တွေကို အတင်းအဓမ္မ ညှဉ်းပန်းနှိပ်စက်တဲ့ ပုံစံမျိုးလေ။ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုအနေနဲ့ ဒီလိုကိစ္စမျိုးတွေဆိုတာ မဖြစ်သင့်ဘူး။ လူတွေဆိုရင်လည်း လူတွေနဲ့ သက်ဆိုင်တဲ့ တရားရုံး ဆိုတာရှိတယ်။ သံဃာတော်တွေ အနေနဲ့ဆိုရင်လည်း စစ်ဆေးမေးမြန်းတာတွေ ရှိသင့်တယ်။ ဒီလို လုပ်ရပ်မျိုးကတော့ အကြမ်းဖက်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာသံတော်ဆင့် 

လန်ဒန်ဆရာတော်လွတ်ရေး ဗြိတိသျှအစိုးရကူမယ် 

                            လန်ဒန်မြို့ သာသနရံသီ ဝိဟာရ ဆရာတော် ဦးဥတ္တရ

 

ရန်ကုန်မြို့ တာမွမြို့နယ် မှာ ရှိတဲ့ မဟာသန္တိသုခ ဘုန်းကြီးကျောင်း ကို အစိုးရက သိမ်းပိုက် ချိပ်ပိတ်ပြီးတဲ့ နောက်၊ တရားစွဲဆို လူဝတ်လဲပြီး အင်းစိန် အကျဉ်းထောင် မှာ ဖမ်းဆီးထားတဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရ ကို ပြန်လွှတ် ပေးဖို့ အတွက်၊ အဲဒီ့ ကျောင်းက တိုက်အုပ် ဆရာတော် ဦးသီလိဠ က၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်စွာမင်း ကို သွားရောက် တိုက်တွန်းခဲ့ သလို၊ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုလည်း အကူအညီ ပေးဖို့ သွားရောက် ပြောဆိုခဲ့ပါ တယ်။

ပီနန်ဆရာတော် နဲ့ သံဃမဟာနာယက အဖွဲ့တို့ အကြား၊ ပိုင်ဆိုင်မှု အငြင်းပွား နေကြ တဲ့ မဟာသန္တိသုခ ကျောင်းအရေး နဲ့ ပတ်သက်ပြီး၊ သံဃ မဟာနာယက အဖွဲ့ ခွင့်ပြုချက်မရပဲ စည်းဝေး ဆွေးနွေးခဲ့မှု၊ သံဃာ သင်းကွဲစေမှုတို့ နဲ့ ဆရာတော် ဦးဥတ္တရ ကို စွပ်စွဲထားပါ တယ်။

ဦးဥတ္တရ အဖမ်းအဆီး ခံထားရမှု နဲ့ ပတ်သက်ပြီး၊ စုံစမ်းမေးမြန်း ဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗြိတိသျှ သံရုံး ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန က အကြောင်းကြား လိမ့်မယ် လို့ ဦးသီလိဠ က မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရ ဟာ၊ လန်ဒန်မြို့ စိန့်ထောမတ်စ် ဆေးရုံး မှာ၊ လူနာတွေကို တရားပြ နှစ်သိမ့်မှု ပေးသူအဖြစ် လည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဆေးရုံတည်ရှိရာ နယ်မြေရဲ့ ပါလီမန်အမတ် ဆိုင်မွန်ဟျူး ကလည်း၊ ဆရာတော် လွတ်မြောက်ရေးကို ကူညီဖို့ ဗြိတိသျှ အစိုးရကို စာရေးသား တောင်းဆို ထားပါတယ်။

လန်ဒန် မြို့တော် အချက်အချာ မှာတည်ရှိတဲ့ စိန့်ထောမတ်စ် ဆေးရုံးမှာ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လူနာတွေ အတွက် တရားပြပေးနေတဲ့ ဆရာတော် အခုလို အဖမ်းအဆီး ခံရတဲ့အပေါ်၊ အလွန် စိတ်မကောင်း ဖြစ်ရပြီး၊ စိုးရိမ်ကြောင်း၊ အဆိုပါ ဆေးရုံရဲ့ ပြန်ကြားရေး တာဝန်ခံ မက်အေကစ်ဒ် က ဘီဘီစီကို ပြောပါ တယ်။

အခု ချိပ်ပိတ်ခံထားရ တဲ့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ထဲ က မဟာသန္တိသုခ ကျောင်းရှေ့ မှာ လူသွားလူလာ မရှိသလို၊ ကျောင်းကိုလည်း သံဆူးကြိုး အကာအရံတွေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေ စောင့်ကြပ်နေပါ တယ်။

ဒီ ကျောင်းမှာ ပီနန်ဆရာတော်ကြီး နဲ့ သံဃ(၅)ပါးကို နေ့စဉ် ဆွမ်းကပ်ခဲ့တဲ့ ရပ်ကွက်နေ ဒယိကာမ တစ်ဦးကတော့ သံဃာတွေ ဆွမ်းစားချိန် ရောက်တိုင်း အင်မတန် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်၊ ဒီကျောင်းကိစ္စနဲ့ ပတ်သက်လို့ သဘောထား မှတ်ချက်တွေ ပြုရင်၊ အာဏာပိုင်တွေဘက်က ငြိငြင် ဖမ်းဆီး စစ်ဆေးမှာ ကို ရပ်ကွက်နေ ပြည်သူတွေ စိုးရိမ် နေကြပါတယ်။

မဟာသန္တိသုခကျောင်း ကို ပီနန်ဆရာတော် က စတင် တည်ထောင် ခဲ့ပေမယ့်၊ ဒီကျောင်းတိုက် ဟာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းပြီး ဖြစ်တဲ့ အတွက်၊ ဝိနနည်း အရ ပီနန်ဆရာတော်ကြီး မပိုင်တော့ဘူး လို့ သာသနာရေး ဝန်ကြီးဌာနဘက် က ထုတ်ပြန်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)