ယာဉ်မှတ်ပုံတင်နှုန်းထားများ ဒေသအလိုက် ခွဲခြားတိုးမြှင့်ကောက်ခံမည်
ယာဉ်ကြောပိတ်ဆို့မှုများသော မြို့ကြီးများတွင် ယာဉ်စီးရေတိုးပွားမှု ထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံး တစ်ပြေးညီကောက်ခံနေသော ယာဉ်မှတ်ပုံတင်နှုန်းထားများကို ယာဉ်များသည့်မြို့ အပေါ် မူတည်ကာ အုပ်စုခွဲခြား ကောက်ခံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ယာဉ်စီးရေ များပြားသော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို အုပ်စုအမှတ်(၁) ဟု သတ်မှတ်မည်ဖြစ်ပြီး အလယ်အလတ်အဆင့် ယာဉ်စီးရေရှိသော ပြည်နယ်နှင့် တိုင်းများကို အုပ်စုအမှတ် (၂)နှင့် ယာဉ်စီးရေအနည်းဆုံးရှိသော ပြည်နယ်နှင့်တိုင်းများကို အုပ်စု(၃)အဖြစ် သတ်မှတ်၍ ခွဲခြားကောက်ခံသွားမည်ဖြစ်သည်။ ယာဉ်စစ်ဆေးခနှုန်းထားများကိုမူ အုပ်စုခွဲခြားခြင်းမရှိဘဲ တစ်ပြေးတည်း ကောက်ခံသွားမည် ဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းမှုစတင်ခဲ့သော ၂၀၁၁ ခုနှစ် စက်တင်ဘာမှစကာ ယခုနှစ်မေလကုန်အထိ စာရင်းများအရ ယာဉ်စီးရေ တစ်သိန်းနှစ်သောင်းကျော် ခန့် တိုးတက်လာပြီး အများစုမှာ ရန်ကုန်မြို့တွင်သာ ရှိနေကြောင်း အဆိုပါဌာနကဆိုသည်။
ထိုသို့ကောက်ခံရာတွင် အာဆီယံနိုင်ငံများ၌ ကောက်ခံသော နှုန်းထားများကို လေ့လာကာ သင့်တော်သည့်နှုန်းထား သတ်မှတ်ချက်များဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါဌာနကဆိုသည်။ ကောက်ခံရာတွင် မော်တော်ဆိုင်ကယ်၊ ကိုယ်ပိုင်ယာဉ်ငယ်၊ ကိုယ်ပိုင်ယာဉ်ကြီးနှင့် အငှားယာဉ်ငယ်၊ အငှားယာဉ်ကြီးဟူ၍ ယာဉ်အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံမည်ဖြစ်သည်။
‘‘အရင်ကထက် နှစ်ဆလောက် မြင့်သွားတယ်’’ ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
No comments:
Post a Comment