Friday, June 27, 2014

နိုင်ငံနှင့်လူမျိုးအတွက် မည်သည့်မျက်နှာမှ ထောက်မည်မဟုတ်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ပြောကြား

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုထားသူ ဗိုလ်ချုပ်မောင်မောင်အုန်းက နိုင်ငံနှင့်လူမျိုးအတွက် ဘယ်သူ့မျက်နှာကိုမျှ ထောက်မည် မဟုတ်ကြောင်း ဇွန် ၂၆ ရက်က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်လွှတ်တော်၏ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားထားကြောင်းလည်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်သည် လတ်တလောတွင် ဒုတိယမြောက် အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရခိုင်တိုင်းရင်းသားပြည်သူများက ပါဝင်လက်တွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် သန်း ၆၀ သော ပြည်သူများ၏မျက်နှာကိုသာ ကြည့်သွားမည် ဖြစ်ကြောင်းဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများအား စတင်စာရင်းများ ကောက်ယူနေမှုများနှင့် ပတ်သက်၍ ၎င်းက ““နိုင်ငံသား ဖြစ်သင့်သူတစ်ယောက်ကို ပေးတာက ပြဿနာမရှိပါဘူး။ နိုင်ငံသား မဖြစ်သင့်သူတစ်ယောက်ကို ပေးလိုက်မယ်ဆိုရင် နိုင်ငံအတွက် အများကြီး နစ်နာပါတယ်။ အဲဒီအတွက် နိုင်ငံသား မပေးသင့်သူတွေကို တစ်ယောက်မှ ပေးလို့မရအောင် တိတိကျကျ စစ်ဆေးသွားမှာပါ””ဟု ဆိုသည်။
နိုင်ငံတကာအနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများတွင် ရခိုင်တိုင်းရင်းသားများအပေါ် အမုန်းတရားများ ရှိနေသည့်ပုံစံဖြင့် ရှုမြင်နေကြပြီး ယင်းအချက်ကို လက်မခံနိုင်ကြောင်း၊ မိမိတို့ ရခိုင်တိုင်းရင်းသားများသည် နှစ်ပေါင်း ၅၀လောက် သည်းခံလာခဲ့ကြပြီး ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဇွန် ၂၅ ရက်က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင်လည်း ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ဆန္ဒကို ရှေ့တန်းမှာထားကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment