Tuesday, July 1, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ်(ယာယီ)က

ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်




 မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (ယာယီ)

ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရပင်စင်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအား ပယ်ဖျက်ကြောင်းပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ခဲ့ခြင်းနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်ခြင်း

သဘောထားကြေညာချက်အမှတ် (၂/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်
၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း ( ၄ ) ရက်

၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင်ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဒေါ်ကျင်ဌေး အား (၂၉-၃-၂၀၁၃) ရက်နေ့တွင် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ (၄၁) အရ ဟုဆိုကာ ပညာရေးဝန်ကြီးဌာနမှ၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် - ၁ ပညာ၊ ၂(ဃ) ၂၀၁၃ (၄၁၈၀) ဖြင့် မယူမနေရပင်စင်ပေးခဲ့ပါသည်။

၂။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအနေဖြင့် ၄င်းအပေါ်ပညာရေးဝန်ကြီးဌာနမှ ချမှတ်ခဲ့သောပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ၂၀၁၃ ခုနှစ် နိုင်ငံဝန်ထမ်းဥပဒေ၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်မှုမရှိခြင်း၊ တရားမျှတမှုမရှိ ဟုယူဆသည့်အတွက် ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းအသီးသီးသို့ အသနား ခံတင်ပြမှုများပြုလုပ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့သည့်အတွက် နောက်ဆုံးတွင် အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြလျှောက်ထားခဲ့ပါသည်။

၃။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေး၏ တင်ပြလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေ လျှောက်ထားမှုအမှတ် - ၂၉၀ ဖြင့် လက်ခံပြီးကြားနာစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှ နှစ်ဖက်လျှောက်လဲချက်များကို သက်သေခံအထောက်အထားများနှင့်တကွ ကြားနာစစ်ဆေးပြီးနောက် (၉-၆-၂၀၁၃) ရက်နေ့ တွင် ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအား မယူ မနေရပင်စင်ပေးလိုက်သော ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကိုပယ်ဖျက်လိုက်သော အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်လိုက် သည့် စီရင်ချက်အမိန့်ကို ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအသင်းချုပ် (ယာယီ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။

၎။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ကာယကံရှင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး အတွက်သာမက နိုင်ငံဝန်ထမ်းထု တစ်ရပ်လုံး၏ ဘဝလုံခြုံမှုအတွက်သော်လည်းကောင်း၊ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက်သော်လည်းကောင်း အလားအလာကောင်းများ ဖြစ်ပေါ်စေမည့် သမိုင်းဝင် စီရင်ချက်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်(ယာယီ)က လေးလေး နက်နက်ယုံကြည်ပါသည်။

၅။ ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးသည်
ပြည်တွင်း၊ ပြည်ပအတွေ့အကြုံကောင်းများကြွယ်ဝပြီး
နိုင်ငံတော်အတွက်အားထားထိုက်သည့် ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ၄င်း၏ဝန်ထမ်းဘဝတစ်လျှောက်လုံးတွင်လည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မည်သည့် ပြစ်မှု(တရားရုံးဆိုင်ရာပြစ်မှုကိုလည်းကောင်း၊

ဝန်ထမ်းဆိုင်ရာပြစ်မှုကိုလည်းကောင်း)ကိုမျှ ချိုးဖောက်ကျူးလွန်ခဲ့မှုမရှိခဲ့ခြင်း မရှိပါသော်လည်း ပညာရေးဝန်ကြီးဌာနမှ မယူမနေရပင်စင်ပေးရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များနှင့်တာဝန်ရှိသူများမှ နိုင်ငံဝန် ထမ်းတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပေါ် အာဏာရှင်ဆန်ဆန် အနိုင်အထက်ပြုကျင့်မှုတစ်ရပ်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်အမိန့်အရ ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ် ပါသည်။

၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်အမိန့်တွင် -
“…………….လျှောက်ထားသူ၏ဝန်ထမ်းဆိုင်ရာ အခွင့်အရေးထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းပေါ်ပေါက်သည်။ အာဏာပေးစာချွန် တော်အမိန့်သည် ဥပဒေအရအပ်နှင်းထားသောအာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကို ပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ၊
ဆောင်ရွက်မပေးဘဲနေသည့်ကိစ္စများ၌ တစ်စုံတစ်ယောက်၏ ဥပဒေရေးရာအခွင့်အရေးကိုထိခိုက်ခြင်း၊

ဆုံးရှုံးခြင်းဖြစ်ပေါ်မှုမှ ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထုတ်ပေးခြင်းဖြစ်သည်။”
ဟူသည့် အဖိုးထိုက်တန်လှသည့် တရားစီရင်ရေးဆိုင်ရာ ဥပဒေကြောင်းမှတ်ချက်ပြုမှု (opinio juris) သည်လည်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ တရားရေးမဏ္ဍိုင်တည်ကြည်မှုကိုအထင်အရှားဖေါ်ညွှန်းပါကြောင်း ပညာရေးဝန်ထမ်းထုမှ လှိုက်လှဲစွာမှတ်ကျောက်တင်အပ်ပါသည်။

၇။ ထို့ပြင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ လုပ်ပိုင်ခွင့်အာ ဏာအလွဲသုံစားပြုမှုနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်မှုမရှိကြောင်း ပေါ်လွင်ထင်ရှားစေသည်။ သို့အတွက် ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိဘဲ တရားမျှတမှုမရှိသည့် မှားယွင်းသော အမိန့်ကြော်ငြာစာကို ထုတ်ဆင့်ခဲ့သော၊ ထိုသို့ထုတ်ဆင့်ရန် အားပေးအားမြောက်ပြုခဲ့သော အာဏာပိုင်များ၊ တာဝန်ရှိသူများကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် ဖော်ထုတ်အရေးယူရန် တာဝန်ရှိသည်။

ထို့အပြင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး၏ နစ်နာမှုများ (လစာ၊ ရာထူး၊ လုပ်သက်) ကို ပြန်လည် ကုစားပေးရန်လည်း တာဝန်ရှိပါသည်။ သို့မှသာ၊ ပညာရေးဝန်ကြီးဌာန၏ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း လေးနက်စွာ တောင်းဆိုခြင်းဖြင့် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

 

No comments:

Post a Comment