တောင်ငူတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ
ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့တွင် တောင်ငူခရိုင်
ခြောက်မြို့နယ်မှ ဒေသခံ ပြည်သူများနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က
ပြောကြားသည်။
“အဖွဲ့ချုပ် ဥက္ကဋ္ဌ တောင်ငူကို လာမှာ သေချာပါတယ်။ ဘယ်သူတွေ ပါမလဲနဲ့
ဘယ်နေရာမှာ လုပ်ဖြစ်မယ် ဆိုတာကတော့ မသိသေးဘူး။ ပါတီဗဟိုက သူတွေ
သွားရောက်ညှိနှိုင်းပြီးမှ သိရမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများအဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ
ဖြစ်ကြသော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီး (ပွင့်လင်းလူ့အဖွဲ့အစည်း)
တို့ ပူးပေါင်း ပါဝင်သော ဟောပြောပွဲများကို မေလ နောက်ဆုံး အပတ်မှ စတင်ကာ
မြို့ကြီးအချို့တွင် ကျင်းပခဲ့ကြပြီး မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော
မြို့ကြီးများတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူထုကို
အသိပေး ဟောပြော ဆွေးနွေးခဲ့သည်။
“တောင်ငူကို ဗဟိုက ဦးဝင်းထိန်နဲ့အဖွဲ့ အခုလ ၁၅ ရက်နေ့မှာ လာမယ်။ ၄၃၆
ပြင်ဆင်ရေး ဆွေးနွေးပွဲ လုပ်ဖြစ် မလုပ်ဖြစ် မပြောတတ်သေးပါဘူး။
လုပ်ဖြစ်မယ်ဆိုရင် ဘယ်နေရာမှာ လုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်ဖြစ်မလဲ ဆိုတာ
ဦးဝင်းထိန်နဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ သတင်းထုတ်ပြန်နိုင်ပါမယ်” ဟု
တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး
တာဝန်ခံ ဦးသီဟန်စိုးက ဆိုသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်ငူကို နောက်ဆုံး လာရောက်ခဲ့သည်မှာ
ကြားဖြတ်ရွေးကောက်ပွဲ မစမီ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ဖြစ်ပြီး ယခုအကြိမ်
လာရောက်ပါလျှင် ဒုတိယအကြိမ် လာရောက်သည်ဟု ပြောနိုင်ပြီး အခြေခံဥပဒေ ပုဒ်မ
၄၃၆ နှင့် ပတ်သက်ပြီး ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်သူလူထု နားလည်အောင်
ဟောပြော ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း တောင်ငူမြို့ခံ အသက် ၄၁
နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
တောင်ငူမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောဆွေးနွေးပွဲနှင့် ပတ်သက်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
(ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့ ထုတ်ပြန် ပြောဆိုခြင်း မရှိသေး၍ အဖွဲ့မှ
မည်သူ လိုက်ပါ ဟောပြောမည်ကို မပြောတတ်ကြောင်း အဆိုပါ ရုံးအဖွဲ့မှူး
ကိုဉာဏ်လင်းက ပြောကြားသည်။
ပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏
သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ ထက်ဝက်ကျော်၏
ဆန္ဒမဲဖြင့် ပြင်ဆင်ရန် ဆိုသော ပြဋ္ဌာန်းချက်ကို အစားထိုး ပြင်ဆင်လိုကြောင်း
NLD ပါတီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏
ဖိတ်ကြားချက်အရ ဇွန်လ ၁၃ ရက်နေ့၌ နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး
နီပေါနိုင်ငံသမ္မတ Mr. Subash Chandra Nembang နှင့် ဝန်ကြီးချုပ် အပါအဝင်
အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်
ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။
The Voice Weekly
No comments:
Post a Comment