Sunday, June 8, 2014

ချင်းနှင့်ရခိုင်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ထက်ဝက်ကျော်ကျဆင်း

ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည် နယ်နှစ်ခုဖြစ်သော ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တွင်တက္ကသိုလ် ဝင်တန်း  အောင်စာရင်းအောင် ချက်ရာခိုင်နှုန်း ယခင်နှစ်များက ထက် ထက်ဝက်ကျော်ကျဆင်း သွားကြောင်း သတင်းရရှိသည်။
၂၀၁၃-၁၄ ပညာသင်နှစ် တွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည် အဖြစ် သတ်မှတ်ထားသော ချင်း ပြည်နယ်ရှိ မြို့နယ်ကိုးမြို့နှင့် မြို့ နယ်ခွဲလေးခုတွင် တက္ကသိုလ်ဝင် တန်းဖြေဆိုသူ ကျောင်းသားဦးရေ ၉,၀၀၀ နီးပါးဖြေဆိုခဲ့ကြပြီး ၇၀၀ ကျော်သာ အောင်မြင်ကြောင်း ချင်းပြည်နယ် ပညာရေးရုံးမှ သတင်းရရှိသည်။
 မွန်ပြည်နယ်ကမူ အောင် ချက်အကောင်းဆုံး နေရာတွင် ဆက်လက်ရပ်တည်နေသည်။
 ချင်းပြည်နယ်တွင် ပြီးခဲ့ သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကာ ရာခိုင်နှုန်း အားဖြင့် ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ဖြေ ဆိုအောင်မြင်နှုန်းမှာ ၈ ရာခိုင်နှုန်း ကျော်အထိရှိပြီး ယခင်နှစ်ထက် ထက်ဝက်ကျော်ကျဆင်းသွားခြင်း ဖြစ်သည်။
ထို့အတူ ပဋိပက္ခများဖြစ်ပွား ခဲ့ပြီး ဖွံ့ဖြိုးမှုဒုတိယအနိမ့်ကျဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်တွင်ယမန်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ရာခိုင်နှုန်းကျော်ရှိခဲ့သော်လည်းယခု နှစ်တွင် ၁၈ ရာခိုင်နှုန်းကျော်သို့ကျဆင်းသွားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်း ပြီးခဲ့သည့်နှစ်က အောင် ချက် ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုသူအားလုံး၏ ၂၅ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ သည်။
‘‘အဓိက,ကတော့ ဒီနှစ်က တစ်နိုင်ငံလုံးမော်ရေးရှင်းဆိုတာမရှိတော့လို့ အောင်ချက်နည်း သွားတာဖြစ်တယ်။ အရင်နှစ်တွေ ကတော့ ပြည်နယ်နှင့် တိုင်းဒေသ တွေမှာက အောင်ချက်ကောင်း တယ်ဆိုတာက မော်ရေးရှင်းတွေ ကြောင့်ဖြစ်တယ်’’ဟု ပညာရေး မှူး ဦးလှစိန်ထွန်းက ပြောသည်။
 ရန်ကုန်တိုင်းကမူ အောင် ချက်မြင့်ပြီး   မန္တလေးတိုင်းက အောင်ချက်ကျဆင်းခဲ့သည်။
‘‘အောင်ရုံပဲဆိုပေမယ့် ကျေ နပ်ပါတယ်။ တစ်နှစ် တစ်နှစ် ပညာသင်စရိတ်က မနည်းဘူးလေ။ သူ့ကို စီးပွားရေးလမ်းကြောင်းတစ်ခုထဲ ထည့်ပေးရမှာပေါ့’’ ဟုအလုံမြို့နယ် အထက (၄) ကျောင်းတွင် အောင်စာရင်း လာကြည့်သည့်ကျောင်းသား ဖခင်တစ်ဦးက ပြောသည်။
 အခြေခံပညာဦးစီးဌာနအ လိုက် အောင်ချက်များအနေဖြင့် အမှတ် (၁) အခြေခံပညာ ဦးစီး ဌာနက အောင်ချက် ၃၆ ဒသမ ၀၉ ရာခိုင်နှုန်း၊ အမှတ် (၃) အ ခြေခံပညာဦးစီးဌာနက အောင် ချက် ၃၅ ဒသမ ၁၃ ရာခိုင်နှုန်း ရှိ ခဲ့ပြီး အမှတ် (၂) အခြေခံပညာ ဦးစီးဌာနက အောင်ချက်ရာခိုင် နှုန်း တွက်ချက်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တစ်နိုင်ငံလုံးအောင်မြင်သူ အရေတွက်နှင့် အောင်ချက်ရာခိုင် နှုန်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန သို့ မေးမြန်းခဲ့သော်လည်း ပြန် လည်ဖြေကြားခြင်း မရှိပေ။
 တစ်နိုင်ငံလုံး၏ တက္ကသိုလ် ၀င် စာမေးပွဲအောင်ချက် ရာခိုင် နှုန်းများအနေဖြင့် ၂၀၁၀ ပြည့် နှစ် တွင် ၃၄ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၃၅ ဒသမ ၁၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၃၄ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၃၄ ဒသမ ၂၉ ရာခိုင် နှုန်းရှိခဲ့သည်။
  ယမန်နှစ်ကစာစစ်ဌာနပေါင်း ၁,၂၈၇ ခု ဖွင့်လှစ်ပေးခဲ့ကာ ဖြေဆိုသူ  ကျောင်းသားပေါင်း ခြောက်သိန်းနီးပါး ဖြေဆိုခဲ့သည်။
တစ်ခါသော် ရက်ကန်းသည်မ တစ်ယောက်သည် ရက်ကန်းစင် ဆောက်ရန်အတွက် မြေကိုတူးရာမှ ရွှေအိုးရသဖြင့် ရာဇ၀တ်သင့်မှာ ကြောက်သောကြောင့် ပြည့်ရှင်မင်းထံ လာရောက်အပ်နှံ၏။ အမတ်တို့လည်း မင်းကြီးကား ယခုအခါ ဂုဏ်တော်တစ်ထောင်ကို အဓိဋ္ဌာန်ဝင်နေသည် ဖြစ်သောကြောင့် အချိန်လင့်မည်ကို စိုးသည်နှင့် တစ်ဝက်ကို ပြည့်ဘဏ္ဍာအဖြစ် သိမ်းဆည်း၏။ ကျန်တစ်ဝက်ကို သင်အလိုရှိရာ သုံးလော့ဟု ဆင်းရဲသူမကို ပေးလေ၏။ မင်းကြီး အဓိဋ္ဌာန်မှထွက်သော် အသို့နည်းဟု မေးတော်မူရာ အကြောင်းစုံသိသည်နှင့် “အစ်ကိုတို့ ယောက်ျားကောင်းဟု ယုံမှတ်၍ မြို့လုံးအနှံ့ တစ်နေ့ကျင်းတစ်ထောင် တူးသော်လည်း ရွှေတစ်ပဲသားမျှ ရနိုင်လိမ့်မည်မဟုတ်။ ယခုသော်ကား သူ့ကံအလျောက် ရလေသည်ကို သိမ်းဆည်းခြင်းငှာမထိုက် ပြန်ပေးချေ” ဟု ဆုံးဖြတ်လေ၏။ ဤမင်းကား စစ်ကိုင်းစည်သူကျော်ထင်ဟု ရာဇ၀င်၌ ထင်ရှားသည်။ အင်းဝနှင့် စစ်ဖြစ်ရာ စစ်ပွဲအတွင်း ရမိလေသမျှ သုံ့ပန်းတို့ကို ကောင်းစွာပြုစု စောင့်ရှောက်၍ အနာမှသက်သာလျှင် သားမယားတို့ထံ ပြန်တော့ဟု ရိက္ခာပေး၍ အင်းဝသို့ချည်း ပို့စေသည်။ အမှူးအမတ်တို့က ရန်သူအားပေးရာ ရောက်တော့သည်ဟု ဆိုရာ” သူနှင့်နီး၍ သူ့ရိက္ခာစားပြီး သူ့ကျွန်ဖြစ်ရသည်။ ငါနှင့်နီးသော် ငါ့ကျွန်ဖြစ်ပေလိမ့်မည်။ နောင်စစ်ပွဲအတွင်း ဒဏ်ရာနှင့် ဖမ်းဆီးရမိလေသမျှ ကောင်းစွာစောင့်ရှောက်၍ သူ့သားမယားထံ ပြန်ပို့ပါ” ဟု အမိန့်တော် မှတ်လေသည်။ ဤမျှ စိတ်ကောင်းရှိသောကြောင့် ပြည်သူပြည်သားတို့က မင်းကြီးသက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းခဲ့ကြကြောင်း ရာဇ၀င်၌ ဖတ်ခဲ့မှတ်ခဲ့ဖူးသည်။

ဤသည်ကား ရာဇ၀င်၌ ကျွန်တော်တွေ့ခဲ့ရသည့် လူကြီးလူကောင်းတစ်ယောက်၏ အကြောင်းဖြစ်ပါသည်။ လောက၌ လူကြီးဖြစ်တိုင်း လူကောင်းဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ လူကြီးလည်းဖြစ် လူကောင်းလည်းဖြစ်ပါမှ လူကြီးလူကောင်းဖြစ်နိုင်ကြောင်း ဤဖြစ်ရပ်က သာဓကပြ၏။ လောက၌ လူတိုင်း လူကြီးဖြစ်နိုင်၏။ သို့သော် လူကောင်းစိတ် မမွေးလျှင်မူ လူကြီးလူနုပ်သာ ဖြစ်နိုင်၏။ လူကြီးလူကောင်း မဖြစ်နိုင်ချေ။ သို့ဆိုလျှင် လူကြီးလူကောင်းဖြစ်ရန် ဘာတွေလိုအပ်သနည်း။

စင်စစ်သော် လူကြီးလူကောင်းဖြစ်ရန် လူကြီးလူကောင်းစိတ်မွေးရန်သာ လိုပါသည်။ ရာထူးဂုဏ်သိန်၊ ဥစ္စာဓန၊ အခြေအနေ အချိန်အခါ မလိုချေ။ ဥပမာတစ်ခု ပြပါဦးမည်။

တစ်ခါသော် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဖြစ်ကြသော စစ်ပွဲတစ်ခု၌ နှစ်ဖက်တပ်တို့သည် အရပ်ဒေသတစ်ခု၌ ဆုံတွေ့၍ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ အင်္ဂလိပ် စစ်ဗိုလ်ကလေး တစ်ဦးသည် စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေရာမှ တစ်နေရာသို့ အရောက်တွင် သူ့လိုပင် စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေသော ရန်သူပြင်သစ်စစ်ဗိုလ်တစ်ဦးကို မြင်သည်နှင့် သူ၏မြင်းကို ဇက်လွှတ်၍ ဓားကိုဝင့်ကာ ထိုပြင်သစ်စစ်ဗိုလ်ရှိရာသို့ တိုးဝင်သွား၏။ ပြင်သစ်စစ်ဗိုလ်ကလည်း သူ့ကိုမြင်သည်နှင့် ဓားကိုအသင့်ပြင်ကာ မြင်းကိုဇက်သတ်လျက် စောင့်နေလေ၏။ အနီးအပါးသို့ရောက်၍ နှစ်ဦးရင်ဆိုင်တော့မည် ရှိခိုက်တွင်မှ အင်္ဂလိပ် စစ်ဗိုလ်ကလေးသည် သူ၏ရန်သူတော် ပြင်သစ်စစ်ဗိုလ်၏ အခြေအနေအမှန်ကို မြင်လိုက်ရတော့သည်။ သူမြင်လိုက်ရသည့် ပြင်သစ်စစ်ဗိုလ်တွင် လက်တစ်ဖက် မရှိတော့။ ဒဏ်ရာမှ ထွက်နေသော သွေးတို့ဖြင့် မြင်မကောင်းအောင်ပင် စိုရွှဲနေလေသည်။ ဒီတော့ အင်္ဂလိပ် စစ်ဗိုလ်ကလေး ဘာလုပ်သည် ထင်ပါသနည်း။ ချက်ချင်းပင် မြင်းကိုဇက်သတ်၍ ခုတ်မည်ဝင့်ထားသောဓားကိုရုပ်ကာ ထိုပြင်သစ်စစ်ဗိုလ်အား ထိုဓားဖြင့်ပင် အရိုအသေပေး အလေးပြုလိုက်ပြီးနောက် သူ့မြင်းကို နောက်ကြောင်းပြန်လှည့်၍ ထွက်ခွာသွားခဲ့သည်ဟု စာရေးဆရာ “နတ်မောက်ဘုန်းကျော်” ၏ ဆောင်းပါးတစ်ပုဒ်တွင် ကျွန်တော်ဖတ်ခဲ့ရစဉ် ကတည်းကပင် “လူကြီးလူကောင်း” ဟူသည် သည်လိုပါလားဟု အသိတရားတစ်ခု ရခဲ့ဖူးပါသည်။

“လူကြီးလူကောင်း” ဟု သတ်မှတ်ခံရသော လူတိုင်းတွင် မဖောက်မပြန် ရှိတတ်သော စိတ်တစ်ခုကား မိမိထက် အားနည်းသူတို့ အပေါ်၌ ညှာတာတတ်သော သဘောရှိ၏။ မိမိ အရှိန်အ၀ါ ဂုဏ်သြဇာကို မလျော်သောနေရာ၌ မသုံး။ အများအတွက် ကောင်းကျိုးရှိမည်ဟုထင်လျှင် မိမိဘ၀ကိုသော်မှ အဆုံးရှုံးခံရဲသော သတ္တိရှိ၏။ အထူးခြားဆုံး ရှိတတ်သော စွမ်းရည်ကား အမှန်တရားကို မြတ်နိုးခြင်းပင် ဖြစ်၏။

သက္ကရာဇ် ၇၀၀ ကျော်ကာလ ခေတ်တစ်ခေတ်တွင် ကြီးမားသော ပဒေသရာဇ် စစ်ပွဲကြီးတစ်ခုကို မြန်မာဘုရင် ‘မင်းခေါင်’ နှင့် မွန်ဘုရင် ‘ရာဇာဓိရာဇ်’ တို့ တိုက်ခိုက်ခဲ့ကြဖူးသည်ဟု ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုဖတ်၍ သိခဲ့ရဖူး၏။

ထိုပဒေသရာဇ်စစ်ပွဲ၌ လူအများလေးစား၍ ထင်ရှားသော၊ စစ်ခေါင်းဆောင် “လူကြီးလူကောင်း” တစ်ယောက် ပေါ်ထွန်းဖူး၏။ ထိုသူကား ‘လဂွန်းအိမ်’ ပင်တည်း။ သာမန်တပ်သားဘ၀မှ ပြည့်ရှင်မင်း၏ လက်ရုံးသဖွယ် အားကိုးခံရထိုက်သူ ဖြစ်လောက်အောင် သူရသတ္တိနှင့် အလွန်ပင်ပြည့်စုံ၏။ အထူးသဖြင့် ချီးမွမ်းအပ်သော စွမ်းရည်ကား အမျိုးချစ်စိတ်နှင့် အမှန်တရားကို ချစ်မြတ်နိုးခြင်းပင် ဖြစ်သည်။
“လူကြီးလူကောင်း” ဟု သတ်မှတ်ခံရသော လူတိုင်းတွင် မဖောက်မပြန် ရှိတတ်သော စိတ်တစ်ခုကား မိမိထက် အားနည်းသူတို့ အပေါ်၌ ညှာတာတတ်သော သဘောရှိ၏။ မိမိ အရှိန်အ၀ါ ဂုဏ်သြဇာကို မလျော်သောနေရာ၌ မသုံး။ အများအတွက် ကောင်းကျိုးရှိမည်ဟုထင်လျှင် မိမိဘ၀ကိုသော်မှ အဆုံးရှုံးခံရဲသော သတ္တိရှိ၏။ အထူးခြားဆုံး ရှိတတ်သော စွမ်းရည်ကား အမှန်တရားကို မြတ်နိုးခြင်းပင် ဖြစ်၏ . . . . .
တစ်ကြိမ်သော် မြန်မာဘုရင် “မင်းခေါင်” သည် အောက်ပြည်သို့စုန်ဆင်း၍ တပ်အလုံးအရင်းနှင့် စစ်ပြုသော်လည်း နိုင်လောက်အောင် အရေးမသာသည့်အပြင် မျိုးရိက္ခာလည်းကုန်၊ တိုက်သမျှ တိုက်ပွဲတိုင်းနီးပါးလည်း ရှုံးဖန်များလှသဖြင့် “မွန်မင်းကို စစ်နိုင်မည့်အရေးသည် ခက်လှချည့်” ဟု ညီနောင်နှစ်ပါး ချစ်ကြည်စွာဖြင့် ရဟန်းရှင်လူ ပြည်သူတို့၏ အကျိုးစီးပွားကိုမျှော်၍ စစ်ကိုပြေငြိမ်းကြရန် အရေးဆိုလာ၏။ ရာဇာဓိရာဇ်လည်း ကောင်းပြီဟုဝန်ခံ၍ ဥပါယ်တံမျဉ်ဖြင့် မနက်ဖြန် “ပန်းကျော်ချောင်း” ၌ သင်တို့ မြန်မာအမတ်သုံးဆယ်နှင့် ငါတို့ မွန်အမတ်သုံးဆယ်တို့ အညီအညွတ် သစ္စာဆို၏။ အရှင်နှစ်ပါးကို ကန်တော့ရမည်ဟု ဆိုပြီးနောက် “ပန်းကျော်ချောင်း” သဲသောင်ပြင်၌ ဓားလက်နက်တို့ကို ၀ှက်စေ၍ သစ္စာဆိုပွဲ၌ မြန်မာအမတ်တို့ကို လုပ်ကြံရန် စီမံ၏။

သစ္စာဆိုပွဲ ကျင်းပမည့်နေ့တွင် မွန်အမတ် သုံးဆယ်နှင့် မြန်မာအမတ် သုံးဆယ်တို့လည်း အတူယှဉ်၍ ပန်းကျော်ချောင်းသို့ ဆင်းရာတွင် မြန်မာအမတ်သတိုးနှင့် လဂွန်းအိမ်တို့အတူ ယှဉ်၍ကျ၏။ သစ္စာဆိုရန် သွားသည့်လမ်းတွင် သတိုးက လဂွန်းအိမ်ကို ယခုပြုမည့် သစ္စာဆိုပွဲသည် အမှန်အကန် ဟုတ်ပါရဲ့လားဟုမေးရာ နဂိုကတည်းက အရှင်သခင်၏ မမှန်မကန် လုပ်ရပ်အပေါ် မကြည်မလင်ဖြစ်နေသည့် လဂွန်းအိမ်က “ဟယ်အရူး စစ်အတွင်း၌ နင့်ကို ငါရလည်းသတ်မည့်၊ ငါ့ကို နင်ရလည်းသတ်မည့် စစ်အတွင်း သစ္စာမှန်ဖူးသလော” ဟု ဆိုလေသဖြင့် မြန်မာတို့လည်း သစ္စာဆိုပွဲကိုဖျက်၍ ပြန်လေသည်။ ရာဇာဓိရာဇ်လည်း ငါ့အကြံကို မည်သူဖျက်သနည်း မေးရာ။ လဂွန်းအိမ်ဖျက်၍ ပျက်ရကြောင်း သိသည်နှင့် အမျက်ထွက်လှသဖြင့် ဒင်းကို အပေါင်အလက်ဖျက်၍ သတ်စေ” ဟု အဲမွန်ဒဟာကို အပ်လေသည်။

အမတ်ဒိန်နှင့် ဗိုလ်မင်းမြတ်တို့လည်း “ရန်သူကား နီးလှချေသည်။ ယခု သူ့ကိုသတ်သော် ရန်သူတို့ အားရ၀မ်းသာ ရှိချေတော့မည်။ မေးမြန်းပြီး သတ်သင့်မှသာ သေပါစေ။ ယခု မေးပါရစေဦး” ဆိုမှ ရာဇာဓိရာဇ်လည်း တိတ်တိတ်နေ၏။ “လဂွန်းအိမ်” ကို သူသတ်တို့ လက်မှထုတ်၍ ဗိုလ်မင်းမြတ်က မေးသည်ရှိသော် လဂွန်းအိမ်ကလည်း စိတ်ထဲရှိသည့်အတိုင်း “မြန်မာတို့သည် စစ်လည်းပန်းပြီး မျိုးရိက္ခာလည်းကုန်၍ ပြန်ကြတော့မည်ရှိသည်ကို နောက်မှလိုက်၍တိုက်လျှင် နိုင်နိုင်ပါလျက် ယခုခေတ် အကောက်ကြံရန် အနိုင်အထက် ပြုမည်ကြံသည်။ နောင်သော် သားစဉ်မြေးဆက် ဤအမှုကို အကြောင်းပြု၍ မွန်တို့သည် စဉ်းလဲစွာဖြင့် မြန်မာတို့ကို အနိုင်ယူဟု အမျိုးဂုဏ်ထိပါး၍ အကဲ့ရဲ့ခံရမည်ကို  စိုးသောကြောင့် ပျက်အောင်ဖျက်သည်” ဟုဆိုရာ စကားသင့်လှသဖြင့် သတ်မည့်အရေးကို ဆိုင်းငံ့ထားလိုက်ရလေသည်။

ဤနေရာ၌ လဂွန်းအိမ်သည် ပဒေသရာဇ် မင်းတစ်ပါးကိုပင်လျှင် မမှန်ဟုထင်လျှင် အသက်စွန့်၍ လမ်းဖြောင့်ပေးနိုင်သော သတ္တိကား ရှားမှရှားဟု ဆိုရလောက်ပါသည်။ စစ်သားဟုဆိုသော်ငြား စစ်ပွဲအတွင်းမှာ အမိန့်နာခံ၍ အသက်စွန့်ပြီး တိုက်ပွဲဝင်ခြင်းကား သူ၏တာဝန်နှင့် ပတ်သက်၍ မှန်ကန်သော ရပ်တည်ချက်ဟု ဆိုနိုင်သော်လည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ဆိုရာတွင်မူ ဤသတ္တိမျှလောက်နှင့် မပြီး။ မှန်ရာကို အသက်စွန့်၍ ရပ်တည်ကာကွယ်သွားနိုင်မှသာလျှင် မျိုးချစ်သူရဲကောင်း ဖြစ်နိုင်၏။ “လဂွန်းအိမ်” ကဲ့သို့ “လူကြီးလူကောင်း” စိတ်မွေး၍ တိုင်းပြည်နှင့် လူမျိုးကိုချစ်တတ်သော စစ်သားတွေ ကျွန်တော်တို့နိုင်ငံမှာ အများအပြား ရှိစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒပါ။ ရှိလည်း ရှိစေချင်ပါတယ်။ ရှိဖို့လည်း လိုအပ်ပါတယ်။ ရှိနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။

လူကြီးလူကောင်းစိတ်မွေး၍ တိုင်းပြည်ကို ချစ်တတ်ကြပါစေ။
- See more at: http://news-eleven.com/opinion/%E1%80%9C%E1%80%B0%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%B0%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%B1%E1%80%85%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9#sthash.aBcX2u4z.dpuf

No comments:

Post a Comment