Friday, June 13, 2014

ကားပေါ်တက်ဆန္ဒပြသည်ဆိုသောအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူဟု ယာဉ်ထိန်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်


ရန်ကုန်- ယမန်နေ့က ပြည်လမ်းအေဒီမီးပွိုင့်တွင်ကားများပိတ်ဆို့နေစဉ် ကားတစ်စီးခေါင်မိုးပေါ်သို့တက်ကာ ဆန္ဒပြသည်ဆိုသောအမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး ကားများပိတ်ဆို့နေစဉ် ယင်းအမျိုးသမီးသည် သူကိုယ်တိုင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကိုမရမ်းကုန်းမြို့နယ်ပြည်လမ်းမပေါ် အေဒီမီးပွိုင့်ထိပ် တွင်ရပ်ကာ လမ်းပိတ်ရပ်ထားခဲ့ကြောင်း၊ ထို့အပြင် အခြားယာဉ်များ၏ဝိုက်ဘာအားဆွဲလှန်ခြင်း၊ ကားတံခါးများအား လက်ဖြင့်ပုတ်ခြင်းများပြုလုပ်ခဲ့ပြီး မီးနီတွင်ရပ်နေသည့် အနက်ရောင်ယာဉ်ပေါ် သို့တက်ခြင်း၊ ယာဉ်အတွင်းသို့ တံခါးဆွဲဖွင့်ဝင်ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးကို မရမ်းကုန်းရဲစခန်းသို့ခေါ်ယူစစ်ဆေးရာ စကားပြောဆိုခြင်းမရှိ၍ ၎င်း၏ဖခင်အားခေါ်ယူမေးမြန်းရာတွင် လှိုင်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး စိတ်ကြွ/စိတ်ကျရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သူမ၏ဆရာဝန်နှင့် ဖခင်တို့၏ပြောကြားချက်များကိုကိုးကားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မိုးရေထဲတွင် ကားခေါင်မိုးပေါ်၌တက်ရောက်နေထိုင်သည့်ယင်းအမျိုးသမီး၏ဓာတ်ပုံများသည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုသူများအကြား ဇွန်လ ၁၂ ရက်တွင်ရေပန်းအစားဆုံးပုံဖြစ်ခဲ့ သည်။ ၎င်းကို ယာဉ်ကြောပိတ်သောကြောင့် ဆန္ဒပြသောသူဟု အများစုကယူဆခဲ့ကြသည်။

 

No comments:

Post a Comment