လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျရာ ဓာတ်လိုက်၍ နှစ်ဦး သေ နှစ်ဦး ဒဏ်ရာရ
ဓာတ်လိုက်၍ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူနေစဉ်
ရန်ကုန်မြို့ ကမာရွတ် လှည်းတန်း ဈေးအနီးတွင် ဇွန်လ ၂၁ ရက် ညနေက
ဓာတ်ကြိုးပြတ် ကျရာ ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးသွားပြီး နှစ်ဦး ဒဏ်ရာ
ရရှိခဲ့သည်။
ကမာရွတ်မြို့နယ်၊ လှည်း တန်းဈေး ပေ ၅၀ လမ်းထဲရှိ ဖိနပ် ဆိုင်တစ်ဆိုင်သို့ ဖိနပ်လာပို့သော ကားပေါ် ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျသောကြောင့် ဓာတ်လိုက်၍ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။
‘‘ဖိနပ်လာပို့တဲ့ ကားပေါ်ကို ကျသွားတာ ကံကောင်းသွားတာ အဲဒီကားသာမရှိရင် မိုးကရွာနေ တော့ လမ်းထဲမှာ ဈေးရောင်းတဲ့လူတွေ တသီကြီး သေသွားနိုင်တယ်’’ ဟု ဓာတ်လိုက်သူများ အား ရန်ကုန်ဆေးရုံကြီးသို့ လိုက် ပို့ခဲ့သူ ကိုဉာဏ်မြင့်က ဆိုသည်။
အခင်းဖြစ်ပွားသည့် အချိန် ၌ မိုးရွာနေပြီး လျှပ်စစ်မီး ပြန် လာသည့်အချိန်တွင် ဓာတ်ကြိုးပြတ်ကျခဲ့ခြင်းဖြစ်ကာ ကုန်စိမ်းရောင်းသော အမျိုးသမီး နှစ်ဦး၊ ဖိနပ်လာဝယ်သော အမျိုးသားတစ်ဦးနှင့် ကားပေါ်တွင် ရှိသော အမျိုးသားတစ်ဦးတို့ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေ ၅၀ လမ်းထဲတွင် ယိုးဒယားအကင်ရောင်းနေသည့် ဒေါ်ချိုက ပြောသည်။
၎င်းတို့လေးဦးအနက် ဖိနပ်လာပို့သော ကားပေါ်မှ အမျိုးသားတစ်ဦးနှင့် ကုန်စိမ်းရောင်းသော အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
လူနာများအား ရန်ကုန်ဆေး ရုံကြီးသို့ ပို့ထားပြီး ကျန်နှစ်ဦးမှာလည်း အရေးပေါ် အခြေအနေတွင်ရှိကြောင်း ဓာတ်လိုက်သူ များကို ဆေးရုံကြီးသို့ လိုက်ပို့ခဲ့ သူ ကိုဉာဏ်မြင့်က ပြောကြားသည်။
ပြတ်ကျခဲ့သည့် ဓာတ်ကြိုး မှာ လှည်းတန်းဈေးပေ ၅၀ လမ်းနှင့် ထန်းတပင် လမ်းထောင့်ရှိ ဓာတ်တိုင်မှဖြစ်ပြီး မကြာသေးမီကလည်း တစ်ခါ ပြတ်ကျခဲ့ဖူးကာ မကြာခဏ ပြတ်ကျလေ့ရှိကြောင်း ဒေါ်ချိုကပြောသည်။
‘‘အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အထက်က ဘယ်လိုအရေးယူမယ် ဆိုတာတော့ မသိသေးဘူး။ လတ် တလောမှာ အလုပ်တွေ ရှုပ်နေ တဲ့အတွက် မလုပ်နိုင်သေးတာပါ။ ပြုတ်ကျသွားတဲ့ ဓာတ်ကြိုးကို တော့ နောက်တစ်ခါ ထပ်မဖြစ် အောင်လို့ ပိုပြီးကောင်းအောင် ပြင်ပေးနေပါတယ်’’ ဟု ကမာ ရွတ်မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမာန်ဦးက ပြော ကြားသည်။
‘‘ဒီကိစ္စဟာ ကမာရွတ်မြို့ နယ်လျှပ်စစ်ဌာနမှာ တာဝန်ရှိ တယ်။ ဓာတ်ကြိုးတွေကို ကောင်း အောင် လုပ်ဖို့သူမှာတာဝန်ရှိ တယ်။ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) အရ တာဝန်ရှိသူရဲ့ ပေါ့ဆမှု ကြောင့် လူသေတာဖြစ်တဲ့အ တွက် ဥပဒေနဲ့အညီအရေးယူတာ တွေလုပ်သွားရမှာ ဖြစ်ပါတယ်’’ ဟု တရားရုံးချုပ်ရှေ့နေ ဦးခင် ဇော်(မရမ်းကုန်း)က ဓာတ်ကြိုး ပြတ်ကျ၍ ပြည်သူအချို့သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ပြောသည်။
ရန်ကုန်ဆေးရုံကြီးတွင် ကုသနေသည့် လူနာနှစ်ဦးတွင် အမျိုးသမီးမှာ သတိပြန်လည်လာပြီဖြစ်သော်လည်း အမျိုးသားမှာအရေးပေါ်အခြေအနေတွင် ရှိနေသေးကြောင့် ဇွန် ၂၁ ည ၁၀ နာရီခွဲတွင် နောက်ဆုံးသိရသည်။
အခင်းဖြစ်ပွားသည့်ဓာတ်တိုင်မှာ ည ၁၀ နာရီ ၂၀မိနစ်အထိပြန်လည်တပ်ဆင်၍ မရသေးဘဲရှော့ခ်ဖြစ်နေသေးကြောင်း ယင်းလမ်းထဲတွင် နေသူတစ်ဦးက ပြောကြားသည်။

No comments:
Post a Comment