MH370 လေယာဉ်ပျောက်ဆုံးမှု ရက်ပေါင်း (၁၀၀) ပြည့်မြောက်
----------------------------------------------------------------------

MH370 ခရီးသည်တင် လေယာဉ်ပျောက်ဆုံးမှုကြီး ဖြစ်ပွားခဲ့သည့်မှာ ရက်ပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ လေယာဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းအစအန ရှာမရသေးဘဲ ရှိနေဆဲဖြစ်သည်။
မတ်လ(၈)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် ပျောက်ကွယ်သွားသည့် လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် တရုတ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုများက ရက်ပေါင်း(၁၀၀)ပြည့် ဆုတောင်းပွဲများ ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။
မလေးရှား လေကြောင်းလိုင်းက ၎င်းတို့၏ လေယာဉ်ကို ရှာဖွေ့တွေ့ရှိနိုင်ရန် ဆက်လက် ကြိုးစား အားထုတ်နေမည်ဟု ကတိပြုထားသော်လည်း ယခုအချိန်ထိ သိသာစွာ တိုးတက်လာသည့် သတင်းအချက်အလက်မျိုး လက်ဆုပ်လက်ကိုင် မပြနိုင်သေးချေ။
MH370သည် တရုတ်နိုင်ငံသား အများစု အပါအဝင် လူပေါင်း (၂၃၉)ဦးကို တင်ဆောင်ရင်း ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
လေယာဉ်ပေါ် ပါသွားသူများ၏ ဆွေမျိုးသားချင်းများသည် ရက်(၁၀၀)ပြည့် ကြေကွဲမှု အခမ်းအနားအတွက် ဘေဂျင်းတွင် စုရုံးဖြစ်ခဲ့ကြသည်။ အစ်မဖြစ်သူ လေယာဉ်ပေါ် ပါသွားသည့် ဒိုင်ရှူကွင်းက သူမအနေဖြင့် လက်ရှိအခြေအနေတွင် ဆုတောင်းနေရုံမှလွဲ၍ တစ်စုံတစ်ရာ မတတ်နိုင်ကြောင်း ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ မိသားစုဝင်တွေကို ပြန်မတွေ့ရတော့ဘူးလေ။ ကျွန်မတို့တွေ ဘာလုပ်ရမလဲ ဆိုတာလည်း သေချာမသိဘူး။ ဘာသတင်းမှလည်း မရသေးဘူး။ ဗုဒ္ဓမြတ်စွာဘုရားဆီမှာ ဆုတောင်းဖို့ပဲ ကျွန်မတို့ တတ်နိုင်မယ်လေ။ သနားကြင်နာမှု နတ်သမီးက ကျွန်မတို့ကို ကောင်းချီးပေးပါစေ။ မျှော်လင့်ချက်ကိုတော့ ကျွန်မတို့ မစွန့်လွှတ်ချင်သေးဘူး။ လေယာဉ်ပေါ် ပါသွားသူတွေ အနေနဲ့ ကောင်းကင်ဘုံရဲ့ ကူညီစောင့်ရှောက်မှုကို ခံယူခွင့် ရပါစေလို့ ဆုတောင်းပါတယ်”ဟု ဒိုင်က ဆိုသည်။
မလေးရှား ဝန်ကြီးချုပ် နာဂျက်ဘ် ရာဇက်ကလည်း ဇွန်လ(၁၅)ရက်နေ့တွင် လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုဝင်များအား စာနာကြောင်း ပြောဆိုခဲ့သည်။ “MH370 ပျောက်ကွယ်သွားတာ ရက်ပေါင်း(၁၀၀) တိုင်ခဲ့ပါပြီ။ လေယာဉ်ပေါ် ပါသွားသူတွေနဲ့ မိသားစုအတွက် အမြဲတမ်း အလေးထား အမှတ်ရနေမှာပါ။ မလေးရှား နိုင်ငံဟာ ရှာဖွေရေး လုပ်ငန်းတွေအတွက် စူးစိုက် အားထုတ်နေဆဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က Twitterမှတစ်ဆင့် ကတိပြု ပြောဆိုသွားသည်။
No comments:
Post a Comment