Monday, July 7, 2014

တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူး ဥပကာရတင်ရှိကြောင်း သမ္မတရုံးထုတ်ပြန်

           ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် မန္တလေးမြို့ ကို ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ် 
                                                (ဓါတ်ပုံ-မောင်တာ )


မန္တလေးမြို့၏ အခက်ခဲဆုံးအချိန်များကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပြန်လည်တည်ငြိမ်ရန် ကြိုးပမ်းခဲ့ရာတွင် မန္တလေးမြို့မှတာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုအတွက် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။ မြန်မာဘာသာဖြင့် စာပိုဒ် ခုနစ်ပိုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် စာပိုဒ် ငါးပိုဒ်ပါဝင်သော ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
[၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်]
● လူမျိုး ဘာသာ မရွေး ရင်းနှီးချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားသော မန္တလေးမြို့ တော်သည် တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအ၀င် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီဟု ဆိုနိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

● အစိုးရအနေဖြင့် ပဋိပက္ခများ ပြန့်ပွားခြင်း မရှိစေရန် လိုအပ်သော ပြင်ဆင်မှုများ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ခြင်းနှင့် ယဉ်ကျေးသော၊ သိမ်မွေ့သော၊ နူးညံ့သော မန္တလေးမြို့သူမြို့သားများ၏ အစဉ်အလာကောင်းကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ယနေ့ အချိန်အခါတွင် တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဆောင်ကြဉ်း ရရှိစေခဲ့ခြင်း ဖြစ်ပါသည်။
● ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေး ဆက်သွယ်သော မြို့သူမြို့သားအားလုံး၏ အမည်များ အားလုံးကိုဖော်ပြနိုင်ခြင်း မပြုနိုင်သော်လည်း ထိုသူများသည် မန္တလေးမြို့အတွက် နောက်ကွယ်မှ တာဝန်သိခဲ့ တာဝန်ကျေခဲ့ကြပြီကို အသိအမှတ်ပြုကျေးဇူးတင်ရမည် ဖြစ်ပါသည်။ တာဝန်သိ ပြည်သူများ၏ ကြိုတင်သတင်း ပေးပို့မှုများကို အားကိုးအားထားပြု၍ လူထုအခြေပြုတားဆီးကာကွယ်မှုများ၊ အချိန်မီဖြေရှင်း ဆောင်ရွက်မှုများ၊ စစ်ဆေးဖော်ထုတ်မှုများ လုပ်ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း နေ့မအား ညမနား ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။
● အရေးကြီးသောအခါ သွေးစည်းလေကြသော အစဉ်အလာများနှင့်အညီ သတင်းမှားများ၊ ကောလဟာလများကို မိမိတို့အသိစိတ်ဓါတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်များ ထုတ်ပြန်ပေးခဲ့ကြသော မန္တလေးသူ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ယက်အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပါသည်။ အလားတူ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ရန် ကမ်းလှမ်းခဲ့ကြသော အမေရိကန်အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley မှ သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
● ဤသို့ မန္တလေးသူ မန္တလေးသားများအပါအ၀င် တာဝန်သိ တာဝန်ကျေပွန်သော ပြည်သူလူထု အခြေပြု ပူးပေါင်းဆောင်ရွက်မှုဖြင့် စိတ်ပူပန်ရ၊ မလုံခြုံဟု ခံစားခဲ့ရသော မန္တလေးမြို့တော်ကြီးအား အကျည်းတန် အရုပ်ဆိုးစေမည့်အဖြစ်သို့ မရောက်ရှိစေရန် ထိုက်သင့်သလောက် ကာကွယ်နိုင်ခဲ့ပြီဟု ယုံကြည်ပါသည်။
● ကိုးကွယ်ရာဘာသာ မတူညီသည့်တိုင် အချင်းချင်း ဖေးမကူညီ ကာကွယ်စောင့်ရှောက်ပြီး ခက်ခဲသော အခြေအနေတွင် နားလည်မှု မလွဲမှားအောင် ထိန်းကျောင်းပေးခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တာဝန်သိလူငယ်များကိုလည်း လေးနက်စွာကျေးဇူးတင် ရမည်ဖြစ်ပါသည်။
● ရှေ့ ဆက်ပြီး အလားတူ အခြေအနေပေါ်ပေါက်စေရန် လှုံ့ဆော်မှုများ ရှိလာပါက အစိုးရ၊ ရဲတပ်ဖွဲ့တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပြီး မန္တလေးမြို့ကို ကာကွယ်ပေးကြပါရန်နှင့် ကိုးကွယ်ယုံကြည်မှု မတူသူများအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ငြိမ်းချမ်းစွာ ညီညွတ်မျှတ သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

● Appreciated to Responsible Citizens in Mandalay City ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
●  Mandalay, dynamic cultural city where people with different faiths live together harmoniously, had overcome the most difficult situation by the effective cooperation of its residents.

● Today’s stability there is a result of the spirit of Mandalay residents, Civil Society Organizations and religious leaders who wish to maintain the reputation of politeness, tolerance and harmony of their great city together with the timely measures taken by the government.
● We have to recognize and appreciate those dutiful persons behind the scene although it is not possible to cite all the names of the residents who informed and cooperated with the police about the activities of miscreants. We believe that our collective efforts prevent Mandalay from possible ugly violence.
● Religious and civil society leaders together with responsible youths who managed to defend and protect the people with different faiths from unnecessary misunderstandings also deserve our deep appreciation.
● Please continue to testify harmony of Mandalay rooted for centuries and cooperate closely with the police and the government to protect the great city if in case of similar incident occurred in the future.

Friday, July 4, 2014

မန္တလေးမြို့ နောက်ဆုံး အခြေအနေ (Update) 

မန္တလေးမြို့တွင် ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့်ကို ဇူလိုင်လ ၄ရက်က ပုသိမ်ကြီးမြို့နယ်ကိုပါ ထပ်တိုးလိုက်ပြီး မန္တလေးနှင့် အနီးဆုံး ဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း၌လည်း လုံခြုံရေးကင်းလှည့် နေသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။  
ဇူလိုင်လ ၄ရက် ညနေ ၄နာရီတွင် ပုသိမ်ကြီးမြို့နယ်အား နယ်မြေလုံခြုံရေးအနေအထားအရ ညမထွက်ရအမိန့်တွင် ထည့်သွင်းလိုက်သည်ဟု ထုတ်ပြန်လိုက်ကြောင်း မန္တလေးခရိုင် အထွေထွေခရိုင် ဦးစီးမှူး ဌာနက တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် မန္တလေးမြို့နှင့် အနီးဆုံး တိုင်းတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မြို့နယ်များ၊ ကျေးရွာများတွင်လည်း ဇူလိုင်လ ၃ရက် ညဦးပိုင်းက စတင်ကာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက လုံခြုံရေးအရ လှည့်လည်ကင်းစောင့်လျက် ရှိသည်ဟု စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း၏ ကိုယ်ရေး အရာရှိက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရုံးကြီးရပ်ကွက်၊ အေးသာယာရပ်ကွက်၊ လယ်တီရပ်ကွက်၊ မြဝတီ ရပ်ကွက်နှင့် အလုံရပ်ကွက် တို့တွင် ရဲအင်အား ၁၅၀ဖြင့် ကင်းလှည့်နေခြင်း ဖြစ်သည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးချင်စိန်က မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၄ရက်က မန္တလေးမြို့ ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ကိုထွန်းထွန်း(ခေါ်) ရောင်ပြန်၏ ဈာပနအပြီး လိုက်ပါပို့ဆောင်သူများထဲမှ တုတ်များကိုင်ထားသည့် လူအချို့က အာရ်ဗီစာသင်ကျောင်းကို ဝင်ရောက် ဖျက်ဆီးခဲ့၍ အနည်းငယ် ပျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့သူအချို့က ဆိုသည်။ ထို့ပြင် မန္တလေးမြို့ ၁၅လမ်းနှင့် ၁၆လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ နေအိမ်တအိမ်ကို ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီက လူအချို့က ခဲများဖြင့် ပစ်ပေါက်ခဲ့သည်ကို မဇ္ဈိမသတင်းထောက် မြင်တွေ့ခဲ့သည်။
သို့သော် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးကမူ ယင်းဖြစ်ရပ်သည် မဟုတ်မှန်ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ငြင်းဆိုသည်။
“လောလောဆယ် အခြေအနေက အေးဆေးပဲ။ စာသင်ကျောင်း အဖြိုခံရတယ်ဆိုတာလည်း မဟုတ်ဘူး။ လုံခြုံရေး အခြေအနေလည်း ပုံမှန်အတိုင်းပါပဲ" ဟု အမည်မဖေါ်ပြသည့် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ညနေ ၄နာရီခန့်တွင် ပုသိမ်မြို့ကို ညမထွက်ရအမိန့် ကြေငြာလိုက်ခြင်းလည်း ဖြစ်သည်။
ဇူလိုင် ၃ရက် ညနေမှ စကာ မန္တလေးမြို့အတွင်းရှိ ပုသိမ်ကြီး မြို့နယ်မှ အပ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနှင့် တည်ငြိမ်အေးဆေးကြရန်၊ ချုပ်တည်းသည်းခံကြရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟူးဂိုးဆွိုင်းယားက ၎င်း၏ တွစ်တာ(Twitter)စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာမွတ်စလင်များအသင်း (BMA)ကလည်း မန္တလေးမြို့အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ပြင်ထန်စွာ ဝေဖန်သည်ဟု ဇူလိုင်လ ၄ရက်က ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
မန္တလေးမြို့ ဇူလိုင် ၂ရက်၊ ညနှင့် ဇူလိုင် ၃ရက် နံနက်က မဟာအောင်မြေမြို့နယ်တွင် အကြမ်းဖက် ဆူပူ မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ၁၄ဦးရရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပဋိပက္ခသည် အပျော်တမ်းအင်တာနက် စာမျက်နှာတစ်ခုတွင် ဖော်ပြသည့် သတင်းတစ်ပုဒ်ကို အခြေပြုဖြစ် ပေါ်ခဲ့သည်ဟု ယုံကြည်ရပြီး ထိုသတင်းကြောင့် မဖြစ်သင့်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ကိုညိုထွန်းက ပြောသည်။

 Written by  မဇ္ဈိမသတင်းဌာန

 

ပုသိမ်ကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် 

    မငြိမ်သက်မှုတွေအတွင်း ရိုက်နှက်ခံရပြီး သေဆုံးသွားသူ ကိုထွန်းထွန်းရဲ့ အသုဘကို လူအများအပြား လိုက်ပါပို့ဆောင်ခဲ့

 

 မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၂ရက်နေ့ညတုန်းက မငြိမ်သက်မှုတွေ အတွင်း ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တဲ့ ပုသိမ်ကြီး မြို့နယ်က ကိုထွန်းထွန်းရဲ့ အသုဘ ပို့ဆောင်သူတွေနဲ့ အတူ လိုက်ပါလာတဲ့ လူတချို့က မွတ်ဆလင် သချိုင်း အဆောက်အအုံ တချို့ကို ဖျက်ဆီးခဲ့အပြီး သောကြာနေ့ ညမှာ အခုလို ထုတ်ပြန်လိုက်တာပါ။

နာရေး လူမှု ကူညီရေး အသင်းရဲ့ ကားမောင်းသူ ကိုထွန်းထွန်းရဲ့ အသုဘကို လိုက်ပါ ပို့ဆောင်သူ အများအပြား ရှိခဲ့ပြီး ကားအစင်း နှစ်ရာကျော်၊ ဆိုင်ကယ် အစင်း သုံးရာနဲ့ လေးရာကြား ရှိခဲ့ပါတယ်။

လမ်းမှာ လူအနည်းအပါး ဆူပူ အော်ဟစ်မှုတွေ လုပ်ခဲ့ကြပြီး ကားတချို့ကို ဖျက်ဆီးခဲ့ ပေမယ့် အများစုကတော့ အေးအေးဆေးဆေး လိုက်ပါ ပို့ဆောင်ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အသုဘ ပို့သူတွေ အေးအေးဆေးဆေး လိုက်ပါ ပို့ဆောင်ကြဖို့ လူမှု ကူညီရေး အသင်းရဲ့ ဆရာတော် ကိုယ်တိုင် အသံချဲ့စက်နဲ့ လိုက်လံ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြာနီကန် သုဿန် အရောက်မှာတော့ အသုဘပို့ရာမှာ လိုက်ပါလာသူတချို့က မွတ်ဆလင်သင်္ခ࿿ျိုင်းမှာ ရှိတဲ့ မိဘမဲ့ အဆောက်အအုံတခုနဲ့ နားနေဆောင်ကို ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မနက်တုန်းကတော့ လက်နက်တွေ ဖွက်ထားတယ် ဆိုတဲ့ သတင်းတွေကြောင့် ဆိုပြီး မန္တလေးမြို့မှာ ရှိတဲ့ ဂျွန်းဗလီကျောင်းကို လုံခြုံရေး ရဲတွေ ဝင်ရောက် ရှာဖွေခဲ့ပြီး အစ္စလာမ် ဘာသာရေး ဆရာတဦး အပါအဝင် လူ၅ဦးကို ဖမ်းဆီး သွားခဲ့ပါတယ်။

လောက်စာလုံး၊ ဒါး၊ လှံတွေကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း၊ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကိုယ့်အသက် အိုးအိမ်ကို ကာကွယ်ဖို့ ကိုင်ဆောင်ထားတာတွေ ဖြစ်ကြောင်း ဗလီ ဂေါပက လူကြီးတဦးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thursday, July 3, 2014

မန္တလေးတွင် ညမထွက်ရအမိန့် ထုတ်ပြီ

 မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှုများနှင့်ပက်သက်၍ လုံခြုံမှုရှိစေရန်အတွက် ည ၉နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဟု မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနက သိရသည်။
“ လုံခြုံရေးအရ ည ၉နာရီကနေ ၅နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ၊ အချိန်ကန့်သတ် ချက်မရှိပါဘူး” ဟု ပြောသည်။
မန္တလေးမြို့တွင် ဇူလိုင် ၁ရက်မှ စတင်ကာ ၃ရက်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လုံခြုံရေးအရ ထိန်းသိမ်းမှုများ ပိုမိုလုပ် ဆောင်စေရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မှ ထိန်းသိမ်းမှုများလုပ်ဆောင်မည့် ကိစ္စကိုမူ မန္တလေးတိုင်း လုံခြုံရေးဝနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မည့်သည် အဖြေမှ ပြန်ကြားခဲ့ခြင်းမရှိခဲ့ပေ။

 မျိုးသန့်
 မဇ္ဈိမ

` ပန်းပျိုးသူများ စာသင်ဝိုင်း´ စီမံခန့်ခွဲမှုအဖွဲ့၏ကြေညာချက် ။

 



မန္တလေးမြို့၏ ၂ရက်တာအတွင်း ဆူပူအကြမ်းဖက်များကြောင့်
ညဘက်လုံခြုံရေးမှာ စိုးရိမ်စရာအခြေအနေဖြစ်နေပါသည်။
ထိုကြောင့် ညဘက်စာသင်သော စာသင်ဝိုင်းကိုလာကြသော
ပန်းသည်ကလေးများ၊ စေတနာရှင်ဆရာ/မများ၊ ပန်းရောင်းကူ
ညီကြသူများ၊ အလှုရှင်များ၏ အိမ်အပြန်လုံခြုံရေးကိုရှေးရှု၍
` ပန်းပျိုးသူများ စာသင်ဝိုင်း´ ကို ယနေ့နှင့် မနက်ဖြန်ရက်များ
တွင် ပိတ်ထားမည်ဖြစ်ပါသည်။ တင်္နလာနေ့ ( ၇. ၇ .၂၀၁၄)
တွင်ပြန်လည်ဖွင့်လှစ်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
` ပန်းပျိုးသူများ စာသင်ဝိုင်း´ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ
ကိုမျိုးကြီး- 092011888
ကိုထွဋ် - 09444024426
မနှင်းဆီ - 09401563127
ကိုလွင် - 0943102224
ကိုရဲကြီး - 092037427
ကိုဝမ်း - 09402773282


သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပထမဆုံးအကြိမ် တရားရုံးထုတ်

                                            (ဓာတ်ပုံ- အောင်သူရထွန်း၊ မဇ္ဈိမ)
နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်တရား ရင်ဆိုင်ခဲ့ပြီး ရက်မန်တစ်ပတ် ရုံးချိန်းပေးခဲ့သည်။
တရားရုံးသို့ လာရောက်စဉ် ဦးဆန်းဆင့်အား မီဒီယာသမားများက မေးမြန်းချက်များအပေါ် “ဒါဟာ အလွန်ပဲ မတရားပြုလုပ်မှု တခုလို့ပဲ သုံးသပ်ပါတယ်၊ ဒါကြောင်မလို့ ဆရာတော်၊ သံဃာတော်တွေ မှန်တဲ့ဘက်က ရပ်တည်ပေးတာ၊ ကျွန်တော်ဟာ သာသနာ့ အကျိုးဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ သံဃာ့အကျိုးဆောင်ရွက်တဲ့ သူသည် သာသနာရဲ့ အစောင့်အရှောက်ကို ယုံကြည်ပါတယ်၊ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ
မှန်ကန်တဲ့ရပ်တည်ခဲ့တဲ့ ကျွန်တော့်ကိုဘက် ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ သမာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပေးပါ၊ ကျွန်တော် မတရားမလုပ်ပါဘူး၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ
ကျွန်တော် သစ္စာဆိုရဲပါတယ်၊ ကျွန်တော် ငါးပြားတစ်စေ့ကအစ နိုင်ငံတော်အပေါ် အလွဲသုံးစားမလုပ်ပါဘူး၊ ကျွန်တော် ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့ လုပ်တာဖြစ်ပါတယ်၊” ဟု အစောင့်များကြားမှ အလျင်အမြန် ဖြေကြားခဲ့သည်။

ဦးဆန်းဆင့်နှင့် သူ၏ ကိုယ်ရေးအရာရှိတို့ နှစ်ဦးကို နေပြည်တော်၊ ပုပ္ဗသီရိတရားရုံးတွင် ဇူလိုင်လ ၃ရက် နံနက် ၁၀နာရီ ၁၅မိနစ်ခန့်က ရုံးထုတ်ခဲ့သည်။
ပုံစာ - သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဇူလိုင်လ ၃ရက် နံနက် ၁၀နာရီ ၁၅မိနစ်က နေပြည်တော် ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်လာစဉ်။ 

ဟုန်းတက် အထည်ချုပ်စက်ရုံမှ လစာတိုးတောင်းသည့် အလုပ်သမားများကို နေ့စဉ်ကြေး ကျပ်၅ဝသာတိုးပေး

 

 လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁) ဟုန်းတက်အထည်ချုပ်စက်ရုံရှိ လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားများကို အလုပ်ရှင်က နေ့စဉ်ကြေးကျပ်၅ဝသာ တိုးပေးသည်ကို မကျေနပ်၍ အလုပ်သမား ၅ဝဝက ဆက်လက် ဆန္ဒပြလျက်ရှိသည်။
" ကျွန်မတို့စက်မှုဇုန်ထဲမှာ အထည်စက်ရုံ ၂ဝခန့်ရှိတယ်။ အခြားစက်ရုံတွေမှာဆို ၃သောင်းတိုးတယ်။ ပျမ်းမျှ ၂သောင်းတိုးတယ်။ အခုကျွန်မတို့ လစာ ၂သောင်းတိုးတောင်းတယ်။ စက်ရုံဘက်က အခြားတောင်းဆိုတာ အကုန်ညှိပေးတယ်။ လစာတော့ လုံးဝမတိုးနိုင်ဘူးလို့ပြောတယ်။ ကျွန်မတို့ ဆန္ဒဆက်ပြမယ် "ဟု ဟုန်းတက် အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်ဆောင် မဌေးဌေးက မဇ္ဈိမကို ပြောသည်။
အလုပ်သမားများက ဇူလိုင်လ ၁ရက်မှ စတင်ကာ စက်ရုံရှေ့တွင် ဆန္ဒပြနေပြီး လစာ ၂သောင်းတိုးပေးရန်၊ အချိန်ပို အလုပ်ဆင်းမှုကို အလုပ်သမားဘက်မှ ဆန္ဒရှိမှသာ အလုပ်ဆင်ခွင့်ပေးရန်၊ ထောက်ပံ့ စရိတ် အလုပ်သမား တိုင်ခံစားခွင့်ပေးရန်၊ အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်ရန်၊ အစိုးရက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် နေ့များကို တရားဝင် အလုပ်နားခွင့်ပေးရန်၊ ဝန်ထမ်းကြို့ပို့ကားများ အလုံအလောက်စီစဉ်ပေးရန်၊ အလုပ်သမားတိုင်း လူမှုဖူလုံရေးကဒ်များပြုလုပ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားများ လူမှုရေးပြသာနများ ကြုံလာပါက သွားလားခွင့်ပြုပေးပါရန်၊ လုပ်ငန်းခွင်အတွင်း လျှပ်စစ် အန္တရာယ်ရှိသောကြောင့် ဖိနပ်စီးခွင့်ပြုပေးရန် ဟူသည့် အချက်များတောင်းဆိုကာ ဆန္ဒပြနေသည်။
ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုများကို ဇူလိုင်၂ရက်က အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်က လစာ၂သောင်း တိုးပေးရေးမှ အပ အခြားသော အချက်များကို သဘောတူကြောင်း စက်ရုံတာဝန်ရှိသူ ဒေါ်မျိုးမျိုးဝင်းပြော၍ ဇူလိုင် ၃ရက်တွင် အလုပ်သမားများက ဆက်လက် ဆန္ဒပြနေခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် မဌေးဌေးက ပြောသည်။
ယင်းစက်ရုံတွင် အလုပ်သမားပေါင်း ၆ဝဝရှိပြီး လုပ်သက် ၃လကျော်သည့် အလုပ်သမား ၄ဝဝကျော်ရှိရာ နေ့စဉ်ကြေး ၅ဝကို လုပ်သက် ၃လကျော်သူများကိုသာ တိုးပေးခြင်း ဖြစ်သည်။
စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက "အလုပ်သမားတွေတောင်းဆိုတာ ၂သောင်းတိုးတောင်းတာ ပေးလို့မရဘူး။ အခြားတောင်းဆိုတာတော့ အဆင်ပြေပါတယ်။ စက်ရုံကလည်း အရှုံးပေါ်နေတယ်။ သူတို့ကို လုပ်သက်၃လကျော်သွားတဲ့ သူတွေကို Daily ကြေး ၅ဝတိုးပေးထားတယ်" ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ဟုန်းတက်အထည်ချုပ်စက်ရုံမှ ကျွမ်းကျင် အလုပ်သမားများ၏ နေ့စဉ်ကြေးသည် ၁၂ဝဝမှ ၁၆ဝဝ အထိ ရရှိသည်။ အထည်ညှပ်သည့် အလုပ်သမားတစ်ဦး၏ နေ့စဉ်ကြေးမှာ ကျပ်၈၅ဝနှုန်းနှင့် အထည်သန့်ရှင်းရေး လုပ်သမား၏ နေ့စဉ်ကြေးသည် ၆ဝဝအဖြစ် စက်ရုံမှသတ်မှတ်ထားသည်ဟု စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။

 Written by  ခင်မြတ်မြတ်ဝေ 
  မဇ္ဈိမ