ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ မန္တလေးတိုင်း မြို့နယ်အသီးသီးတွင် ကျင်းပ
မန္တလေး၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၉နှစ်ပြည့် မွေးနေ့ပွဲကို ဇွန်လ ၁၉ရက် နံနက်
၁၀နာရီက မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင်
ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်၊ ခရိုင်၊ တိုင်းတို့မှ ပါတီဝင်များ တက်ရောက်ခဲ့ပြီး မန္တလေးအတွင်းရှိ မြို့နယ် အသီးသီးတွင်လည်း မွေးနေ့ပွဲ့ကို ကျင်းပခဲ့သည်။ ထို့ပြင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းများ ကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်း လှူ ခြင်းနှင့် သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
"ပါတီအနေနဲ့ မြို့နယ်အသီးသီး ရပ်ကွက်အသီးသီးမှာ တစ်ပြိုင်တည်း ကျင်းပနေပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ရယ်လို့ မဟုတ်ပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအင်အားစုကြီးရဲ့ မွေးနေ့ပွဲပါ။"ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက မဇ္ဈိမကိုပြောသည်။
အဆိုပါမွေးနေ့ပွဲသို့ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ စသည့် အဝေးမြို့နယ်များမှ ပါတီဝင်များလည်း တက်ရောက်ကြသည်။ တက်ရောက်လာကြသော ပါတီဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အမှတ်တရ စကားများ ပြောကြားကြပြီး ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်စေရန်အတွက်လည်း မွေးနေ့ဆုမွန်ကောင်းအဖြစ် တောင်းဆိုမှုများပြုလုပ်သည်။
အောင်ကိုဦး
Mizzima - News in Burmese

No comments:
Post a Comment