မဟာသန္တိသုခ ကျောင်းတိုက် နဲ့ပတ်သက်ပြီး သိကြစေချင်လွန်းလို့..(ဟာဂျူလီ-ကသာ)
မနက်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြရင်း မဟာသန္တိသုခ ကျောင်းတိုက်အကြောင်းရောက်သွားပါတယ်၊အဲဒီမှာ မိတ်ဆွေပြောလိုက်တဲ့စကားတစ်ခွန်းက
“ကိုဂျူ..ဒီအချိန်မှာ မဟာသန္တိသုခ ကျောင်းတိုက်က ဆရာတော်တွေကို နှင်မထုတ်ဘူးဆိုရင် ဘာဖြစ်သွားမှာ မို့တဲ့လဲ” တဲ့၊ သူ့အမေးစကားကြားတော့မှ ကျွန်တော်
ဖေ့ဘွတ်မိတ်ဆွေတွေကို ရှင်းလင်းရဦးမယ့် ကိစ္စလေးတွေ အတွေးပေါ်လာမိပါတယ်၊
တကယ်တမ်းပြောရရင် ဒီမဟာသန္တိသုခ ကျောင်းတိုက်ကို အစရှာပြီး ပြဿနာကို မီးခွက်ထွန်းရှာတဲ့သူတွေဟာ သူတို့ရင်ထဲ စူးနေတဲ့ ဆူး(၃)ချောင်းကို နှုတ်လိုက်တဲ့်တဲ့သဘောဖြစ်ပါတယ်၊
ဒီဇာတ်လမ်းတွေကို ပြောရရင် မဟာသန္တိသုခ ကျောင်းတိုက်ရဲ့ သမိုင်းလေးက စပြောမှ ပြည့်စုံမှာ ဖြစ်ပါတယ်၊န၀တအနေနဲ့ နိုင်ငံတကာရဲ့ လှစ်လှူရှုခြင်းခံနေရတဲ့၁၉၉၀လွန်
ကာလ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မှီ ဗုဒ္ဓဘာသာကျောင်းဆောက်ချင်နေတဲ့အချိန် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးကို ဆောင်ရွက်ချင်တဲ့ (ပီနန်ဆရာတော် လို့ကမ္ဘာကသိတဲ့)
ဘဒ္ဒ န္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ကို မြေဂရံ ချပေးပြီး သာသနာပြုကျောင်းဆောက်ခွင့်ပေးခဲ့ပါတယ်၊ ဒီလိုမြေနေရာပေးခဲ့တာဟာလည်း စေတနာဆိုတာထက်
ကမ္ဘာကျော်တဲ့ ပီနန်ဆရာတော်ရဲ့ အရှိန်အ၀ါနဲ့ ကမ္ဘာ့နိုင်ငံများကို မျက်စ ပစ်ပြချင်လိုပါပဲ၊ကမ္ဘာအရပ်ရပ်ကလည်း ပီနန်ဆရာတော်ကြီးရဲ့ မျက်နှာနဲ့ ပီနန်ဆရာတော်ကြီးကို ရည်ရွယ်ပြီး
နိုင်ငံခြားငွေတွေ ၀ိုင်းလှူကြပါတယ်၊ ကျွန်တော် အစောပိုင်းကရေးခဲ့သလို အဲဒီခေတ် န၀တအကြီးအကဲတွေကလည်း နိုင်ငံတကာက မြင်အောင် ပီနန်ဆရာတော်ရဲ့ ကျောင်းဖြစ်မြောက်ရေးအတွက်
ဝိုင်းဝန်းကူညီခဲ့ကြပါတယ်၊အဲဒီလို နိုင်ငံတော်အကြီးအကဲတွေက ပီနန်ဆရာတော်ကြီးကို မျက်နှာသာပေးပြီး အုတ်အုတ်ကျက်ကျက် ကူညီနေရာပေးနေတာဟာ သာသနာရေးဌာနက ဦးအံ့မောင်တို့တတွေနဲ့
မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) က အချို့ ဆရာတော်အတွက် ပထမဆုံး သူတို့ရင် စိုက်ဝင်စေခဲ့ ဆူးတစ်ချောင်းဖြစ်ခဲ့ပါလိမ့်မယ်၊ ဖြစ်ပေါ်ခဲ့တဲ့ ပီနန်ဆရာတော်ရဲ့ သာသနာပြုကျောင်းဟာ ဘယ်သူမှ မထင်ထားတဲ့ ခံ့ညားထည်ဝါမှု၊ ခေတ်မီသစ်လွှင်မှုတွေကြောင့်
နိုင်ငံတော်အဆင့်တွေ မျက်စိကျစရာလည်း ဖြစ်ခဲ့ကြပါတယ်၊ ကျောင်းကြီးပြီးတော့ သာသနာနဲ့အညီ သံဃာတစ်ပါးထည်းရဲ့ ပစ္စည်းမဟုတ်ဘဲ သံဃာအများပိုင်တဲ့ သံဃိတပစ္စည်းအဖြစ်ရေစက်ချခဲ့ပြီး
ပီနန်ဆရာတော်ကြီးကို ရက္ခကဂေါပကအဖြစ် ပြန်လှယ်နပ်နှံခဲ့ကြပါတယ်၊ အဲဒီလို ပီနန်ဆရာတော်ကြီးကို ရက္ခကဂေါပကဖြစ်ပြီးတဲ့နောက် ကမ္ဘာ့အဆင့်မှီ သာသနာတော်ကျောင်းကြီးဖြစ်ဖို့ သင်တန်းတွေဖွင့်လှစ်
ဆောင်ရွက်ခဲ့ပါတယ်၊အောင်လည်း အောင်မြင်ခဲ့ပါတယ်၊အဲဒီလို မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)နဲ့ သာသနာရေးတို့ မပါဘဲ ပီနန်ဆရာတော်ကြီးနဲ့ န၀တတွေ ပေါင်းလုပ်နေတာဟာလည်း သာသနာရေးဌာနက ဦးအံ့မောင်တို့တတွေနဲ့
မဟန က အချို့ ဆရာတော်အတွက် ဒုတိယမြောက် ဆူးကြီး ဖြစ်ခဲ့နိုင်ပါတယ်၊ ၂၀၀၄ခုနှစ်မှာ ပီနန်ဆရာတော်ကြီး သီတင်းသုံးရာ မလေးရှာနိုင်ငံ ပီနန်မြို့သို့ ၀န်ကြီးချုပ်ဦးခင်ညွှန့်က စာတစ်စောင်ရေးသားဆက်ကပ်ခဲ့ပါတယ်၊
အဲဒီစာထဲမှာ မဟန( နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)သို့ စနစ်တကျထိန်းသိမ်းစောင်ရှောက်နိုင်ရန် အပ်နှံခဲ့ပါကြောင်း၊ထိုသို့အပ်နှံခြင်းမှာ ကျောင်းကို သိမ်းပိုက်ခြင်း မဟုတ်ဘဲ စီမံခန့်ခွဲအုပ်ချုပ်ခွင့်ကိုသာ အပ်ခြင်းဖြစ်ကြောင်း
ပီနန်ဆရာတော်ကြီး ကို ရေးသားလျှောက်ထားခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ စီမံခန့်ခွဲမှု ငှားရမ်းမှုတွေအားလုံးဟာ သာသနာရေး လက်ထဲရောက်သွားပါတော့တယ်၊
အဲဒီကြားထဲ (၂၀၀၇)ခုနှစ်မှာ ရွှေဝါရောင်သံဃာ့အရေးအခင်းကြီး ဖြစ်လာပါတယ်၊ သံဃာတွေကို ဖမ်းဆီး ထောင်ချ ရိုက်နှက် တာတွေနဲ့ပတ်သက်ပြီး မဟနရဲ့ ဆောင်ရါက်မှုတွေကို သဘောမတွေ့တဲ့
ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ ပီနန်ဆရာတော်၊(ယခုလူဝတ်လဲ ထောင်ချခံရတဲ့)လန်ဒန်ဆရာတော်တို့ဦးဆောင်ပြီး သံဃဦးသျှောင်အဖွဲ့ ဖွဲ့ပြီး မဟနကို ဝေဖန်တာတွေ လုပ်ခဲ့ပါတယ်၊
အဲဒါတွေဟာ ဦးအံ့မောင်တို့အတွက် အကြီးမားဆုံး တတိယဆူးကြီး ဖြစ်ခဲ့မယ်ထင်ပါတယ်၊၊ အခုအချိန်မှာ မဟာသန္တိသုခ ကျောင်းတိုက်ရဲ့ မင်္ဂလာခန်းမ(၂)ဆောင် ငှားရမ်းခ
၊အစည်းအဝေးခန်းမငှားခ၊ ဆက်သွယ်ရေးတာဝါတိုင်နေရာငှားရမ်းခအပါအ၀င် တစ်လကို ၀င်ငွေ သိန်း(၅၀၀) နဲ့(၁၅၀၀)ကြားရရှိခဲ့ပါတယ်၊ ဒီကိစ္စတွေကို ပီနန်ဆရာတော်က ဘာမှ မပြောဘဲ သူမြန်မာနိုင်ငံရောက်လာရင် သူ့အတွက်ရှိနေတဲ့
ကျောင်းဆောင်မှာဘဲ သီတင်းသုံးပါတယ်၊ဆရာတော် မရှိရင် ဆရာတော်ရဲ့ တပည့်တွေ သီတင်းသုံးကြပါတယ်၊အဲဒီလို နေထိုင်မှုကို မဟနက ထွက်ပေးဖို့ စာထုတ်ပါတယ်၊ပီနန်ဆရာတော်ကြီးက ဒီလိုနင်ထုတ်မှုကို နိုင်ငံတော် သမ္မတကြီးထံ
စာရေးအသိပေးပါတယ်၊ ဦးသိန်းစိန်ကလည်း ဦးညိုအုန်းမြင့်ကို လွှတ်ပြီး မစိုးရိမ်ဖို့ အေးချမ်းစွာ သီတင်းသုံးနေထိုင်ဖို့ ပီနန်ဆရာတော်ကြီးကို လျှောက်ထားပါတယ်၊ နိုင်ငံတော်သမ္မတကိုယ်တိုင်က အဲဒီလို လျှောက်တင်ခဲ့ပေမယ့်
မဟနကလည်း ထွက်ပေးဖို့ စာ(၃)ကြိမ်ထုတ်ခဲ့ပြီး မနာခံလို့ဆိုပြီး ၁၀၊၆၊၁၄ရက်နေ့ ည(၁၁)နာရီမှာ လုံခြုံရေးအင်အားတွေသုံးပြီး သီတင်းသုံးနေတဲ့ဆရာတော်တွေကို ပင်ဆောင်ပြီး လူဝတ်လဲ ထောင်ထဲပို့ လုပ်ခဲ့တာပါ၊
ဒီဖြစ်စဉ်တွေအပေါ်မှာ သီတဂူဆရာတော်ကလည်း သူရဲ့ ဗုဒ္ဓတက္ကသိုလ်တွေကို သံဃိတပိုင်ဆိုပြီး ဦးအံ့မောင်တို့ လာသိမ်းမှာ စိုးရိမ်တော်မူတယ်လို့ တရားဝင်မိန့်ကြားသွားခဲ့ပါတယ်၊
ဒီလို မတရားတဲ့ဖြစ်စဉ်အပေါ် ဗုဒ္ဓဘာသာဝင် အတော်များမျာက မကျေနပ်ကြပါဘူး၊ ဒီမကျေနပ်ချက်တွေကြောင့် မလိုလားတဲ့အုံကြွမှုဖြစ်လာပြီး(၂၀၁၅)ကိုထိခိုက်အောင် ကြံရွယ်တယ်ဆိုတဲ့ စကားတွေ ဆူညံနေသလို
ငြိမ်နေရင် ဒီထက်ပိုပြီးပြဿနာရှာလာမှာကိုလည်း စိုးရိမ်သူတွေ ရှိနေကြပါတယ်၊ အချို့ သမ္မတကြီးဦးသိန်းစိန်ကို ယုံကြည်သူတွေကလည်း ဒီဖြစ်စဉ်မှာ ဦးသိန်းစိန် ရဲ့ စကားဟာ
ပြီးပြီးပျောက်ပျောက် အရာမထင်တဲ့အတွက် ဦးသိန်းစိန်အတွက် အမည်းစက်ထင်သွားတဲ့ သမိုင်းကြွေးဖြစ်သွားပြီလို့ ဆိုကြပါတယ်၊
အဲဒီလို အပြောအဆိုတွေကြားမှာ ဦးအံ့မောင်က သူ့ကိုယ်သူ သမ္မတရုံးရဲ့ အကြံပေးပုဂ္ဂိုလ်ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေ ထလုပ်ပါတယ်၊ လူထုတွေအနေနဲ့လည်း သူတို့ မသိသေးတဲ့ သမ္မတအကြံပေးတွေ ရှိနေပါသေးလားဆိုတဲ့အတွေးတွေ ၀င်လာတဲ့အချိန်မှာဘဲ
သမ္မတရုံးကတာဝန်ရှိသူတွေကလည်း ဦးအံ့မောင်ဟာ သမ္မတရဲ့ အကြံပေး မဟုတ်ဘူးလို့ ငြင်းလာပြန်ပါတယ်၊ ဒီလို အခြေအနေတွေအပေါ် လူထုတွေက ကိုယ်မြင်ရာကိုယ်ပြော ကိုယ်ထင်ရာတွေး ကွဲလွဲနေကြသော်လည်း ဗုဒ္ဓဘာသာဝင်လူထုတွေ အားလုံးရဲ့
ညီညွတ်စွာ လက်ခံချက်ကတော့ “ဒီ မဟာသန္တိသုခ ကျောင်းတိုက်
ဖြစ်စဉ်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီဆိုတာပဲ ဖြစ်ပါတော့တယ်ခင်ဗျား..။
(ဟာဂျူလီ-ကသာ)

No comments:
Post a Comment