ကိုးရက်အတွင်း သုံးကြိမ်မြောက်ငလျင် တာချီလိတ်အနီး လှုပ်ခတ်
မြန်မာပြည်တွင်းကို
ဗဟိုပြု၍ ကိုးရက်အတွင်း သုံးကြိမ်မြောက် ငလျင်လှုပ်ရှားမှုအဖြစ်
တာချီလိတ်မြို့အနီးတွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အ ဆင့်ရှိ ငလျင်တစ်ခု
ဇွန်လ ၉ ရက် ညက လှုပ်သွားကြောင်း မိုး/ဇလ ဌာန မြေငလျင်ဌာနခွဲမှ
သတင်းရရှိသည်။
ဇွန်လ ၉ ရက် ည ၇ နာရီ ၃၁ မိနစ်က လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်သည်ကို တာချီလိတ်၊ မိုင်းဖြတ်နှင့် တာလေမြို့များပါ ခံစားလိုက်ရသော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးများမှ သတင်း ရရှိသည်။
‘‘ဆယ်စက္ကန့်လောက်တော့ ကြာမယ်ထင်တယ်။ နှစ်ချက်ဆင့်လှုပ်သွားတာ။ ပထမတစ်ချက်က ဖြည်းဖြည်းလေး။ နောက်တစ်ချက်က ပြင်းတယ်’’ဟု တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်စိုးက ပြောကြားသည်။
ငလျင်ကြောင့် နေအိမ်များ သိသိသာသာ လှုပ်ယမ်းသွားခဲ့ပြီး နောက်တစ်ကြိမ်လှုပ်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၇ အ ဆင့်ဖြင့် ငလျင်ဒဏ်ခံခဲ့ရဖူးသည့် တာလေမြို့မှ ကိုစိုင်းလင်းက ပြောသည်။
မိုး/ဇလဌာန မြေငလျင်ဌာနခွဲက မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ တာချီလိတ်မြို့၏ မြောက်-အနောက်မြောက်ဘက် ၅ မိုင်ခန့်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဇွန်လ ၁ ရက်မှ ၉ ရက်အထိ မြန်မာပြည်တွင်းကို ဗဟိုပြု၍ ငလျင်သုံးကြိမ်အထိ လှုပ်ခဲ့ပြီးဖြစ်ကာ ဇွန်လ ၁ ရက်က တွံတေးမြို့ အနီး ပြင်းအားရစ်ခ်ျတာစကေး ၄ ဒသမ ၇ ဖြင့် လှုပ်ခဲ့သည်။ ဇွန်လ ၈ ရက်တွင် နေပြည်တော် လယ်ဝေးမြို့အနီး ရစ်ခ်ျတာစကေး ၃ ဒသမ ၃ အဆင့်ဖြင့် လှုပ်ခဲ့ခြင်း ဖြစ်သည်။
လယ်ဝေးမြို့အနီး လှုပ်ခဲ့သည့် ငလျင်ကို အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုရက်ပိုင်းအတွင်း မြန်မာ ပြည်တွင်းသာမက နယ်စပ်ဒေသများတွင်ပါ ငလျင်မကြာခဏလှုပ်နေ၍ သတိပြုရန် လိုအပ်နေကြောင်း ဘူမိဗေဒနှင့် ငလျင်ပညာရှင်များက သတိပေးထားသည်။

No comments:
Post a Comment