မဟာသန္တိသုခကျောင်း စီးနင်းဝင်ရောက်ခြင်း ဓမ္မစက်ထက် အာဏာစက် ရှေ့ရောက်မှု တိုင်းပြည်အတွက် မကောင်း

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ
ကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ည ၁၀ နာရီခန့်တွင် တိုင်းသံဃနာယက ဆရာတော်များ
ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ
တာဝန် ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊
တာဝန်စာတန်းပါ လက်ပတ် အနီပတ်သူများက ၀င်ရောက် စီးနင်းခဲ့ကာ သံဃာတော်
များအား ကမ္ဘာအေး ကုန်းမြေသို့ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင်
ခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းသည် မဟာသန္တိသုခ
ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ပီနန်ဆရာတော် ဦးပညာဝံသ ဇွန်လ ၁၅ ရက်တွင်
ဂျပန်နိုင်ငံသို့ ကြွရောက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ထို့အပြင်
လက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်စဉ်တွင် ကုန်ကျစရိတ်ပေါင်း
ကျပ်သိန်း ၁၀၀၀၀ ရှိပြီး ပီနန် ဆရာတော်နှင့် အလှူရှင်များ၏ ထည့်ဝင်ငွေ
ကျပ်သိန်း ၁၀၀၀ ရှိကြောင်း၊ ကျန် အလှူရှင်များ၏ လှူဒါန်းခြင်းသည်
““တစ်ဦးတစ်ဖွဲ့တည်းက လှူဒါန်းခြင်း မဟုတ်သကဲ့သို့ ပုဂ္ဂိုလ် တစ်ဦး
တည်းသို့ ရည်ရွယ် လှူဒါန်းခြင်း မဟုတ်သည့်အတွက် ပီနန်ဆရာတော်
မပိုင်ဆိုင်ထိုက်””ဟု သာသနာရေး ၀န်ကြီးဌာနမှ သဘောထားရှိကြောင်း ကြားသိရသည်။
အဆိုပါ
သဘောထားနှင့် ပတ်သက်၍ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်
အဖွဲ့အစည်းများ၏ ဝေဖန် သုံးသပ်မှုများကို မြန်မာသံတော်ဆင့်မှ စုစည်း
တင်ပြလိုက်ပါသည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟ
သာသနာတော်
အားလုံးနဲ့ ဆိုင်တယ်ဆိုတာက အဲဒီတုန်းက အခြေအနေအရ ရေစက်ချပြီး လုပ်ချင် သလို
လုပ်ခဲ့ကြတယ်။ ဟိုတုန်းကာလက ပီနန်ဆရာတော်ကြီးက ကြည်ညိုခွင့် မရှိဘူးလေ။
သူက မ,တည်ပြီးတော့ ဆောက်တာပေါ့။ ပြည်တွင်းရော ပြည်ပရော အားလုံးပါတယ်ပေါ့။
ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေကလည်း သူ့လက်ထဲမှာပဲ အားလုံး ရှိတာပဲလေ။
ဒီလို အငြင်းပွားတာတွေ ဖြစ်နေတဲ့ ဒီကျောင်းတိုက်ကြီးမှာ သံဃ နာယကသည်
သူတို့ကိုယ်တိုင်လည်း ဘာမှပါဝင်တာ မရှိသလို သူတို့နဲ့ ပတ်သက်တဲ့ ဒကာ၊
ဒကာမတွေရဲ့ လှူဒါန်းမှုလည်း မပါပါဘူး။
ဦးဝီရသူ (မစိုးရိမ်တိုက်သစ် ဆရာတော်)
မဟနက
လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး လက်ဝါးကြီး အုပ်လိုက်တာပေါ့။
အာဏာရှင်ရဲ့ အမွေဆိုးကို အပြည့်အ၀ အသုံးချလိုက်တာပဲလို့ ပြောချင်ပါတယ်။
ဦးဂျင်မီ (၈၈၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
သာသနာတော်
ထွန်းကားရေးအတွက် ဆိုလို့ရှိရင် ပီနန်ဆရာတော်ကြီးကို အဲဒီမှာ
ကျောင်းထိုင်ထားတာက ပိုကောင်းမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီနန်
ဆရာတော်ကြီးက သာသနာပြုတာဆိုရင် ကမ္ဘာကိုပါ သာသနာပြုတာလေ။ မလေးရှားမှာရှိတဲ့
ဆရာတော်ကြီးရဲ့ကျောင်းကို ကျွန်တော် ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့ အချိန်မှာ
မလေးရှားမှာရှိတဲ့ ပီနန် ကျောင်းတော်ကြီးကနေပြီးတော့ တစ်ကမ္ဘာလုံးကို
ဖြန့်ကြက်ပြီး သာသနာပြုတဲ့ ဆရာတော်ကြီးပဲ။ အဲဒီတော့ ဘာလို့
ဒီဆရာတော်ကြီးကို ဆက်ပြီး မထားနိုင်ရမှာလဲ။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က
ဒီပြဿနာကို အရေးယူတဲ့ နေရာမှာလည်း အဓိက ဆရာတော်ကြီး မရှိတဲ့အချိန်မှာ
အရေးယူတာကလည်း ဒါကလည်း နည်းလမ်းမကျဘူး။ နောက်တစ်ချက်က ဗုဒ္ဓဘာသာ
ဘုန်းကြီးကျောင်း တစ်ကျောင်းကို ၀င်ပြီးတော့ အရေးယူတဲ့ပုံစံက စစ်ဆင်ရေးမဟာ
ဗျူဟာတစ်ရပ် အခင်း အကျင်းတွေ နဲ့ ညကြီးမှာ ၀င်ပြီးတော့ တိုက်ခိုက်တဲ့
သဘောမျိုးပေါ့။ အဲဒီလိုမျိုး လုပ်တာကလည်း မသင့်လျော်တဲ့ ကိစ္စတစ်ခုပဲ။
ပထမတစ်ခု ကျွန်တော် ပြောချင်တာက သာသနာတော် ထွန်းကားရေးအတွက် လုပ်တယ်ဆိုရင်
ပီနန်ဆရာတော်ကြီးကို ကျောင်းထိုင် ဆက်ထားတာဟာ သာသနာတော် ထွန်းကားရေး
အတွက်၊ သာသနာတော် ပြန့်ပွားရေးအတွက် ပိုပြီးတော့ ကောင်းမယ်။ ပြဿနာကို
ဖြေရှင်းတဲ့ပုံကို ကျွန်တော်တို့ မကြိုက်ဘူး။ ကျွန်တော့်အမြင်က
ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ဒီနည်းနဲ့ ၀င်ရောက်
စီးနင်းတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဆရာတော်ကြီးသည် ကမ္ဘာ့ဗုဒ္ဓဘာသာ
အသိုင်းအ၀ိုင်းကပါ သိတဲ့ ဆရာတော်ကြီး။ တကယ်လို့ သူတို့ ဒီကိစ္စကို ဆုံး
ဖြတ်ချက် ချမယ်ဆိုရင် ဆရာတော်ကြီးကို သံဃာ့ အစည်းအဝေးမှာ ပင့်ဖိတ်ပြီး ဒါက
ဒီလိုရှိပါတယ်ဆိုပြီး ရှင်းရမယ်၊ ပြောရမယ်။ သံဃာ့ လုပ်ထုံး လုပ်နည်းတွေ
ရှိပါတယ်။ သံဃာ့ လုပ်ထုံးတွေနဲ့အညီ သွားရမှာ။ ဓမ္မစက်ထက် အာဏာစက်က ရှေ့ကို
ပိုပိုပြီး ရောက်နေ တာဟာ တိုင်းပြည်အတွက် မကောင်းဘူး။
ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်၊ ဥက္ကဋ္ဌ)
ဒီကိစ္စကို
သေချာတော့ ကျွန်တော် မသိဘူး။ မလေးရှားရောက်တော့ ဆရာတော်ကြီးနဲ့ တွေ့တယ်။
ဆရာတော်ကြီး ပြောတာတော့ သူ့ကျောင်းထားခဲ့ရတယ်။ ကျောင်းပြန်လို့ မရတော့ဘူး။
ပြည်ဝင်ခွင့်မရ တော့ဘူး။ ဒါအရင်တုန်းက ပြောခဲ့တာ။ ကျွန်တော် သိရသလောက်
ဘေးစကားတွေအရ ဆရာတော်ကြီး ဦးစီးပြီးတော့ ဆောက်ခဲ့တယ်။ ဆရာတော်ကြီး
ပြည်ပရောက်တဲ့ အချိန်မှာ အစိုးရက သိမ်းပစ်လိုက်တယ်။ သိမ်းပြီးတော့
သာသနာရေးကို လက်လွှဲပေးလိုက်တယ်။ အမှန်မှန်ကတော့ တကယ့်ကို ပိုင်ရှင်က
ဆရာတော်ကြီးပဲ။ ကျွန်တော် သိတာ။ အခုလို အစိုးရက သိမ်းပြီး ဒါမျိုး
ပြောတာတော့ ကျွန်တော်လည်း နားမလည်တော့ဘူး။ အရေးကြီးတာက မုသာဝါဒ
လုပ်တယ်ဆိုတဲ့ကိစ္စက ဘုန်းကြီးကျောင်းနဲ့ ပတ်သက်တယ်။ ဘုရားရဲ့ ပစ္စည်းနဲ့
ပတ်သက်နေတယ်။ အဲဒီတော့ မုသာဝါဒ သုံးတဲ့သူက ပိုပြီးတော့ အပြစ်ကြီးမှာပဲ။ ဒါက
ကျွန်တော် ပြောချင်တယ်။
ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ – မြန်မာ)
ဆရာတော်တွေ
အနေနဲ့ကတော့ ဘုန်းကြီးကျောင်းတွေ ပိုင်ဆိုင်တယ် ဆိုတာကတော့ ပြောလို့
မကောင်းဘူး ပေါ့နော်။ ဒါပေမဲ့ ဒီအလှူ ဖြစ်မြောက်ရေးအတွက် ပီနန်ဆရာတော်ကြီးက
ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာပဲ။ အရင်တုန်းက စစ်အစိုးရ လက်ထက်ကတည်းက
အန်တီတို့ ကြားတာပေါ့။ ဆရာတော်ကြီးက ဒီမှာ အင်္ဂလိပ်စာ သင်တန်းတွေလည်း
ဖွင့်ပေးတယ်လို့ ကြားတယ်။ အဲဒီဖွင့်ပေးတာတွေ စပြီးတော့ သူတို့က
အထင်အမြင်လွဲမှား တာတွေရှိတယ်။ ဟိုတုန်းက ဘာမှ သိပ်လှုပ်ရှားလို့ မရဘူးလေ။
ဒီကိစ္စတွေ ပြေပြေလည်လည် စကားပြောရင် ရပါတယ်။ အခုက ဒီမိုကရေစီခေတ်
ရောက်နေပြီပဲ။ သူတို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတယ်
ဆိုရင် အထင်ကရ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးနဲ့ အဲဒီလို မဖြစ်သင့်ဘူး
ထင်ပါတယ်။ ဒါတွေကတော့ မဖြစ်သင့်တဲ့ကိစ္စပဲ။ အထူးသဖြင့် ဘာသာရေး
အဆောက်အအုံတွေထဲမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်နေရင် စုံစမ်းအရေးယူလို့
ရတာပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ စီးနင်းပြီး ရှာတယ်၊ ဖွေတယ်၊ ၀င်မောင်းချတယ်
ဆိုတာကတော့ ကြည့်လို့လည်း မကောင်းဘူးလေ။
ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန်မြို့နယ်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ်)
ပီနန်
ဆရာတော်ကြီးအနေနဲ့ သာသနာနဲ့ ပတ်သက်ပြီး မတည်တံ့အောင် ဘာတွေ
လုပ်ဆောင်ထားသလဲ။ ဥပမာအားဖြင့် သာသနာတော်ကို ပျက်စီးအောင် ညှိုးနွမ်းအောင်
လုပ်ဆောင်ခဲ့တယ်ဆိုရင် သာသနာနဲ့ ပတ်သက်တဲ့အတွက် အရေးယူရမှာပေါ့။ အခုလုပ်တဲ့
လုပ်ရပ်ကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကလည်း ဒီလိုပဲ။
ဘုန်းကြီးကျောင်းတွေကို အတင်းဝင်စီးပြီး သံဃာတော်တွေကို အတင်းအဓမ္မ
ညှဉ်းပန်းနှိပ်စက်တဲ့ ပုံစံမျိုးလေ။ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုအနေနဲ့
ဒီလိုကိစ္စမျိုးတွေဆိုတာ မဖြစ်သင့်ဘူး။ လူတွေဆိုရင်လည်း လူတွေနဲ့
သက်ဆိုင်တဲ့ တရားရုံး ဆိုတာရှိတယ်။ သံဃာတော်တွေ အနေနဲ့ဆိုရင်လည်း
စစ်ဆေးမေးမြန်းတာတွေ ရှိသင့်တယ်။ ဒီလို လုပ်ရပ်မျိုးကတော့ အကြမ်းဖက်တဲ့
လုပ်ရပ်လို့ပဲ မြင်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာသံတော်ဆင့်
No comments:
Post a Comment