Tuesday, June 24, 2014

ကချင်ပြည်နယ် NLD ပါတီဥက္ကဌ အစိုးရအဖွဲ့မှ ဖမ်းဆီး 

ကချင်ပြည်နယ် NLD ပါတီဥက္ကဌ ဦးS ကူးမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် နယ်မြေခံရဲတပ်ဖွဲ့များက (ပ)အမှတ် ၁၀၁/၂၀၁၄ ဥပဒေပုဒ်မ (၁၈)ဖြင့် ဇွန် ၂၀ နေ့ နံနက် ၉း၃၀ အချိန်တွင် ၄င်း၏နေအိမ်မှဖမ်းဆီးခေါ် ဆောင်သွားကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့တွင်မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအား ခွင့်ပြုမိန့်မရပဲ ကျင်းပခဲ့သည့်အတွက်မြစ်ကြီးနားမြို့ အမှတ်(၂) ရဲစခန်းမှူး ရဲအုပ်အေးကျော်က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်သည်။
“ ဥပဒေအကြံပြုချက် နှင့် အညီဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ရဲအုပ်အေးကျော်ကပြောသည်။

ဟောပြောပွဲပြုလုပ်ရန် ခွင့်ပြုမိန့်အတွက် (၈)ရက် ကြိုတင်စာတင်ထားသော်လည်း ပွဲကျင်းပရန် (၄)ရက် အလိုမှ ခွင့်ပြုမိန့် မရရှိကြောင်း အကြောင်းပြန်လာသည့်အတွက် အယူခံပြန်တင်ရန် အချိန် လုံလောက်မှုမရှိခဲ့ကြောင်း ဦးS ကူးမားကပြောကြားသည်။
“ ဥပဒေအရာရှိ ကနေတစ်ဆင့် တရားရုံးကိုတင်လို့ ကျွန်တော့်ကိုခေါ်လာတယ်ဆိုရင် ကျွန်တော်က တရားရုံး မှာပဲ ထုချေဖြေရှင်းသွားမှာဖြစ်ပါတယ်။” ဟု ဦးS ကူးမားကပြောသည်။ဦးS ကူးမားအား နေ့လည် ၁၂း၃၀ အချိန်တွင် ကိုယ်ပိုင် အာမခံချက်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ ကြောင်းသိရသည်။
၎င်းဟောပြောပွဲတွင် (၈၈)မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး နှင့် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် တို့တက်ရောက်ဟောပြောခဲ့ကြောင်း Kachin Daily News မှဖော်ပြထားမှုအရ သိရသည်။

 

No comments:

Post a Comment