ဟုန်းတက် အထည်ချုပ်စက်ရုံမှ လစာတိုးတောင်းသည့် အလုပ်သမားများကို နေ့စဉ်ကြေး ကျပ်၅ဝသာတိုးပေး
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)
ဟုန်းတက်အထည်ချုပ်စက်ရုံရှိ လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားများကို
အလုပ်ရှင်က နေ့စဉ်ကြေးကျပ်၅ဝသာ တိုးပေးသည်ကို မကျေနပ်၍ အလုပ်သမား ၅ဝဝက
ဆက်လက် ဆန္ဒပြလျက်ရှိသည်။
" ကျွန်မတို့စက်မှုဇုန်ထဲမှာ အထည်စက်ရုံ ၂ဝခန့်ရှိတယ်။
အခြားစက်ရုံတွေမှာဆို ၃သောင်းတိုးတယ်။ ပျမ်းမျှ ၂သောင်းတိုးတယ်။
အခုကျွန်မတို့ လစာ ၂သောင်းတိုးတောင်းတယ်။ စက်ရုံဘက်က အခြားတောင်းဆိုတာ
အကုန်ညှိပေးတယ်။ လစာတော့ လုံးဝမတိုးနိုင်ဘူးလို့ပြောတယ်။ ကျွန်မတို့
ဆန္ဒဆက်ပြမယ် "ဟု ဟုန်းတက် အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်ဆောင် မဌေးဌေးက
မဇ္ဈိမကို ပြောသည်။အလုပ်သမားများက ဇူလိုင်လ ၁ရက်မှ စတင်ကာ စက်ရုံရှေ့တွင် ဆန္ဒပြနေပြီး လစာ ၂သောင်းတိုးပေးရန်၊ အချိန်ပို အလုပ်ဆင်းမှုကို အလုပ်သမားဘက်မှ ဆန္ဒရှိမှသာ အလုပ်ဆင်ခွင့်ပေးရန်၊ ထောက်ပံ့ စရိတ် အလုပ်သမား တိုင်ခံစားခွင့်ပေးရန်၊ အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်ရန်၊ အစိုးရက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် နေ့များကို တရားဝင် အလုပ်နားခွင့်ပေးရန်၊ ဝန်ထမ်းကြို့ပို့ကားများ အလုံအလောက်စီစဉ်ပေးရန်၊ အလုပ်သမားတိုင်း လူမှုဖူလုံရေးကဒ်များပြုလုပ်ပေးရန်၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားများ လူမှုရေးပြသာနများ ကြုံလာပါက သွားလားခွင့်ပြုပေးပါရန်၊ လုပ်ငန်းခွင်အတွင်း လျှပ်စစ် အန္တရာယ်ရှိသောကြောင့် ဖိနပ်စီးခွင့်ပြုပေးရန် ဟူသည့် အချက်များတောင်းဆိုကာ ဆန္ဒပြနေသည်။
ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုများကို ဇူလိုင်၂ရက်က အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်က လစာ၂သောင်း တိုးပေးရေးမှ အပ အခြားသော အချက်များကို သဘောတူကြောင်း စက်ရုံတာဝန်ရှိသူ ဒေါ်မျိုးမျိုးဝင်းပြော၍ ဇူလိုင် ၃ရက်တွင် အလုပ်သမားများက ဆက်လက် ဆန္ဒပြနေခြင်းဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် မဌေးဌေးက ပြောသည်။
ယင်းစက်ရုံတွင် အလုပ်သမားပေါင်း ၆ဝဝရှိပြီး လုပ်သက် ၃လကျော်သည့် အလုပ်သမား ၄ဝဝကျော်ရှိရာ နေ့စဉ်ကြေး ၅ဝကို လုပ်သက် ၃လကျော်သူများကိုသာ တိုးပေးခြင်း ဖြစ်သည်။
စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက "အလုပ်သမားတွေတောင်းဆိုတာ ၂သောင်းတိုးတောင်းတာ ပေးလို့မရဘူး။ အခြားတောင်းဆိုတာတော့ အဆင်ပြေပါတယ်။ စက်ရုံကလည်း အရှုံးပေါ်နေတယ်။ သူတို့ကို လုပ်သက်၃လကျော်သွားတဲ့ သူတွေကို Daily ကြေး ၅ဝတိုးပေးထားတယ်" ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ဟုန်းတက်အထည်ချုပ်စက်ရုံမှ ကျွမ်းကျင် အလုပ်သမားများ၏ နေ့စဉ်ကြေးသည် ၁၂ဝဝမှ ၁၆ဝဝ အထိ ရရှိသည်။ အထည်ညှပ်သည့် အလုပ်သမားတစ်ဦး၏ နေ့စဉ်ကြေးမှာ ကျပ်၈၅ဝနှုန်းနှင့် အထည်သန့်ရှင်းရေး လုပ်သမား၏ နေ့စဉ်ကြေးသည် ၆ဝဝအဖြစ် စက်ရုံမှသတ်မှတ်ထားသည်ဟု စက်ရုံတာဝန်ရှိသူ မမျိုးမျိုးဝင်းက မဇ္ဈိမကို ပြောသည်။
Written by ခင်မြတ်မြတ်ဝေ
မဇ္ဈိမ
No comments:
Post a Comment