SB က သတင်းဌာနများကို ခေါ်ယူမေးမြန်းမှုအပေါ် ကန့်ကွက် လက်မှတ်များ စာနယ်ဇင်းကောင်စီ ကောက်ခံမည်
သတင်းဌာနများသို့ အထူးရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းနေမှုများနှင့် ပတ်သက်၍
သတင်းမီဒီယာသမားများထံမှ ကန့်ကွက်ကြောင်း လက်မှတ်များကို
စာနယ်ဇင်းကောင်စီမှ စုဆောင်းပြီး လွှတ်တော်သို့ တင်ပြသွားမည်ဟု
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက
မဇ္ဈိမကို ပြောသည်။
“ လက်မှတ်ကောက်ယူဖို့ အစီအစဉ်ရှိပေမယ့် သတင်းတပ်ဖွဲ့က အထက်ကို တင်ပြထားပါတယ်။ ခဏ ဆိုင်းထားပေးပါဦး ဆိုလို့ပါ။ လာမယ့် တနလာင်္နေ့(ဇူလိုင် ၇ရက်)အထိမှ တစ်စုံတစ်ရာ ထူးခြားမှုမရှိရင် လက်မှတ်တွေ စတင်ကောက်ခံတော့မှာပါ”ဟု ဦးကျော်မင်းဆွေက ဆိုသည်။
ဇူလိုင်လ ၇ ရက်မှ စတင်ကာ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများမှ တစ်ဆင့်ကန့်ကွက်ကြောင်း လက်မှတ်များကို စတင် ကောက်ယူသွားမည် ဖြစ်သည်။
လက်မှတ်ကောက်ယူမှု ကာလကို သတ်မှတ်ထားခြင်းမရှိဘဲ လွှတ်တော်တင်ရန် လုံလောက်သည့် လက်မှတ်အရေအတွက် ရရှိချိန်အထိ ကောက်ယူ စုဆောင်းသွားမည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “ကျွန်တော်တို့ ကွန်ရက်ကနေ ကောင်စီကို တိုက်တွန်းထားတာရှိပါတယ်။ ဒီကိစ္စကို သတင်းစာအဖွဲ့အစည်းတွေနဲ့ မီဒီယာနဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စုံတစ်ရာ ဆောင်ရွက်သင့်ပါတယ် ”ဟုပြောသည်။
သတင်းတပ်ဖွဲ့မှ မီဒီယာသတင်းဌာနများကို ခေါ်ယူမေးမြန်မှုများနှင့် ပတ်သက်၍ မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်း၊ စစ်အစိုးရလက်ထက်ကဲ့သို့ အာဏာရှင်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။
အဆိုပါ သတင်းဌာနများကို ခေါ်ယူစုံစမ်းမှုများကြောင့် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)က ဇွန်လ ၂၅ရက် ရက်စွဲဖြင့်လည်းကောင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်က ဇွန်လ ၃ဝ ရက် ရက်စွဲ ဖြင့်လည်းကောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က ဇူလိုင်လ ၃ဝ ရက်က အဆိုပါဖြစ်ရပ်များသည် သတင်းမီဒီယားများအပေါ် အာဏာရှင်ကဲ့သို့ ပြုမှုဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
Written by ယုဝေ--မဇ္ဈိမ
No comments:
Post a Comment