ဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် ၂ဝ၁၄ခုနှစ်အတွင်း အပ်နှံခွင့် ပြုတော့မည်

နေပြည်တော်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံရှိ စက်မှုဇုန်များက ထုတ်လုပ်ထားသည့်
ဂျစ်ကားများနှင့် လိုက်ထရပ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်
ပုံစံအတိုင်း ၂ဝ၁၄ ခုနှစ်အတွင်း လက်ခံသွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးချန်မောင်က ဇွန်လ ၁ဝရက်က ပြည်သူ့လွှတ်တော်တွင်
ဖြေကြားလိုက်သည်။
"စက်မှုဇုန်များမှ ထုတ်လုပ်ပြီး အရည်အသွေး နိမ့်ကျတဲ့ မော်တော်ယာဉ်များအတွက်
ပိုင်ရှင်ရဲ့ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးမှာ ထည့်သွင်းဆောင်ရွက်
ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်
ညှိနှိုင်းလျက်ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်အတွင်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်
ဖြစ်တယ်” ဒုတိယဝန်ကြီး ဦးချန်မောင်ကပြောသည်။
လက်ရှိ စက်မှုဇုန်ထုတ်ကားများသည် နိုင်ငံခြားမှ ယာဉ်အိုယာဉ်ဟောင်းများ၏
အင်ဂျင်များကို ဖြုတ်ကာ ပြန်လည်အသုံးပြုထားခြင်း ဖြစ်ပြီး သက်တမ်းမှာလည်း
ဆယ်နှစ်ခန့် ရှိပြီဖြစ်၍ အရည်အသွေးမမီတော့သဖြင့်
နိုင်ငံခြားဖြစ်ကားများဖြင့် လဲလှည်ခွင့်ရရှိရန်
ယာဉ်အိုယာဉ်ဟောင်းစနစ်ရှိမရှိ မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ဒု-ဝန်ကြီးက
ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေကို စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီက
စံချိန်စံနှုန်းသတ်မှတ်ချက် ခွင့်ပြုချက်များဖြင့် သက်ဆိုင်ရာ
တိုင်းနှင့်ပြည်နယ်ရှိ စက်မှုဇုန်များရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့်
စစ်ဆေးပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Farmar Auto ကားရောင်းဝယ်ရေးကုမ္ပဏီမှ အရာရှိ ဒေါက်တာစိုးထွန်းက
"အလွန်ကောင်းပါတယ်။ ဇုန်ထုတ်ကားတွေကို အပ်နှံခွင့်ပေးသွားရင်
စလစ်ဈေးတွေလည်း ကျသွားနိုင်တယ်။”ဟု မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် စလစ်ဈေးနှုန်းသိန်း ၁၁ဝ ကျပ်ဝန်းကျင်အထိ ဈေးပေါက်လျက်ရှိပြီး
ဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုသွားလျှင် စလစ်ဈေးနှုန်း သိန်း ၅ဝ
ကျပ်ဝန်းကျင်အထိ ပြန်လည်ကျသွားနိုင်သည်ဟု
ဒေါက်တော်စိုးထွန်းခန့်မှန်းပြောဆိုလိုက်သည်။
ပြည်တွင်းထုတ် စက်မှုဇုန်ကားများကို စက်မှုဝန်ကြီးဌာနနှင့်
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများက ပူပေါင်ကာ ယာဉ်များ
စစ်ဆေးပြီး မှတ်ပုံတင်များ ထုတ်ပေးလျက်ရှိသည်။ ဇုန်ထုတ်ကားများကို ၂ဝ၁၄
ခုနှစ် မေလကုန်အထိ ဆယ်စုနှစ်ကျော်အတွင်း ယာဉ်စုစုပေါင်း ၉၈ဝ,၃၃၄စီး
ထုတ်ပေးပြီးဖြစ်သည်။
အပ်နှံခွင့်ပြုသွားမည့် ယာဉ်အမျိုးအစားအဖြစ် ဂျစ်ကားများ၊
လိုက်ထရပ်ကားများ၊ လူနာတင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မီးသတ်ယာဉ်များ၊
ခရီးသည်ယာဉ်များ ဖြစ်ပြီး ထုတ်လုပ်ခွင့်ကိုလည်း ဆက်လက်ပြီး
ခွင့်ပြုပေးလျက်ရှိသည်ဟု ဒုတိယဝန်ကြီးကဆိုသည်။
စက်မှုဇုန်ထုတ်ယာဉ်များသည် ၂ဝဝ၁ ခုနှစ်က စတင်ထုက်လုပ်ခဲ့သည့်အတွက်
မှတ်ပုံတင်သက်တမ်း ဆယ်နှစ်ကျော်သာရှိသည်။ လက်ရှိယာဉ်အိုယာဉ်ဟောင်းများ
ဖျက်သိမ်းရန်အတွက် မှတ်ပုံတင် သတ်တမ်း နှစ်နှစ်ဆယ်မှ နှစ်လေးဆယ်အထိ ရှိသော
ယာဉ်များကို ခွင့်ပြုပေးလျက်ရှိသည်။
မောင်သင်တုန်း
No comments:
Post a Comment